သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ 

သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ 
Published 16 March 2023

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့သည် မတ် ၁၄ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

မတ် ၁၄ ရက် နေပြည်တော် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဆက်ဆံရေးကောင်းမွန်ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရထား၊ ရေကြောင်း၊ လေကြောင်း စသောပို့ဆောင်ရေး ကဏ္ဍများနှင့် ဆက်သွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာကောင်းများ၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းများတိုးချဲ့ ပျံသန်းရေးကိစ္စရပ်များ၊ လျှပ်စစ်ရထား၊ လျှပ်စစ်မော်တော်ယာဉ်များ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ကိစ္စရပ်များ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ကျွမ်းကျင်သူပညာရှင်များအကြား အပြန်အလှန်ဆွေးနွေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ယင်းနေ့၌ပင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင် ရွက်နိုင်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ သဘာဝမြေဩဇာထုတ်လုပ်ရေးလုပ်ငန်းများ၊ သမဝါယမစနစ်ဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံ အဆောက်အအုံများနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား လက်တွေ့ဆောင်ရွက်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

  

ထို့အတူ နေပြည်တော် ရုံးအမှတ်(၂၈) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. SHATIROV Alexander Sergeevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ကြသည်။ 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဓာတ်သတ္တုလုပ်ငန်းများ စနစ်တကျစီမံခန့်ခွဲနိုင်ရေးအတွက် လိုအပ်သော နည်းပညာသတင်းအချက်အလက် စုဆောင်းရယူခြင်း၊ ကျွမ်းကျင်မှုကိစ္စရပ်များနှင့် စက္ကူပျော့ဖတ် စက်ရုံတည်ထောင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent