ယူကရိန်း၏ အခြေခံအဆောက်အအုံ များအပေါ် ရုရှား၏ နောက်ဆုံးအကြိမ် ဒုံးကျည်တိုက်ခိုက်မှုများသည် မကြာသေးမီလ များအတွင်း အကြီးမားဆုံးတိုက်ခိုက်မှုများ ထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
မတ် ၉ ရက်က ရုရှားသည် ယူကရိန်း ၏ လေကြောင်းကာကွယ်ရေးကို ကျော်လွန် နိုင်ရန်နှင့် ယူကရိန်း၏ စွမ်းအင်စနစ်ကို အ ကြီးအကျယ်ထိခိုက်ပျက်စီးစေရန် ကြီးမား သည့် အားထုတ်ကြိုးပမ်းမှုအဖြစ် ဒုံးကျည် အစင်း ၈၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သည်။
ယူကရိန်းကို စိတ်ဓာတ်ကျဆင်းစေရန် နှင့် ရုရှား၏ တောင်းဆိုမှုများကို ယူကရိန်းအ စိုးရက လိုက်လျောစေရန် ကြိုးပမ်းမှုအဖြစ် ပြီးခဲ့သည့်အောက်တိုဘာလကတည်းက ရု ရှားသည် အလားတူတိုက်ခိုက်မှုများကို ပုံမှန် ပြုလုပ်လာခဲ့သည်။
သို့သော် မတ် ၉ ရက်က တိုက်ခိုက်မှုတွင် ရုရှား၏ လက်နက်တိုက်အတွင်း ခေတ်အမီ ဆုံးလက်နက်များဖြစ်သည့် အသံထက်မြန် သည့် ဟိုက်ပါဆိုးနစ်ဒုံးကျည် အများအပြား ပါဝင်ခဲ့သဖြင့် ယခင်တိုက်ခိုက်မှုများနှင့် ကွဲ ပြားခြားနားခဲ့သည်။
သို့သော်လည်း ယခင်တိုက်ခိုက်မှုများ နှင့် တူညီသည့်အချက်မှာ ယူကရိန်း၏ စွမ်း အင်ကွန်ရက်ကို ဆိုးရွားစွာ ထိခိုက်စေခဲ့ခြင်း မရှိခြင်းဖြစ်သည်။ ယူကရိန်း၏ ပြုပြင်ထိန်း သိမ်းရေးဝန်ထမ်းများသည် ဒေသအများစု တွင် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုများကို အလျင်အမြန်ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။
မတ် ၉ ရက်က ရုရှား၏ ဒုံးကျည်တိုက် ခိုက်မှုတွင်ပါဝင်သည့်လက်နက်များကို လေ့ လာကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
ယူကရိန်းနဲ့ ရုရှား ဘာတွေပြောခဲ့လဲ
ယူကရိန်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဇာလူဇနီကမူ မတ် ၉ ရက် နံနက်အစောပိုင်းက ရုရှားသည် အီရန်လုပ် Shahed ဖောက်ခွဲရေးဒရုန်း ရှစ်စင်းအပါအ ဝင် ဒုံးကျည် ၈၁ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးတပ် က ဒုံးကျည် ၃၄ စင်းနှင့် ဒရုန်း လေးစင်းကို ပစ်ချနိုင်ခဲ့သည်ဟု ဆိုသည်။
ယင်းဒုံးကျည်များအနက် ရုရှား၏လက်နက်တိုက်အတွင်း ခေတ်အမီဆုံးလက်နက် များဖြစ်သည့် Kinzhal ဟိုက်ပါဆိုးနစ် ဒုံး ကျည်ခြောက်စင်းပါဝင်ခဲ့သည်ဟု ဇာလူဇနီ က ဆိုသည်။
ယူကရိန်းလေတပ်၏ ပြောရေးဆိုခွင့်ရှိ သူ ယူရီ အီနက်ကလည်း မတ် ၉ ရက်က တိုက် ခိုက်မှုတွင်ပါဝင်ခဲ့သည့် Kinzhal ဒုံးကျည် များနှင့် သက်တမ်းရင့် Kh-22 ဒုံးကျည်များကိုကြားဖြတ်ပစ်ချနိုင်သည့်လက်နက်များ ယူက ရိန်းတွင် မရှိကြောင်း အလေးထားပြောဆိုခဲ့ သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ ယင်းတိုက်ခိုက်မှုသည် မကြာသေးမီက ရုရှား အနောက်ပိုင်းရှိ ဘယန့်စ်ဒေသမှ ကျေးရွာ နှစ်ရွာကို ယူကရိန်းအဖျက်သမားများက နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်ခဲ့သည့်ဖြစ် စဉ်အတွက် လက်တုံ့ပြန်သည့် “ဒဏ်ခတ် သည့် တိုက်ခိုက်မှု”တစ်ခုဖြစ်သည်ဟု သုံးနှုန်း ဖော်ပြခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များနှင့် အတူယှဉ်တွဲ ပြီး တိုက်ပွဲဝင်နေသည့် ရုရှားပြည်ပြေးအဖွဲ့ တစ်ဖွဲ့က ယင်းကျေးရွာနှစ်ရွာတွင် ဖြစ်ပွားခဲ့ သည့် တိုက်ခိုက်မှုများကို ၎င်းင်းတို့လုပ်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။ ယူက ရိန်းကမူ ယင်းရုရှားပြည်ပြေးအဖွဲ့သည် ၎င်းင်း တို့နှင့်ပတ်သက်ခြင်းမရှိဟု ငြင်းဆိုထားသည်။
ရုရှားအစိုးရကမူ မတ် ၉ ရက်က တိုက် ခိုက်မှုတွင် ဒုံးကျည်မည်မျှပစ်ခတ်ခဲ့သည်ဆို ခြင်းကို ပြောကြားခဲ့ခြင်းမရှိသော်လည်း ယင်း ဒုံးကျည်များသည် ရည်ရွယ်ထားသည့် ပစ် မှတ်များကို ထိမှန်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
မတူကွဲပြားသည့် တိုက်ခိုက်မှု
မတ် ၉ ရက်က တိုက်ခိုက်မှုတွင် Kinzhal ဒုံးကျည်အများအပြားအသုံးပြုခဲ့မှုသည် ယင်း ဒုံးကျည်အမျိုးအစား နှစ်စင်းကျော်ထက် ပိုမို ပါဝင်ခဲ့ခြင်းမရှိသည့် ယခင်တိုက်ခိုက်မှုများ နှင့်နှိုင်းယှဉ်ပါက ဒုံးကျည်အရေအတွက်သည် သိသာထင်ရှားစွာ မြင့်တက်ခဲ့သည်ဟု စစ် ရေးကျွမ်းကျင်သူများက ပြောကြားသည်။
Kinzhal ဒုံးကျည်သည် ရုရှား၏ ခေတ် အမီဆုံးနှင့် နောက်ဆုံးပေါ် လက်နက်များထဲ တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဝေဟင်မှပစ် လွှတ်ရသည့် ယင်းပဲ့ထိန်းဒုံးကျည်သည် ကီလို မီတာ ၂၀၀၀ (မိုင် ၁၂၅၀) အကွာအဝေးအ ထိ ပစ်ခတ်နိုင်ပြီး အသံထက် ၁၀ ဆခန့် ပိုမို လျှင်မြန်ကာ ကြားဖြတ်ပစ်ချနိုင်ရန် ခက်ခဲ သည်ဟု ရုရှားစစ်တပ်က ပြောကြားခဲ့သည်။
ယင်းအမြန်နှုန်းအပြင် အလွန်ကြီးမား သည် ဒုံးကျည်ထိပ်ဖူးတပ်ဆင်နိုင်သည့် Kinzhal ဒုံးကျည်သည် မြေအောက်ဘန်ကာ များ သို့မဟုတ် တောင်အောက်တွင် ဖောက် ထားသည့် ဥမင်လှိုဏ်ခေါင်းများကဲ့သို့ ခိုင်မာ စွာကာရံထားသည့် ခံတပ်ကြီးများကို ဖျက်ဆီး နိုင်စွမ်းရှိသည်ဟု ဆိုသည်။
ရုရှားသည် ယူကရိန်းစစ်ပွဲ အစောပိုင်း နေ့ရက်များကတည်းက Kinzhal ဒုံးကျည် များကို အသုံးပြုခဲ့သော်လည်း ယင်းဒုံးကျည် များသည် အလွန်တန်ဖိုးကြီးမားသဖြင့် ချွေ တာစွာအသုံးပြုခဲ့ပြီး ဦးစားပေးပစ်မှတ်များ ကိုသာ ပစ်ခတ်ခဲ့ခြင်းကြောင့် ရုရှားတွင် ုငညဖ့ေူ ဒုံးကျည်အရေအတွက် များများစား စားမရှိသည့်အခြေအနေကို ထင်ဟပ်စေခဲ့ သည်။
ရုရှား၏ တိုက်ခိုက်မှုများတွင် ပစ်မှတ်ကို တိကျစွာ ထိမှန်မှုနှင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို ရှင်းလင်းစွာမသိရသေးဘဲ ယူကရိန်း အာဏာပိုင်များကလည်း အနာဂတ်တွင် ယင်းကဲ့သို့ တိုက်ခိုက်မှုများအတွက် ရုရှားကို သဲလွန်စရစေနိုင်မည့် ထိခိုက်ပျက်စီးမှုအခြေ အနေကို လျှို့ဝှက်ထားခဲ့သည်။
ထို့ပြင် ရုရှားက အသုံးပြုခဲ့သည့် မည် သည့်ဒုံးကျည်များက ယူကရိန်း၏ မည်သည့် ပစ်မှတ်များကို ထိမှန်ခဲ့သည်ဆိုသည့်အချက် ကိုလည်း ရှင်းလင်းစွာမသိရဘဲ အနောက် နိုင်ငံများမှ အရာရှိများနှင့် စစ်ရေးကျွမ်းကျင် သူများကမူ ရုရှားသည် လက်နက်ထုတ်လုပ် မှုအပိုင်း နှေးကွေးနေမှုနှင့်အတူ နောက်ဆုံး ပေါ် လက်နက်များ ပြတ်လပ်မှုအခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ပြောကြားခဲ့သည်။
ရုရှားသည် ဒုံးကျည်တိုက်ခိုက်မှုများပြု လုပ်သည့် တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အ ချိန်ကွာဟမှု ပိုမိုများပြားလာသဖြင့် ယူကရိန်း ၏ လေကြောင်းကာကွယ်ရေးကို ကျော်လွန် နိုင်ရန် လိုအပ်သည့် ကြီးမားသည့်တိုက်ခိုက် မှုမပြုလုပ်မီအချိန်တွင် ဒုံးကျည်အသစ်များကို အများအပြားထုတ်လုပ်ရန် လိုအပ်နေသည် ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော ကြားခဲ့သည်။
လက်ရှိတွင် Kinzhal ဒုံးကျည်များကို M-31 တိုက်လေယာဉ်များတွင် တပ်ဆင် ပစ်ခတ်ခြင်းဖြစ်ပြီး ယင်းလေယာဉ်အချို့မှာ ဘီလာရုစ်တွင် တပ်စွဲထားသည်။ ရုရှားသည် ၎င်း၏မဟာမိတ် ဘီလာရုစ်၏နယ်နိမိတ်ကို အသုံးပြုပြီး ယူကရိန်းစစ်ပွဲအတွက် မြေပြင် စစ်ဆင်ရေးများ လုပ်ဆောင်ရန်နှင့် စစ်သား များ၊ လက်နက်များ ဖြန့်ကြက်သည့်နေရာ တစ်ခုအဖြစ် အသုံးပြုနေသည်။
ဘယ်လက်နက်တွေကို ရုရှားက အသုံးပြုခဲ့လဲ
မတ် ၉ ရက်တိုက်ခိုက်မှုတွင် Tu-22 M ဗုံးကြဲလေယာဉ်များဖြင့် ပစ်ခတ်ရသည့် အ သံထက် သုံးဆကျော် ပိုမိုမြန်ဆန်သည့် Tu-22 M ဒုံးကျည် ခြောက်စင်းလည်း ပါဝင်ခဲ့သည်ဟုယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။
အရွယ်အစားကြီးမားသည့် ယင်း Tu-22 ဒုံးကျည်များသည် အကွာအဝေး ၆၀၀ ကီလိုမီတာ (မိုင် ၃၇၀) အထိ ပစ်ခတ်ရောက် ရှိနိုင်ပြီး အမေရိကန်လေယာဉ်တင်သင်္ဘော များနှင့် အခြားစစ်သင်္ဘောများကိုကို တိုက် ခိုက်ရန်ရည်ရွယ်ချက်ဖြင့် ၁၉၇၀ ပြည့်နှစ် များတွင် ဆိုဗီယက်ယူနီယံက ထုတ်လုပ်ခဲ့ သည့် ဒုံးကျည်များဖြစ်သည်။
ဟိုက်ပါဆိုးနစ်ဒုံးကျည်များထက် အမြန်နှုန်းလျော့နည်းသည့် စူပါဆိုးနစ်ဒုံးကျည် အမျိုးအစားဖြစ်သည့် ယင်း Tu-22 ဒုံးကျည် သည် ဖောက်ခွဲပစ္စည်းအလေးချိန် ၆၃၀ ကီလို ဂရမ် (ပေါင် ၁၄၀၀ နီးပါး) ကို တင်ဆောင်နိုင် သော်လည်း ခေတ်မမီတော့သည့် ပဲ့ထိန်းစနစ် ကြောင့် မြေပြင်ပစ်မှတ်များကို ထိမှန်စွာပစ် ခတ်နိုင်သည့် တိကျမှုအပိုင်းတွင် အားနည်း ပြီး မလိုလားအပ်သည့် ထိခိုက်မှုများကို ဖြစ် စေနိုင်သည်။
ယခင်တိုက်ခိုက်မှုများကဲ့သို့ ရုရှားသည် မတ် ၉ ရက်က တိုက်ခိုက်မှုတွင် မဟာဗျူဟာ မြောက် ဗုံးကြဲလေယာဉ်များဖြင့် ပစ်ခတ်ရ သည့် Kh 101 ခရုဇ်ဒုံးကျည်များနှင့် စစ်သင်္ဘောများမှ ပစ်ခတ်ရသည့် kalibr ခရုဇ်ဒုံး ကျည်များကို အသုံးပြုပစ်ခတ်ခဲ့သည်။ တာ ဝေးပျံသန်းနိုင်ပြီး ပစ်မှတ်တိကျသည့် ယင်း ဒုံးကျည်များသည် အသံထက်မြန်သည့် ဒုံး ကျည်များမဟုတ်သဖြင့် ယူကရိန်းစစ်တပ်က ယင်းဒုံးကျည်များကို အောင်မြင်စွာ ပစ်ချနိုင် ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ရုရှားသည် မြေပြင်ပစ်မှတ်များ ကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ှ-၃၀၀ လေကြောင်းကာကွယ်ရေးဒုံးကျည်များကိုလည်း အသုံးပြုခဲ့သည်ဟု ဆိုသည်။ အရွယ်အ စားသေးငယ်သည့် ထိပ်ဖူးများကိုတပ်ဆင် ပစ်ခတ်ရသည့် ယင်းဒုံးကျည်များကို ရုရှားက အများအပြား ပိုင်ဆိုင်ထားဖွယ်ရှိပြီး ယင်း ဒုံးကျည်များကိုလည်း ယူကရိန်းက ပစ်ချ နိုင်ခြင်း မရှိပေ။
ရုရှားသည် တိုက်လေယာဉ်များတွင် တပ်ဆင်ပြီး ပစ်ခတ်ရသည့် တာတိုပစ် ဒုံး ကျည်များနှင့် အီရန်လုပ် ဖောက်ခွဲရေး ဒရုန်း များကိုလည်း အသုံးပြုခဲ့သည်ဟု ဆိုသည်။ ယူကရိန်းအရာရှိများကမူ ၎င်းင်းတို့စစ်တပ် သည် ယင်းလက်နက်များကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပြီး တိုက်ခိုက်မှုတစ်ကြိမ်ချင်းစီတွင် ဒရုန်းအများအပြားကို ပစ်ချနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဒုံးကျည်အမျိုးအစားအများ အပြားနှင့် ဒရုန်းများကို တိုက်ခိုက်မှုတစ် ကြိမ်တည်းတွင် အသုံးပြုခြင်းသည် ရုရှားအ နေဖြင့် ယူကရိန်းလေကြောင်းကာကွယ်ရေး ကို လွှမ်းမိုးအောင်နိုင်ရန် ကြိုးပမ်းခြင်းဖြစ် သည်ဟု ယူကရိန်းအရာရှိများနှင့် ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
“ပဲ့ထိန်းဒုံးကျည်တွေနဲ့ သမားရိုးကျ ဒုံး ကျည်မျိုးစုံကို ဒရုန်းတွေနဲ့တွဲပြီး တိုက်ခိုက် တာဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်အတွက် ပိုမိုအခက်တွေ့လာစေပါတယ်။ ရုရှားဟာ ယူကရိန်းလေကြောင်းကာကွယ် ရေးစနစ်ရဲ့ ပျော့ကွက်တွေကို ရှာဖွေတွေ့ရှိ ခဲ့ပြီး အနည်းငယ် အသာစီးရခဲ့ပါတယ်”ဟု စစ်ရေးကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ သည်။
Ref: AP










