Photo - CCDAC
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း မတ်လ ၁၀ ရက်က ငွေကျပ် ၂ ဘီလျံ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒဿမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မလွှဲတောင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ရန်ကုန်မြို့မှ မြိတ်မြို့သို့ ဖိုးသဲ မောင်းနှင်ပြီး သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီး တို့လိုက်ပါ လာသော MITSUBISHI FUSO ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ပါ ပလတ်စတစ်ခြင်း ၆ ခြင်းအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ဒဿမ ၃ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
၎င်းတို့၏ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းမိမူးယစ် ဆေးဝါးများကို ရန်ကုန်တိုင်းဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီးသို့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ဖိုးသဲ၊ သန်းထွန်းအောင်(ခ)မဲကြီး၊ ဇာနည်ဦး(ခ)စိန်သူနှင့် မြတ်သူ(ခ)ဘုကြီးတို့အား ကလိန်အောင် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း နှင့် ကွင်းဆက်များအား စုံစမ်းဖေါ်ထုတ်လျှက်ရှိကြောင်း သတင်းရရှိသည်။