လာမည့်ခြောက်လအတွင်း စစ်အုပ်ချုပ်ရေးဒေသ၊ စစ်ဘေးရှောင်ဦးရေနှင့် လက်နက်ကိုင်ပဋိပက္ခ မည်မျှတိုးလာနိုင်သနည်း

လာမည့်ခြောက်လအတွင်း စစ်အုပ်ချုပ်ရေးဒေသ၊ စစ်ဘေးရှောင်ဦးရေနှင့် လက်နက်ကိုင်ပဋိပက္ခ မည်မျှတိုးလာနိုင်သနည်း
ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) ကျင်းပစဉ်
ဇန်နဝါရီ ၃၁ ရက်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၃) ကျင်းပစဉ်
Published 12 March 2023

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နှစ်နှစ်ပြည့်ချိန်၌ နစကအနေဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးက မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၃၃၀ ရှိသည့်အနက် ၁၀၀ ရာခိုင်နှုန်း တည်ငြိမ်အေးချမ်းသည့် မြို့နယ် ၁၉၈ မြို့နယ်ရှိပြီး လုံခြုံရေးအလေးထားဆောင်ရွက်ရမည့် မြို့နယ် ၆၇ မြို့နယ်နှင့် လုံခြုံရေး ထိထိရောက်ရောက် ဆောင်ရွက်ရမည် မြို့နယ် ၆၅ မြို့နယ်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ တစ်နိုင်ငံလုံးတွင် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရမှု ၈၅၂၇ ကြိမ်၊ တိုက်ခိုက်ခံရမှု ၉၆၈၆ ကြိမ်၊ မီးရှို့မှု ၁၂၃၁ ကြိမ် စုစုပေါင်း အကြမ်းဖက်မှု ၁၉၄၄၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကာလအတွင်း အစိုးရ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သား အပါအဝင် စုစုပေါင်း သေဆုံး ၅၄၄၃ ဦးနှင့် ဒဏ်ရာရ ၄၅၇၇ ဦး ရှိခဲ့ကြောင်းနှင့် အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် သံဃာအပါး ၇၀၊ သီလရှင် နှစ်ပါး၊ ပညာရေးဝန်ထမ်း ၆၆ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၅၂ ဦး သေဆုံးမှုများ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဗုံးဖောက်ခွဲမှုအနေဖြင့် ကားလမ်း ၁၀၂၁ ကြိမ်၊ ရထားလမ်း ၆၆ ကြိမ်၊ တံတား ၁၃၇ ကြိမ်၊ လျှပ်စစ်တာဝါတိုင် ၂၃ ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၃၆၅ ကြိမ် ရှိခဲ့ပြီး မီးရှို့ဖျက်ဆီးမှုအနေဖြင့် ကားလမ်း ၅၈ ကြိမ်၊ တံတား ၁၂ ကြိမ်၊ လျှပ်စစ်တာဝါတိုင် နှစ်ကြိမ်နှင့် ဆက်သွယ်ရေးတာဝါတိုင် ၁၃၂ ကြိမ် ရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တိုင်းနှင့်ပြည်နယ် ရှစ်ခုမှ မြို့နယ် ၃၇ မြို့နယ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)၊ (၂/၂၀၂၃)၊ (၃/၂၀၂၃)၊ (၄/ ၂၀၂၃)၊ (၅/၂၀၂၃) နှင့် (၆/၂၀၂၃) တို့ဖြင့် စစ်အုပ်ချုပ်ရေး အပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာခြင်းခံခဲ့ရသည့် မြို့နယ်များမှာ စစ် ကိုင်းတိုင်းမှ ၁၁ မြို့နယ်၊ ချင်းပြည်နယ်မှ ခုနစ်မြို့နယ်၊ ပဲခူးတိုင်းမှ ငါးမြို့နယ်၊ မကွေးတိုင်းမှ ငါးမြို့နယ်၊ ကယားပြည်နယ်မှ လေးမြို့နယ်၊ မွန် ပြည်နယ်မှ တစ်မြို့နယ်၊ ကရင်ပြည်နယ်မှ နှစ်မြို့နယ်နှင့် တနသာင်္ရီတိုင်းမှ နှစ်မြို့နယ်တို့ ဖြစ်ကြသည်။  

အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ပင်လည်ဘူး၊ မြောင်၊ ဆားလင်းကြီး၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ တန့်ဆည်နှင့် ရေဦးမြို့နယ် တို့ကိုလည်းကောင်း၊ ချင်းပြည်နယ်ရှိ တီးတိန်၊ ထွန်းဇံ၊ ဖလမ်း၊ ကန်ပက် လက်၊ မတူပီ၊ ထန်တလန်နှင့် ဟားခါးမြို့နယ်တို့လည်းကောင်း အမိန့်အမှတ် (၁/၂၀၂၃) ဖြင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့အတူ အနောက်မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်နှင့် မြိုင်မြို့နယ်တို့ကို အမိန့်အမှတ် (၂/၂၀၂၃) ဖြင့် အ နောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နှင့် ပေါက်ခေါင်းမြို့နယ်တို့ကို အမိန့် အမှတ် (၃/၂၀၂၃) ဖြင့် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်နှင့် ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ် မြို့နယ်တို့ကို အမိန့်အမှတ် (၄/ ၂၀၂၃) ဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးထံသို့လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/ ၂၀၂၃) ဖြင့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူးထံသို့လည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနှင့် ဘောလခဲမြို့နယ်တို့ကို အမိန့်အမှတ် (၆/၂၀၂၃) ဖြင့် ဒေသ ကွပ်ကဲရေးမှူးထံသို့လည်းကောင်း အသီးသီး စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား အနောက်မြောက် တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်နှင့် အရာတော်မြို့ နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှုများကို ထိထိရောက်ရောက်ကိုင်တွယ ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက် တွင် ပြောကြားသည်။

စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းသည် ပြစ်မှုကျူးလွန်သူများအတွက်သာဖြစ်ပြီး ပြည်သူများကို ကြေညာခြင်းမဟုတ်ကြောင်း၊ လာမည့် ခြောက်လတာကာလအတွင်း အဆိုပါဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆကြောင်း နစကဥက္ကဋ္ဌကဆိုသည်။

တပ်မတော်အနေဖြင့် စစ်ဆင် ရေးအဖြစ် သတ်မှတ်ထားသည့် နယ်မြေများတွင် စစ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းမရှိသည့်နယ်မြေများတွင် အကြမ်းဖက်မှုနှိမ်နင်းရေး လုပ်ငန်းများကို ဥပဒေနှင့်အညီသာ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိန်းသိမ်းရန်ခက်ခဲသည့်နေရာများကိုသာ စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လကလည်း ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ် မေလတွင်လည်း ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ 

ထို့ကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်ပေါင်း ၄၇ မြို့ နယ်ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်း ကိုးခုမှ မြို့နယ် ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် ခြောက်မြို့နယ်၊ ချင်းပြည်နယ်တွင် ရှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၄ မြို့နယ်၊ ပဲခူးတိုင်းတွင် ငါးမြို့နယ်၊ မကွေးတိုင်းတွင် ငါးမြို့နယ်၊ ကယားပြည်နယ်တွင် လေးမြို့နယ်၊ မွန်ပြည်နယ်တွင် တစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် နှစ်မြို့နယ်နှင့် တနသာင်္ရီတိုင်းတွင် နှစ်မြို့နယ်တို့ကို နစကçက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

စစ်အုပ်ချုပ်ရေးကြေညာခြင်း ခံထားရသည့် ပြည်နယ်နှင့်တိုင်း ကိုးခုအနက် စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၄ မြို့နယ်ဖြင့် အများဆုံးကြေညာခံထားရပြီး ချင်းပြည်နယ်က ရှစ်မြို့နယ်ဖြင့် ဒုတိယ၊ ရန်ကုန်တိုင်းက ခြောက်မြို့နယ်ဖြင့် တတိယ အသီးသီးကြေညာခံထားရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း တိုက်ပွဲများနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာရသူ ၁ ဒသမ ၃ သန်းကျော် ရှိလာပြီး နေရပ်စွန့်ခွာရသူဦးရေ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်ရှိ လာပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA Myanmar) က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်နေကြောင်း OCHA Myanmar က ထောက်ပြသည်။

၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း လူဦးရေ ၁၅၄,၀၀၀ ကျော်မှာ ပြည်တွင်း၌ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်စခန်းများနှင့် တောတောင်များထဲတွင် နေထိုင်နေရကြောင်း၊ အထူးသဖြင့် ကချင်ပြည်နယ် အရှေ့တောင်နှင့် အနောက်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ပေးအပ်ရန် နှောင့်နှေးမှုများရှိနေကြောင်း OCHA Myanmar က ဆိုသည်။

၂၀၂၂ ခုနှစ်တွင် လူဦးရေ ၄ ဒသမ ၄ သန်းထံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စံချိန်တင် ပေးအပ်နိုင်ခဲ့သော်လည်း ကဏ္ဍစုံသို့ မရောက်နိုင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေ သုံးပုံ တစ်ပုံနီးပါးမှာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်မည်ဟု ခန့် မှန်းရကြောင်း OCHA Myanmar က ခန့်မှန်းထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူများအနက် မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းတွင် အမြင့်ဆုံးဖြစ်ပြီး လူဦးရေ ၉၁၅,၀၀၀ ရှိကြောင်းနှင့် အရှေ့တောင်ပိုင်းတွင် နေရပ်စွန့်ခွာသူဦးရေ ၃၇၉,၂၀၀ ဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း OCHA Myanmar က ညွှန်းဆိုထားသည်။

တိုက်ပွဲများ၊ မြေမြှုပ်မိုင်းများ၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခြင်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ တောတောင်များနှင့် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေရကြောင်း OCHA Myanmar က သုံးသပ်ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်ဘေးရှောင်ဦးရေ ၁ ဒသမ ၆ သန်း ကျော်ရှိလာသည့်အပြင် တိုင်းနှင့် ပြည်နယ် ကိုးခုက မြို့နယ်ပေါင်း ၄၇ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည့်အတွက် စစ်ဘေးရှောင်အရေအတွက်မှာ ယခုထက် ပိုတိုးလာဖွယ်ရှိပြီး လက်နက်ကိုင်ပဋိပက္ခမှာလည်း ပိုမိုမြင့်မားလာဖွယ်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

ထို့ကြောင့် အရေးပေါ်ကာလ အခြေအနေ သက်တမ်းတိုးထားသည့် နောက်ထပ်ခြောက်လအတွင်း မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဒေသ၊ စစ်ဘေးရှောင်ဦးရေနှင့် လက်နက်ကိုင်ပဋိပက္ခ မည်မျှအထိ တိုးလာမည်ကို ဆက်လက်စောင့် ကြည့်ရမည် ဖြစ်သည်။

Most Read

Most Recent