ယခင်အစိုးရလက်ထက်များတွင် နိုင်ငံခြားချေးငွေများကို အဆက်မပြတ်ရယူခဲ့သဖြင့် ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသေးပြီး နစကတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရကြောင်း နစကဥက္ကဋ္ဌ ပြောကြား 

ယခင်အစိုးရလက်ထက်များတွင် နိုင်ငံခြားချေးငွေများကို အဆက်မပြတ်ရယူခဲ့သဖြင့် ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသေးပြီး နစကတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရကြောင်း နစကဥက္ကဋ္ဌ ပြောကြား 
Published 9 March 2023

ယခင်အစိုးရလက်ထက်များတွင် နိုင်ငံခြားချေးငွေများကို အဆက်မပြတ်ရယူခဲ့သဖြင့် ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသေးပြီး နစကတာဝန်ယူချိန်တွင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ 

မတ် ၇ ရက်က တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခင်အစိုးရလက်ထက်များတွင် နိုင်ငံခြားကုန်သွယ်မှုလိုငွေများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့တာဝန်ယူဆောင်ရွက်ချိန်တွင် ပြန်လည်စိစစ်ဆောင်ရွက်ခဲ့ရာ ပြည်တွင်းထုတ်ကုန်များအားပေးမှုမရှိခြင်းနှင့် ပြည်ပသွင်းကုန်များကို ပိုမိုဆောင်ရွက်ခဲ့ခြင်းကြောင့်ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံခြားချေးငွေများကို အဆက်မပြတ်ရယူခဲ့ပြီး ယခုအချိန်တွင် နိုင်ငံခြားချေးငွေများ ပြန်လည်ပေးဆပ်ရန်ကျန်ရှိနေသေးကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် တတ်နိုင်သမျှ ပြန်လည်ပေးဆပ်နေရကြောင်း ပြောကြားသည်။ 

နိုင်ငံခြားငွေရရှိရန်အတွက် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများနှင့်စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပစ္စည်းများရှိကြောင်း၊ သစ်တောကဲ့သို့သော မြေပေါ်သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲပြီး ပြန်လည်ဖြည့်တင်းစိုက်ပျိုးခြင်းမရှိခြင်းကြောင့် သစ်တောများပြုန်းတီးလာမှုများရှိကြောင်း၊ မြေအောက်သယံဇာတများ ထုတ်ယူသုံးစွဲခြင်းကိုလည်း ကုန်ကြမ်းအဖြစ် ထုတ်လုပ်ခြင်းမဟုတ်ဘဲ ကုန်ချောအဖြစ်ထုတ်လုပ်ခြင်းများကိုသာ ခွင့်ပြုပေးလျက်ရှိကြောင်း၊ မြေပေါ်မြေအောက်သယံဇာတများကို ထုတ်ယူသုံးစွဲခြင်းထက် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။ 

နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ကြရန် အားပေးခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းသည် ခိုင်မာပြီးသေချာမှုရှိသည့် လုပ်ငန်းတစ်ခုပင်ဖြစ်ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မိမိတို့ဒေသမှမဟုတ်ဘဲ အခြားဒေသများမှထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းများ၊ ပြည်ပမှဝယ်ယူရသည့်ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကုန်ထုတ်လုပ်မှုတွင် အကန့်အသတ်ရှိပြီး အခက်အခဲများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ပြောကြားသည်။ 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာကျော်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

Most Read

Most Recent