စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ပြီး သို့မှသာ မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ပြီး သို့မှသာ မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 24 February 2023

စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန် လိုအပ်မည်ဖြစ်ပြီး သို့မှသာ မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသည့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) တွင် အမှာစကားပြောကြားရာ၌ နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ ပါတီအရေအတွက်များပြားသော်လည်း ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရသည့် ပါတီများ နည်းပါးခဲ့သည်ကို တွေ့ရကြောင်း၊ ၎င်းအခြေအနေသည် နိုင်ငံရေးပါတီများအနေဖြင့် ဒေသနှင့် ပြည်သူလူ ထုတို့၏ အမှန်တကယ်လိုလားချက်များကို ဖော်ဆောင်ပေးနိုင်ရန် အားနည်းမှုရှိနေပြီး ပြည်သူများ၏ ယုံကြည်ကိုးစားမှု နည်းပါးသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် ဒေသနှင့် ပြည်သူများ၏ လိုလားချက်များကို အမှန်တကယ်အကောင်အထည် ဖော်ဆောင်ပေးနိုင်သော ပြည်သူကို အမှန်တကယ်ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ ဖြစ်ရန်လိုကြောင်း၊ အလားတူရွေးကောက်ပွဲတွင်ပါဝင်သည့် ပါတီများသည် လွှတ်တော်ထဲတွင် ကိုယ်စားပြုမှုများမှသာ ပြည်သူ၏အသံနှင့် တိုင်းပြည်မှ ဖြစ်စေချင်သည်များကို ပြောခွင့်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ထုတ်ပြန်ခဲ့ကြောင်း၊ ပါတီများတွင် ဦးဆောင်သည့်သူများကိုလည်း ပြည်သူတို့၏ လိုလားချက်၊ လိုအပ်ချက်များကို သိရှိနိုင်ရေး အခွင့်အလမ်းများ ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ လွှတ်တော်တွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ ကိုယ်စားပြုမှု များပြားလာစေရေး PR စနစ်ဖြင့် ကျင့်သုံးမည်ဆိုပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် PR စနစ်ကို ကျင့်သုံးနိုင်ရန်အတွက် သက်ဆိုင်ရာနိုင်ငံရေး ပါတီများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးရာတွင် လက်ခံမှုရှိသည်ကို တွေ့ရကြောင်း၊ နိုင်ငံရေးပါတီများနှင့် ၎င်းတို့ကို ဦးဆောင်မည့်သူများ၏အခြေအနေများကို ပြည်သူများမှ လေ့လာနိုင်ရန်အတွက်လည်း အချိန်တစ်ခုပေးရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

အလားတူ မဲစာရင်းနှင့်ပတ်သက်၍ မဲစာရင်းသည် လူဦးရေနှင့်သန်းခေါင်စာရင်းကို အခြေခံ၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှဆောင်ရွက်သည့် မဲပေးပိုင်ခွင့် ရှိသူစာရင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်သည့်မဲစာရင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် မဲစာရင်းဟူ၍ ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကောက်ယူသည့် လူဦးရေသန်းခေါင်စာရင်းသည် အခြေခံစာရင်းရှိသဖြင့် ပိုမိုတိကျမှန်ကန်နိုင်မည် ဖြစ်ပြီး အနည်းဆုံး ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခြင်းသည် မဖြစ်မနေဆောင်ရွက်သင့်သည့် နိုင်ငံတကာစံနှုန်း တစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ နောက်ဆုံးသန်းခေါင်စာရင်းကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် တွင် ခန့်မှန်းလူဦးရေတွက်ချက်မှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်သဖြင့် ဆယ်နှစ်နီးပါး ကြာမြင့်ပြီဖြစ်သောကြောင့် အချို့သောအချက်များကို ပြန်လည်အတည်ပြုဆောင်ရွက်ရန်လိုအပ်သည်ကိုလည်း ထည့်သွင်းစဉ်းစား ရန်လိုကြောင်း၊ ၂၀၂၀-၂၀၂၁-၂၀၂၂ ခုနှစ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် သွားလာမှုခက်ခဲမှုနှင့် သေဆုံးမှုများ၊ နိုင်ငံ ရေးမတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာသည့်  အကြမ်းဖက်မှုဖြစ်စဉ်များ၊ နိုင်ငံရေးပဋိပက္ခများကြောင့် ကိန်းဂဏန်းအချက်အလက်များသည် တိကျမှန်ကန်မှုရှိရန် အားနည်းချက်များ ရှိမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြား သည်။

ထို့ကြောင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူရန်လိုအပ်မည် ဖြစ်ကြောင်း၊ သို့မှသာ မဲစာရင်းများကို မှန်ကန်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာနှုန်းပြည့်အသင့်ဖြစ်မှု ဖြစ်ရန်အတွက် အချိန်လိုအပ်ချက်ရှိခြင်းကြောင့် မိ မိအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်ယာယီသမ္မတကို တင်ပြ၍ အရေးပေါ်အခြေနေကာလကို ခြောက်လထပ်မံသက်တမ်းတိုးရန် လိုအပ်မှုကို တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တင်ပြခဲ့ချိန်တွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဦးစားပေးဆောင်ရွက်ရန်လိုအပ်လျက်ရှိသည်ကို ယာယီသမ္မတကြီးမှ မေတ္တာရပ်ခံခဲ့ခြင်းကြောင့် အချို့သော မြို့နယ်များကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်၍ တည်ငြိမ်အေးချမ်းရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent