နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးရုံးများ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး Online Booking စနစ်သစ်ဖြင့်လည်း လျှောက်ထားနိုင်မည်

နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးရုံးများ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး Online Booking စနစ်သစ်ဖြင့်လည်း လျှောက်ထားနိုင်မည်
ပုံစာ- ရန်ကုန်မြို့ရှိ Passport ထုတ်ပေးရုံးရှေ့တွင် Passport စာအုပ်ပြုလုပ်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
ပုံစာ- ရန်ကုန်မြို့ရှိ Passport ထုတ်ပေးရုံးရှေ့တွင် Passport စာအုပ်ပြုလုပ်သူများ တန်းစီစောင့်ဆိုင်းနေသည်ကို ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။
Published 22 February 2023

နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးရေးရုံးများ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး Online Booking စနစ်သစ်ဖြင့်လည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံကူးလက်မှတ်များအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ www.passport.gov.mm Website မှ Online Booking စနစ်သစ်ဖြင့် ကိုယ်တိုင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

Online Booking စနစ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)၌သာ ကျင့်သုံးမည်ဖြစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံးခွဲများ၌ ယခင်လျှောက်ထားမှု လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Online Booking ရယူရာတွင် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမည်ဖြစ်ကြောင်း၊ Online Booking လျှောက်ထားရန် အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆက်လက်၍ မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ရန် စီစဉ်ထားရှိပြီး ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းများမပြုရန် အသိပေးနှိုးဆော်ထားသည်။

လက်တလောတွင် Online Booking စနစ်သစ်ဖြင့် လျှောက်ထားနိုင်သည့် www.passport.gov.mm Website ကို ဝင်ရောက်၍ မရသေးကြောင်း Passport အသစ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများထံမှ သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(Passport ရုံး)ကို ဇန်နဝါရီ ၂ ရက်က စတင်၍ ပိတ်ထားခဲ့ပြီး ရုံးလုပ်ငန်းများ၊ Passport စာအုပ် ထုတ်ပေးခြင်း၊ အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်လနီးပါးကြာမြင့်ပြီးမှ ပြန်လည်ဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လက်ရှိ Online Booking စနစ်အားရပ်ဆိုင်းကြောင်းနှင့် QR Code များကို ပွဲစားများမှ တဆင့် မတန်တဆဈေးဖြင့်ဝယ်ယူခြင်းမပြုလုပ်ရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက် ညပိုင်းက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့သေးသည်။

Most Read

Most Recent