(၁)
၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေများအပေါ် အကောင်းမြင်သော ခန့်မှန်းချက်များနှင့်ပတ်သက်၍ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ် ) က ၂၀၂၃ ခုနှစ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် ပိုမိုခက်ခဲကြမ်းတမ်းသော နှစ်တစ်နှစ် ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတိပေးသည်။
မဟာဗျူဟာလေ့လာရေးသမားများ၊ စီးပွားရေးဝေဖန်သုံးသပ်သူအများစုက မကြာသေးမီက ကြုံတွေ့ခဲ့ရသည့် ဈေးနှုန်းများကျဆင်းမှုကိုကြည့်လျက် အင်ဖလေးရှင်းနှုန်း ကျဆင်းလာပြီဖြစ်ကြောင်း၊ ထိုအခြေအနေသည် ကောင်းမွန်သောအခြေအနေကိုထင်ဟပ်သည့်သင်္ကေတဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာ ပြောကြားနေကြသည်ကိုကြားသိရသည်။ ဈေးနှုန်းအခြေအနေများကြောင့် ကျဆင်းလာသော အင်ဖလေးရှင်းသည် ဖြည်းဖြည်းညင်းညင်း ကျဆင်းနေသည်ထက် ပိုမိုကျဆင်းနိုင်သည့်အခြေအနေလည်း ရှိနေသည်။
(၂)
လက်တွေ့အခြေအနေတွင် နိုင်ငံသားများသည် လက်ရှိအသုံးစရိတ်ပမာဏကို ထိန်းထားနိုင်ရေးအတွက် စုဆောင်းထားသောငွေများ၊ ချေးငှားယူထားသောငွေများပေါ်တွင် မှီခိုလာနေရသည်။ ထိုအခြေအနေမျိုးဖြင့် နေထိုင်ရပ်တည်မှုသည် နှစ်ကာလကြာမြင့်စွာဖြစ်နိုင်မည် မဟုတ်။ ဆိုလိုသည်မှာ နိုင်ငံသားများသည် အင်ဖလေးရှင်းဒဏ်ကို ကာလကြာရှည်တောင့်ခံနိုင်မည်မဟုတ်ပေ။ အင်ဖလေးရှင်းဟုဆိုသော ငွေကြေးဖောင်းပွမှု အကျပ်အတည်းအောက်တွင် နိုင်ငံသားများ အားလုံးရုန်းကန်နေကြရ၏။ သို့သော် နိုင်ငံရေးသမားများမှာမူ စီးပွားရေးအကျပ်အတည်း၊ ကပ်ဘေးဒုက္ခကျရောက်နေချိန်၊ အင်ဖလေးရှင်းနှုန်းကျဆင်းရေးကြိုးစားအားထုတ်နေသည့်ကာလအတွင်း နှစ်စဉ်ပျမ်းမျှ အင်ဖလေးရှင်းနှုန်း ငါးရာခိုင်နှုန်းဆိုသည်မှာ အောင်မြင်မှုတစ်ခုပင်ဖြစ်ကြောင်း၊ စိုးရိမ်စရာမဟုတ်ကြောင်း စသဖြင့် သတင်းများပေး၍ ပြည်သူလူထုကို ဆွဲဆောင်နိုင်ရေး ကြိုးစားနေကြသည်။
(၃)
လက်ရှိခန့်မှန်းချက်များအရ အမေရိကန်နိုင်ငံသားများသည် ဒေါ်လာဝယ်ယူနိုင်စွမ်းအား ဆက်လက်ဆုံးရှုံးနေမည့် အနေအထားတွင်ရှိနေသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာအထိ အလုပ်သမားစာရင်းအင်းဗျူရို၏စာရင်းများအရ အမှန်တကယ် တစ်နာရီပျမ်းမျှ ဝင်ငွေသည် ၁ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းသွားသည်။ သို့သော်ထိုဆိုးရွားသော ကိန်းဂဏန်းများသည် အီးယူဒေသတွင်ကြုံတွေ့နေသည့်အခြေအနေများကဲ့သို့ ဆိုးရွားမှုမရှိသည်ဟု ဆိုသည်။ ၂၀၂၂ ခုနှစ် တတိယသုံးလပတ်အခြေအနေတွင် အီးယူဒေသ၏ တစ်နာရီလုပ်အားခနှင့် လစာများသည် ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်း) ပါဝင်တွက်ထားခြင်းမရှိသည့်အခြေအနေ၌ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးမြင့်လာသော်လည်း ငွေကြေးဖောင်းပွမှု (အင်ဖလေးရှင်း) ပါဝင်တွက်ချက်ထားသည့်အခြေအနေတွင် ၇ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းသွားခဲ့ သည်။
၂၀၂၃ ခုနှစ်အတွက် ရှုမြင်သုံးသပ်ချက်မှာ အစိုးရများက အသုံးစရိတ်များ ပိုမိုသုံးစွဲမှု၊ အခွန်များ တိုးမြှင့်စည်းကြပ်ကောက်ခံမှုရှိနေစဉ် ပြည်သူလူထုသည် အခက်အခဲများရင်ဆိုင်နေရခြင်းဖြစ်သည်ဟူ၍။ ၎င်းတို့၏အမှန်တကယ် သုံးစွဲနိုင်သည့်ဝင်ငွေအပေါ် (real disposable income) အပေါ်ဆိုးဆိုးရွားရွားသက်ရောက်မှုရှိနေပြီး ဆင်းရဲနွမ်းပါးမှုသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည်ဟု သုံးသပ်ကြသည်။ အချို့ဒေသများတွင် “ကပ်ရောဂါမှ ပြန်လည်နာလန်ထပြီ” ဟု ဆိုနိုင်သည့်တိုင် လက်တွေ့တွင် ဆိုနိုင်ရုံသက်သက်အခြေအနေသာရှိနေသည်။ တစ်ကမ္ဘာလုံးတွင် ဝင်ငွေအလယ်အလတ်လူတန်းစားတို့၏အခြေအနေမှာ ယခင်က မကြုံခဲ့သော၊ လုံးဝမျှော်လင့်ထားသောအရှိန်အဟုန်ဖြင့် ဆိုးဆိုးရွားရွား ဆုတ်ယုတ်ပျက်စီးနေသည်ဟု ထောက်ပြကြသည်။
(၄)
အမှန်ဆိုရလျှင် အဆိုးရွားဆုံးပေါ်လစီများကို အကောင်အထည်ဖော်ကြခဲ့ကြပြီဖြစ်သည်။ အားလုံးသည် အမှန်စုဆောင်းငွေများ (real savings) နှင့် လုပ်ခများ (wages) အားလုံးကို ပျက်စီးပြုန်းတီးသွားစေသည်။ ငွေစက္ကူများရိုက်နှိပ်ခြင်းနှင့် အခွန်များတိုးမြှင့်စည်းကြပ်ခြင်းတို့သည် ဝင်ငွေမြင့်မားသူများ၊ ချမ်းသာကြွယ်ဝသူများကို အခက်အခဲဒုက္ခ မဖြစ်စေသကဲ့သို့ ထိုသူတို့၏ ဥစ္စာဓနပိုင်ဆိုင်မှုများလည်း ပျက်စီးယုတ်လျော့သွားခြင်း မရှိခဲ့ပေ။ အခွန်များ ကျယ်ကျယ်ပြန့်ပြန့်တိုးမြှင့်စည်းကြပ်ကောက်ခံခြင်း၏ အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုအားလုံးသည် ဝင်ငွေအလယ်အလတ် လူတန်းစားတစ်ခုလုံး၏ ပခုံးများအပေါ်သက်ရောက်သွားသည်။
(၅)
နိုင်ငံရေးသမားများသည် နိုင်ငံ့စီးပွားရေးကို ကိုင်တွယ်ရာတွင် ချမ်းသာကြွယ်ဝသူများကိုသာ သက်ရောက်စေမည့် နည်းလမ်းများကို အသုံးပြုမည့်ဖြစ်ကြောင်း ကတိကဝတ်များပေး၍ ပြည်သူလူထုကို ဆွဲဆောင်စည်းရုံးလေ့ရှိကြသည်။ လက်တွေ့ကျင့်သုံးသောအခါ ဖြစ်ပေါ်လာသောအခက်အခဲများကို အမှန်တကယ် ရင်ဆိုင်ရသူအများစုမှာ ချမ်းသာကြွယ်ဝသူများမဟုတ်ကြဘဲ အခြားသောအလွှာမှ လူတန်းစားများဖြစ်နေကြသည်။ လူလတ်တန်းစားများသည် ဘဝရှင်သန်ရပ် တည်ရေးအတွက် လုပ်ခလစာများအပေါ် အဓိကထားမှီခိုနေကြလျက်ရှိပြီး အနာဂတ်မျှော်လင့်ချက်များအတွက်လည်း အမြဲမပြတ် ကြိုးစားအားထုတ်နေတတ်သည်ကို နိုင်ငံရေးသမားများ ကောင်းစွာသဘောပေါက်ထားကြသည်။ ထို့ကြောင့် နိုင်ငံရေးသမားများသည် တစ်ခါတစ်ရံ ၎င်းတို့၏ ရည်မှန်းချက်များအတွက် လူလတ်တန်းစားအလွှာကို မဟာဗျူဟာကျကျ ကောင်းစွာအသုံးချတတ်ကြသည်လည်းရှိသည်။
အစိုးရ၏ပေါ်လစီကြောင့် အလွန်အမင်းချမ်းသာကြွယ်ဝသူများသည်လည်း ကြွေးမြီပမာဏ များပြားစွာတင်သွားနိုင်သည်။ သို့သော် အစိုးရအခွန်မြင့်မားစွာကောက်ခံသည့်ကာလအတွင်း ၎င်းတို့၏ အရင်းအနှီးလမ်းကြောင်းရွှေ့ပြောင်းမှုများရှိနိုင်ပြီး ၎င်းတို့၏ ဥစ္စာဓနများ ထိန်းသိမ်းနိုင်ရေး ရွေးချယ်စရာများကို ရှာဖွေလာနိုင်သည်။ သေချာသည့်အချက်မှာ အစိုးရတစ်ရ ပ်မှားယွင်းကျင့်သုံးမိသောပေါ်လစီကြောင့် နေထိုင်ရပ်တည်မှုအခက်အခဲဒဏ် မလွတ်ကင်းနိုင်သောသူများထဲတွင် ဝင်ငွေနည်းပါးသည့် ဆင်းရဲနွမ်းပါးသူများနှင့်အတူ လစာ၊ ဘဏ်အကောင့်တို့အပေါ်တွင်သာ မှီခိုအားထားနေရသော လူလတ်တန်းစားများလည်း ပါဝင်သည်။
(၆)
အားလုံးသတိပြုရမည့် အချက်ရှိသေးသည်။ ထုတ်လုပ်မှုအခြေအနေနှင့် ပတ်သက်မှုမရှိဘဲ ငွေကြေးများဖန်တီးခြင်း (ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း) သည် လုပ်ခများနှင့်စုဆောင်းငွေများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုဖြစ်စေပြီး လိုငွေပြနေချိန်တွင် အသုံးစရိတ်ပမာဏ ပိုမိုသုံးစွဲတတ်သည့် အစိုးရများကိုသာ အကျိုးဖြစ်ထွန်းစေသည်ဟု ထောက်ပြကြသည်။ အခွန်များတိုးမြှင့်ကောက်ခံခြင်းသည်လည်း အလယ်အလတ်တန်းစားလူများ၏ ဝင်ငွေကို ထိခိုက်စေလျက် အသက်ရှင်ရပ်တည်နိုင်ရေးအတွက်ကိုပင် ကျားကုတ်ကျားခဲ အားထုတ်နေရသော လက်လုပ်လက်စား ဆင်းရဲနွမ်းပါးလူတန်းစားများကိုလည်း ပိုမိုကြီးမားသောအခက်အခဲများကို ကြုံတွေ့လာစေသည်။
အင်းတာဗန်းရှင်းနစ်ဇင် (Interventionism) အယူအဆကမူ အစိုးရအသုံးစရိတ်နှင့်ပတ်သက်၍ အကောင်းမြင်သည့် ဤနေရာတွင် အင်းတာဗန်းရှင်းနစ်ဇင်ဆိုသည်မှာ အစိုးရက စီးပွားရေးလုပ်ဆောင်ချက်များ၊ ဈေးကွက်အခြေအနေများအတွင်း၌ ကြားဝင်စွက်ဖက်သည့် အယူအဆဖြစ်သည်။ ထိုအယူအဆ ကိုင်စွဲသူများက အစိုးရအသုံးစရိတ်တိုင်းသည် စီးပွားရေးအဆောက်အအုံအတွင်းရှိ နိုင်ငံသားများဆီသို့ ပြန်လည်ရောက်ရှိသွားသဖြင့် အပေါင်းလက္ခဏာ
ဆောင်သည်ဟုဆိုသည်။ အချို့က ထိုအယူအဆကို လက်မခံပေ။ ဖောင်းပွနေသော ဗျူရိုကရေစီယန္တရားနှင့် လုပ်ပိုင်ခွင့်အရ သုံးစွဲနေသော အသုံးစရိတ် ငွေကြေး များသည် စီးပွားရေးဖွံ့ဖြိုးမှု သို့မဟုတ် ကုန်ထုတ်လုပ်မှုကို အားကောင်းလာစေရန် အထောက်အကူဖြစ်သည်ဟု တထစ်ချမပြောနိုင်။ အချို့သော၊ အနည်းငယ်သော အသုံးစရိတ်များသည် လူမှုရေးကဏ္ဍများသို့ ရောက်ရှိသွားနိုင်သော်လည်း အများစုသည် ထုတ်လုပ်မှုဖြစ်စေသည့်အခြေအနေမှ ထုတ်လုပ်မှုမဖြစ်သော အခြေ အနေဆီသို့ အလုံးအရင်းဖြင့် လွှဲပြောင်းပေးမှုသာဖြစ်သည်ဟု ထောက်ပြဝေဖန်ကြသည်။
(၇)
အခွန်စည်းကြပ်ကောက်ခံမှုတွင် ဝင်ငွေမြင့်မားသူ၊ ချမ်းသာကြွယ်ဝသူများထံမှ အခွန်ပိုမိုစည်းကြပ်ကောက်ခံခြင်း ပြုလုပ်သော်လည်း စီးပွားရေးလုပ်ငန်းများ၊ ထုတ်လုပ်မှုများအတွက် အထောက်အကူဖြစ်စေသော အင်စတီးကျူးရှင်းများ၊ ပတ်ဝန်းကျင်ကောင်းများ မဖြည့်ဆည်းပေးနိုင်ပါက ဝင်ငွေအလယ်အလတ်လူတန်းစားများနှင့် ဝင်ငွေနိမ့်လူတန်းစားများအပေါ် ဈေါ်နှုန်းကြီးမြင့်မှုဝန်ထုပ်ဝန်ပိုး ပိုမိုပိလာတတ်သည်ကိုလည်း သတိပြုမိကြသည်။ တစ်ခါတစ်ရံ စီးပွားရေး အဆောက်အအုံအတွင်း အစိုးရအဖွဲ့အစည်းနှင့် ဗျူရိုကရေစီယန္တရားကြီးမားနေပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှု နည်းပါးနေသည့်အခြေအနေတွင်လည်း
အင်ဖလေးရှင်းနှုန်း အနည်းငယ်မြင့်တက်လာသည်နှင့် ဈေးကွက်အင်အားစုအားလုံး စိတ်လှုပ်ရှား သောကဖြစ်ကြရသည်။
(၈)
အကယ်၍ ဈေးကွက်များအားလုံးရှိ ဈေးနှုန်းများ အတူတကွမြင့်တက်လာနေပါက အင်ဖလေးရှင်း သက်ရောက်အပေါ် မည်သို့ရှုမြင်ကြမည်နည်း။ စီးပွားရေး အဆောက်အအုံတစ်ခုထဲ၌ ကုန်စည်နှင့် ဝန်ဆောင်မှုဈေးကွက်၊ လုပ်အားဈေးကွက် စသည်ဖြင့် ဈေးကွက်များအားလုံးရှိ ဈေးနှုန်းများ (လုပ်ခ၊ လစာ၊ဈေးနှုန်း) အားလုံး တစ်ပြိုင်နက် အတူတကွမြင့်တက်လာခဲ့ပါက အင်ဖလေးရှင်း၏ဒဏ် ဈေးနှုန်းကြီးမြင့်မှုကို ပြင်းပြင်းထန်ထန်ခံစားရမည်ဟုမယူဆကြသောကြောင့် အင်ဖလေးရှင်းနှင့်ပတ်သက်၍ အရေးတယူပြောဆိုကြလိမ့်မည်မဟုတ်ပေ။
(၉)
ငွေကြေးဖောင်းပွမှုနှုန်း ပျမ်းမျှ ငါး-ရာခိုင်နှုန်းသည် အပေါင်းလက္ခဏာ၊ အပြုသဘောဆောင်သည့် အခြေအနေမဟုတ်။ ဈေးနှုန်းကျဆင်းလာမည်ဟုလည်း တပ်အပ်သေချာ မပြောနိုင်သည့်အခြေအနေဖြစ်သည်။ ငွေကြေးဖောင်းပွခြင်းသည် အခြေအနေအရပ်ရပ်ပေါင်းစုဖြစ်ပေါ်ခြင်း၏ အကျိုးဆက်ဖြစ်သော ကုန်ဈေးများ အသီးသီးမြင့်တက်နေခြင်းဖြစ်သည်။ ထိုအခြေအနေသည် နိုင်ငံသားတို့လက်ဝယ်ရှိ ငွေကြေးများ တန်ဖိုးကျဆင်းလာနေခြင်းဖြစ်ပြီး ဝယ်နိုင်စွမ်းအားများ တဖြည်းဖြည်း လျော့ပါးအားနည်းလာလျက် ပို၍ပို၍ ဆင်းရဲနွမ်းပါးလာနေသည်ဟူသော အဓိပ္ပာယ်လည်း ထွက်နေပေသည်။
Ref: https://www.eurasiareview.com










