အီဂျစ်မုဆိုးမတစ်ဦးသည် သူ၏ကလေး ငါးဦးအားအသားနှင့်ကြက်ဥများ ကျွေးနိုင်ရန် ရုန်းကန်နေရသည်။ ဂျာမန်အဝတ်လျှော် လုပ်ငန်းပိုင်ရှင်သည် သူ၏ စွမ်းအင်ကုန်ကျစရိတ် ငါးဆခုန်တက်လာသည်ကို စောင့်ကြည့်နေသည်။ နိုင်ဂျီးရီးယား မုန့်ဖုတ်ဆိုင်များသည် ဂျုံမှုန့် မတန်တဆစျေးတက်မှုကို မတတ်နိုင်တော့သဖြင့် သူတို့၏တံခါးများကို ပိတ်ထားလိုက်တော့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး ကမ္ဘာတစ်လွှားကို ဒုက္ခရောက်စေခဲ့သည့် တစ်နှစ်အကြာ၌ ကမ္ဘာ့စီးပွားရေးသည် အကျိုးဆက်များကို ကြံ့ကြံ့ခံနေဆဲဖြစ်သည်။ ကမ္ဘာကြီးတွင် နှစ်ခုလုံးစလုံးက များလွန်းနေပြီးဖြစ်သည့် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး မရေရာမှုများ ပိုများလာနေသည်ကို ရင်ဆိုင်နေရခြင်းနှင့်အတူ ဆန်စပါးသီးနှံများ၊ ဓာတ်မြေသြဇာများနှင့် စွမ်းအင်များ ထောက်ပံ့မှု အကျပ်ရိုက်လျက်ရှိသည်။
စစ်ပွဲ၏ သက်ရောက်မှုက စိတ်ပျက်စရာကောင်းသလောက် ဖြေသိမ့်မှုတစ်ခုကားရှိနေ၏။ ပိုမိုဆိုးရွားခဲ့နိုင်ပါလျက် ဖွံ့ဖြိုးပြီး ကမ္ဘာရှိ ကုမ္ပဏီများနှင့် နိုင်ငံများသည်အံ့အား သင့်စရာကောင်းလောက်အောင် ခံနိုင်ရည်ရှိကြောင်း သက်သေပြခဲ့ပြီး မခံမရပ်နိုင်လောက်အောင် ဖြစ်စေမည့် စီးပွားရေးပျက်ကပ်၏ အဆိုးဆုံးအခြေအနေကို ယခုထိရှောင်ရှားနိုင်ဆဲဖြစ်သည်။
သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများ၌မူ ထိခိုက်မှုက ပိုမိုပြင်းထန်ခဲ့လေသည်။
လူဦးရေ၏ သုံးပုံတစ်ပုံနီးပါး ဆင်းရဲမွဲတေနေသည့် အီဂျစ်နိုင်ငံတွင် ဟာလီမာရာဘီသည် သူ၏ ကျောင်းနေအရွယ် ကလေးငယ်ငါးဦးကို ကျွေးမွေးရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်။ ယခုအခါ အသက် ၄၇ နှစ် ရှိပြီဖြစ်သော မုဆိုးမသည် စျေးများတက်နေသဖြင့် အခြေခံအကျဆုံး ကုန်ပစ္စည်းများကိုပင် လျှော့ချ ဖြတ်တောက်လိုက်ရပြီဖြစ်သည်။
“ဒါက သည်းမခံနိုင်စရာ ဖြစ်နေတယ်။ အသားနဲ့ ကြက်ဥတွေက ဇိမ်ခံပစ္စည်းတွေ ဖြစ်လာပြီ”ဟု ကိုင်ရို၏ တွဲလျက်မြို့ဖြစ်သော ဂီဇာရှိ အစိုးရပိုင်ဆေးရုံတစ်ခုမှ သန့်ရှင်းရေးသမားအဖြစ် သူ၏အလုပ်ရှိရာ ဦးတည်သွားနေသော ရာဘီက ပြောပြသည်။
အမေရိကန်နှင့် အခြားသော ချမ်းသာသည့် နိုင်ငံများတွင် ရေနံစျေးနှုန်းအပေါ် စစ်ပွဲ၏အကျိုးသက်ရောက်မှုက တစ်စိတ် တစ်ပိုင်းဖြစ်စေသောကြောင့် စားသုံးကုန်စျေးနှုန်းများ မြင့်တက်မှုသည် တဖြည်းဖြည်းလျော့ပါး၍လာသည်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးကို ပျက်ကပ်အတွင်း သက်ဆင်းစေရန် ခြိမ်းခြောက်နေပြီး အခြားငွေကြေးများကို ဒေါ်လာနှင့်ယှဉ်လျက် ကျဆင်းစေမည့် အတိုးနှုန်းမြင့်တက်မှုများအား အမေရိကန် ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးသမားများက လျော့ပါးအောင် ပြုလုပ်လိမ့်မည်ဟူသော မျှော်လင့်ချက်များကား မြင့်တက်လာသည်။
တရုတ်နိုင်ငံသည်လည်း ဒုတိယအကြီးဆုံး စီးပွားရေးတွင် ကြီးထွားမှုကို အဟန့်အတားဖြစ်စေခဲ့သည့် လွန်ခဲ့သောနှစ် အ နှောင်းပိုင်းက ပြင်းထန်လွန်းသော COVID-19 ကင်းစင်ရေးလော့ဒေါင်းများကို လျှော့ချခဲ့သည်။
ကောင်းသော ကံကြမ္မာအချို့ကလည်း အထောက်အပံ့ပြုခဲ့သည်။ ပုံမှန်ထက် ပို၍ ပူသောဆောင်းရာသီက သဘာဝဓာတ်ငွေ့ စျေးနှုန်းများ လျော့ကျအောင် အထောက်အကူပြုခဲ့ရာ ရုရှားနိုင်ငံမှ ဓာတ်ငွေ့များ ဥရောပသို့တင်ပို့မှုကို အကြီးအကျယ် လျှော့ချပြီးနောက် စွမ်းအင်အကျပ်အတည်း ဖြစ်မှုကြောင့် ပျက်စီးဆုံးရှုံးရမှုကို အကန့်အသတ်နှင့်သာ ဖြစ်စေခဲ့သည်။ သို့သော် စွမ်းအင်တင်ပို့သည့် ရုရှားစီးပွားရေးအပေါ် သက်ရောက်မှုကို ခုသာခံသာလောက်အောင်ကား ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများက မြင့်မားနေဆဲဖြစ်သည်။
“စစ်ပွဲဟာ လူသားတွေရဲ့ ကပ်ဘေးကြီးပဲ။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုကတော့ တဒင်္ဂလှုပ်ခတ်မှုပါ”ဟု နိုင်ငံတကာစီးပွားရေးဆိုင်ရာ ပီတာဆန်အင်စတီကျုမှ ဥက္ကဋ္ဌ အဒမ်ပိုဆန်က ပြောကြားခဲ့သည်။
သို့တိုင် စစ်ပွဲကြီးသည် အနည်းနှင့်အများဆိုသကဲ့သို့ ထိခိုက်မှုကို ဖြစ်စေသည်သာဖြစ်၏။ ဥပမာအားဖြင့် ဥရောပတွင် သဘာဝဓာတ်ငွေ့စျေးနှုန်းများသည် ရုရှားကယူကရိန်းနယ်စပ်တွင် တပ်များစတင်ချထားခြင်း မပြုမီကထက် သုံးဆ တက်လျက်ပင် ရှိသေးသည်။
ဂျာမနီအနောက်တောင်ပိုင်း ဝယ်ဒူအန်းတွင် စီးပွားဖြစ် အဝတ်လျှော်လုပ်ငန်းလုပ်ကိုင်သူ ဆဗင်ပါအားသည် တစ်နေ့လျှင် အဝတ်ရှစ်တန်ချိန် လျှော်ဖွတ်နိုင်သည့် အကြီးစားလျှော်စက် ၁၂ လုံးကို လည်ပတ်ရန်အတွက် ယခုနှစ်တွင် ဓာတ်ငွေ့ကုန်ကျစရိတ် ယူရို ၁၆၅,၀၀၀ (ဒေါ်လာ ၁၇၆,၀၀၀ ခန့်)ရှိခဲ့ရာ ယခင်နှစ်က ယူရို ၃၀,၀၀၀ (ဒေါ်လာ ၃၂,၀၀၀) ရှိခဲ့ရာမှနေ၍ မြင့်တက်လာခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေဆီ စျေးနှုန်းတွေကို အဆင့်ဆင့် လွှဲပြောင်းပေးနေရပါပြီ”ဟု ပါအားက ပြောကြားခဲ့သည်။
ယခုအချိန်အထိ စျေးနှုန်းမြင့်တက်မှုအတိုင်း စွမ်းအင်ငွေတောင်းခံလွှာများကို ၎င်းတို့အား ပြသခဲ့ပြီးနောက် ဖောက်သည် များကို ထိန်းသိမ်းထားနိုင်နေသေးသည်။
“အခုထိတော့ အလုပ်ဖြစ်နေသေးတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလိုပါပဲ၊ ဖောက်သည်တွေက ညည်းနေကြပြီး သူတို့လည်း ကုန်ကျစရိတ်တွေကို သူတို့ကိုယ်တိုင်ရဲ့ ဖောက်သည်တွေဆီ လွှဲပြောင်းပေးရမှာပါပဲ”ဟု ၎င်းက ဆိုသည်။
သူသည် သူ၏ဖောက်သည်များကို ပုံမှန်အတိုင်း ထိန်းထားနိုင်သော်လည်း ၎င်းတို့ သူ့ကိုပေးသည့် အလုပ်များက လျော့ကျလာသည်။ ဖောက်သည် နည်းလာသော စားသောက်ဆိုင်များတွင် လျှော်ရန်လိုအပ်သော စားပွဲခင်းအရေအတွက်လည်း နည်းလာသည်။ ထိုင်းမှိုင်းသော ရာသီအတွင်း အပူပေးရမည့် ကုန်ကျစရိတ်များကို ကျခံမည့်အစား ဖေဖော်ဝါရီတွင် ဟိုတယ်အများအပြားကို ပိတ်လိုက်ကြရာ သန့်ရှင်းရေးလုပ်ရန် အိပ်ရာခင်းများ နည်းပါးလာလေသည်။
စားနပ်ရိက္ခာစျေးနှုန်း လွန်စွာကြီးမြင့် လာခြင်းသည် အထူးသဖြင့် ဆင်းရဲသားများကို အကျပ်ရိုက်စေသည်။ စစ်ပွဲသည် ယူက ရိန်းနှင့်ရုရှားတို့မှလာသည့် ဂျုံ၊ မုယောစပါး နှင့် ဟင်းချက်ဆီများကို ပြတ်လပ်သွားစေကာ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှ၏အစိတ်အပိုင်းများစွာတို့သည် စားနပ်ရိက္ခာ မလုံခြုံမှုအတွက် ရုန်းကန်နေရသော ဒေသများ ဖြစ်လာသည်။ ရုရှားသည် ဓာတ်မြေသြဇာတင်သွင်းသည့် ထိပ်တန်းနိုင်ငံလည်းဖြစ်သည်။
ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးထားသည့် သဘောတူညီချက်အရ ပင်လယ်နက်ဒေသမှ အစားအစာအချို့ကို တင်ပို့ခွင့်ပြုခဲ့ သော်လည်း လာမည့်လတွင် သက်တမ်းတိုးရန် လိုအပ်နေသည်။
ကမ္ဘာ့နံပါတ် ၁ ဂျုံတင်သွင်းသော နိုင်ငံဖြစ်သည့် အီဂျစ်တွင် ရာဘီသည် ဇူလိုင်လ၌ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် ဒုတိယမြောက်အလုပ်ကို ရခဲ့သော်လည်း စျေးနှုန်းမြင့်တက်မှုကို အမီလိုက်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်သည်။ သူသည် တစ်လလျှင် ဒေါ်လာ ၇၀ ထက်နည်းသော ဝင်ငွေသာရှိသည်။
ရာဘီက သူသည် တစ်လျှင်တစ်ကြိမ်သာ အသားဟင်းချက်ပြီး သူ့ကလေးများ ပရိုတင်းဓာတ် ရရှိစေရန် စျေးသက်သာသော ဘေးထွက်ထုတ်ကုန်များကို အသုံးပြုရသည်ဟု ဆိုသည်။ သို့သော် ယင်းတို့သည်ပင် ရှာရခက်လာသည်ဟု ဆိုသည်။
အစိုးရက ပရိုတင်းရင်းမြစ်အဖြစ် ကြက်ခြေထောက်နှင့် တောင်ပံများကို စမ်းသုံးကြည့်ရန် အီဂျစ်နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။ ယင်းသည် ဆိုရှယ်မီဒီယာတွင် ကဲ့ရဲ့ရှုတ်ချမှုများနှင့် ကြုံခဲ့ရသော်လည်း ဝယ်လိုအားကိုမူ မြင့်တက်စေခဲ့သည်။
“ကြက်ခြေထောက်တွေတောင် စျေးကြီးလာတယ်”ဟု ရာဘီက ပြောသည်။
ရုရှားဂျုံကို တင်သွင်းသည့် ထိပ်တန်းနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားတွင် ပျမ်းမျှအစားအစာ စျေးနှုန်းများသည် ယခင်နှစ်က ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဂျုံရှားပါးမှုကြောင့် အချို့နေရာများတွင် ပေါင်မုန့်စျေး နှစ်ဆတက်လာသည်။
တောင်ပိုင်းမြစ်ဝကျွန်းပေါ် ပြည်နယ်ရှိ Life Flour Mill Limitedကို ဦးစီးသော အလက်ဇန်းဒါး ဗားဟက်စ်က “လူတွေမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ ချရဖို့ ရှိပါတယ်။ သူတို့ ဘာစားစရာ ဝယ်မလဲ၊ အစားအသောက်အတွက် သုံးစွဲမလား၊ ကျောင်းတက်မလား၊ ဆေးဝါး ဝယ်ယူမလား ဆိုပြီးတော့ပေါ့”ဟု ပြောကြားခဲ့သည်။
ဂျုံမှုန့်စျေး ရာခိုင်နှုန်း ၂၀၀ ခုန်တက် သွားပြီးနောက် နိုင်ဂျီးရီးယားမြို့တော် အဘူဂျာရှိ မုန့်ဖုတ်ဆိုင်များ၏ ရာခိုင်နှုန်း ၄၀ ထက်မနည်းကို ပိတ်ပစ်လိုက်ရသည်။
“လုပ်ငန်းမှာ ရှိနေဆဲ လူတွေက အမြတ်အစွန်းမရှိဘဲ ဖောက်သည်ပျက်မှာစိုးလို့ လုပ်နေကြရတာ”ဟု မုန့်ဖုတ်ဆရာများအသင်း ဥက္ကဋ္ဌ မန်ဆာအူမာက ပြောကြားခဲ့သည်။
“လူတော်တော်များများက ပေါင်မုန့်မစားကြတော့ဘူး။ ကုန်ကျစရိတ်ကြောင့် သူတို့ဟာ တခြားရွေးချယ်စရာတွေကို လိုက်ရှာကြတယ်”ဟု ၎င်းက ဆိုသည်။
စပိန်တွင် အစိုးရသည် လယ်သမားများဓာတ်မြေသြဇာရရှိရေး ကူညီရန်အတွက် ယူရိုသန်း ၃၀၀ (အမေရိကန်ဒေါ်လာ သန်း ၃၂၀) သုံးစွဲနေပြီး ယူကရိန်းစစ်ပွဲနောက်ပိုင်း စျေးနှုန်းနှစ်ဆမြင့်တက်ခဲ့သည်။
မက်ဒရစ်မြို့အရှေ့ဘက် အန်ချူးလိုရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဟိုဆေးဆန်းချက်က “မြေတွေဟာ အစာ လိုအပ်တာကြောင့် မြေသြဇာကမရှိမဖြစ် အရေးကြီးတယ်။ မြေတွေအစာမရရင် သီးနှံတွေ မကြီးထွားဘူး”ဟု ဆိုသည်။
ယင်းတို့အားလုံးက ကမ္ဘာ့စီးပွားရေး နှေးကွေးနေကြောင်းပြသနေခြင်း ဖြစ်သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ယခုနှစ် စီးပွားရေးကြီးထွားမှု မျှော်မှန်းချက်များကို လျှော့ချခဲ့ရာ ၂၀၂၂ ခုနှစ်တွင် ယင်းသည် ထုတ်လုပ်ရေး ဆုံးရှုံးမှု၌ ဒေါ်လာ တစ်ထရီလျံခန့်နှင့် ညီမျှသည်။ ဥပမာအားဖြင့် ဥရောပ၏ စီးပွားရေးသည် စွမ်းအင်စျေးနှုန်းများ ကျဆင်းသွားသော်လည်း သိသိသာသာ ရုန်းကန်ရမှုကို ကြုံတွေ့နေရဆဲဖြစ်ကြောင်း ဘဏ်လုပ်ငန်းစုကြီး Citi မှ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးပညာရှင် နာသန်ရှီးက ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်က စားသုံးကုန်စျေးနှုန်းများသည် အချမ်းသာဆုံးနိုင်ငံများတွင် ၇.၃ ရာခိုင်နှုန်း (၂၀၂၂ ခုနှစ် ဇန်နဝါရီ ခန့်မှန်း ချက်၏ ၃.၉ ရာခိုင်နှုန်း) နှင့် ပို၍ဆင်းရဲသော နိုင်ငံများတွင် ၉.၉ ရာခိုင်နှုန်း (စစ်မဖြစ်မီက ခန့်မှန်းထားချက်၏ ၅.၉ ရာခိုင်နှုန်း) ခုန်တက်သွားခဲ့သည်ဟုIMF ပြောကြားခဲ့သည်။
အမေရိကန်တွင် ထိုသို့သော ငွေကြေးဖောင်းပွမှုသည် စီးပွားရေးလုပ်ငန်းများကို သွက်လက်တက်ကြွလာစေခဲ့သည်။
အင်ဒီယားနားပြည်နယ်၊ နိုဘယ်ဗယ်လီရှိ The Luxury Pergola၏ ပူးတွဲတည်ထောင်သူ စတေဆီအယ်မိုးက အလုပ်သမား ရှစ်ဦးအတွက် ကျန်းမာရေးအာမခံပေးဆောင်မှုကုန်ကျစရိတ်သည် လွန်ခဲ့သည့်နှစ်အတွင်း ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်လလျှင် ဒေါ်လာ ၁၀,၀၀၀ အထိ မြင့်တက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။ လုပ်သားရှားပါးမှုကြားတွင် သူသည် ထိပ်တန်းတပ်ဆင်သူတစ်ဦးအတွက် တစ်နာရီလုပ်အားခ ၂၄ ဒေါ်လာမှ ၃၀ ဒေါ်လာအထိ တိုးပေးခဲ့ရသည်ဟု ဆိုသည်။
ငွေကြေးဖောင်းပွမှုဒဏ်ကို ခံနေရသောသုံးစွဲသူများသည် အရောင်းဆိုင်များမှတစ်ဆင့်ရောင်းချသည့် နံရံမရှိသော အဆောက်အအုံငယ်တစ်မျိုး၏ ၁၀ ပေ - ၁၆ ပေ တရုတ် ကပ်မှန်ဘောင်တစ်ခုအတွက် ဒေါ်လာ ၂၂,၅၀၀ ပေးနေရခြင်းကို လက်တွန့်လာကြရာ ယခင်နှစ်က ရောင်းအားများ ကျဆင်းသွားခဲ့သည်။ ထို့ကြောင့် အယ်မိုးသည် သိသိသာသာ သက်သာသော စျေးနှုန်းဖြစ်သည့် ဒေါ်လာ ၁၂,၅၈၀ ဖြင့် စျေးဝယ်သူများထံ တိုက်ရိုက်ရောင်းချပေးသည့် ကိုယ်တိုင်လုပ်ပုံစံကို ဦးစားပေးလာခဲ့သည်။
“ငွေကြေးဖောင်းပွမှု မြင့်မားလာတာကြောင့် ကျွန်မတို့ရဲ့ ထုတ်ကုန်တွေရဲ့ ဆွဲ ဆောင်မှု ကျယ်ပြန့်စေဖို့နဲ့ ပျမ်းမျှလူထု ရရှိနိုင် ရေး ပိုမိုလွယ်ကူစေဖို့ ကျွန်မတို့လုပ်ဆောင်ခဲ့ရပါတယ်”ဟု အယ်မိုးက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် လမ်းဘေးစျေးသည်အများအပြားသည် ၎င်းတို့၏ နဂိုကတည်းက ရုန်းကန်နေရသော ဖောက်သည်များအတွက် အစားအသောက်စျေးနှုန်းများ တစ်ဟုန်ထိုးတက်သွားသည်ကို သိကြသည်။ ထို့ကြောင့် အချို့သောသူများက Shrinkflation ဟု ခေါ်သော အပိုင်းလိုက်လျှော့ချမှုကို ကျင့်သုံးကြသည်။
“ဆန်တစ်ကီလိုဂရမ်က ရှစ်ပိုင်းအတွက်ပါ… ဒါပေမဲ့ အခုတော့ ၁၀ ပိုင်း လုပ်လိုက်ရပြီ။ ဖောက်သည်တွေက စျေးအရမ်းများရင် ဆိုင်ကို လာမှာ မဟုတ်တော့ဘူး”ဟု အင်ဒိုနီးရှား စားသောက်ဆိုင်တစ်ခုကို ဦးစီးနေသူ အသက် ၅၂ နှစ်အရွယ်ရှိ မူခရိုနီက ပြောပြသည်။
“ငြိမ်းချမ်းရေးကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။ နောက်ဆုံးကျ ဘယ်သူက နိုင်ပြီး ဘယ်သူက ရှုံးတယ်ဆိုတာ ရှိလာမှာမဟုတ်ပါဘူး။ အားလုံးက သားကောင်တွေ ဖြစ်နေလို့ပါပဲ”ဟု သူက ဆိုသည်။
Ref: AP










