ရုရှားအစိုးရက ယူကရိန်းကိုကျူးကျော် စစ်ဆင်နွှဲမှုမှ လျှပ်တစ်ပြက်အောင်နိုင်မှုရရှိနိုင်ရန် လိုလားသော်လည်း စစ်ပွဲ၏ ၁၂ လတာကာလအတွင်း နှစ်ဖက်စလုံးတွင်စစ်ရေးအရ အောင်နိုင်ခြင်း မရရှိသကဲ့သို့ ပိုနေမြဲကျား နေမြဲအခြေအနေကို အခြေခံ၍ သဘောတူပြေလည်မှုရရှိရန် ပြင်ဆင်ထားခြင်းမရှိသော စစ်ပွဲသည် မတိုးသာမဆုတ်သာသည့် အခြေအနေတွင် လေးဖင့်လျက်ရှိသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှား၏ ကျူးကျော်စစ်ဆင်နွှဲမှုမှ ပေါ်ပေါက်လာသည့်ပဋိပက္ခသည် မကြာမီအချိန်အ တွင်း ပြီးဆုံးနိုင်ခြင်းမရှိသည့်အပြင် စစ်ပွဲ၏ပြင်းထန်မှုသည် နှစ်နှစ်တာကာလအထိမြင့် တက်လာနိုင်သည်။
“အဆုံးသတ်နားကို နီးလာတဲ့သင်္ကေတ မတွေ့ရသေးတာတော့ အသေအချာပါပဲ” ဟု အမေရိကန်မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာမှ ဂျွန်အော်တာမန်းက ပြောကြားခဲ့သည်။
“ နှစ်ဖက်စလုံးက သူတို့ဘက်အတွက် အချိန်ကောင်းရောက်နေပြီလို့ တွေးနေကြပြီး အခုချိန်မှာ စစ်ပြေငြိမ်းမယ်ဆိုရင် အမှားတစ်ခု ဖြစ်မယ်လို့ ထင်နေကြပါတယ်”ဟု ၎င်းက သုံးသပ်ခဲ့သည်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းဒွန်းဘတ်စ်ဒေသတွင် မကြာသေးမီက အောင်မြင်မှုအချို့ရရှိခဲ့သည့် ရုရှားက နွေဦးထိုးစစ်ဆင်တိုက် ခိုက်မှုအတွက် အကောင်းဆုံးပြင်ဆင်နေလိမ့်မည်ဟု ကျွမ်းကျင်သူများက ယူဆထားကြသည်။
သို့သော် အမေရိကန်နှင့် ဥရောပအစိုးရများက ထောက်ပံ့ပေးနေသော ယူကရိန်းကလည်း ဆုံးရှုံးသွားသော နယ်မြေများကိုပြန် လည်ရယူရန် စိတ်ပိုင်းဖြတ်ထားဖွယ်ရှိနေသည်။
ယူကရိန်းသည်ရုရှားက ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့သော ခရိုင်းမီးယားပင်လယ်နက် ကျွန်းဆွယ်အား ပြန်လည်ထိန်းချုပ်ရန် ၎င်း၏ ရည်ရွယ်ချက်ကိုပင် ရှင်းရှင်းလင်းလင်းဖော်ထုတ်ခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ယခုလအစောပိုင်းတွင်ပါရီမြို့တော်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးအား ၎င်းသည် ယူကရိန်းအောင်နိုင်ရေးအတွက် ကူညီပေးရန်ဆုံးဖြတ်ထားသည်ဟု ပြောကြားခဲ့သည်။
အောင်မြင်ဖို့အတွက်လုံလောက်မှုရှိနိုင်လား
သို့သော် ယင်းသည် စစ်ပွဲတွင်ရုရှားတို့က ပြတ်ပြတ်သားသား ရှုံးနိမ့်မှုဖြင့်အဆုံးသတ်ရန် လိုအပ်သည်ဟုဆိုလိုခြင်း မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားဆက်ဆံရေးကောင်စီမှ လီယန်နာဖစ်က ပြောကြားခဲ့သည်။
“ဖြစ်နိုင်ခြေအရှိဆုံးကတော့ ယူကရိန်းဟာ ကောင်းစွာလုံလောက်တဲ့အောင်မြင်မှုနဲ့ ဦးဆောင်နေတယ်လို့ ကျွန်မထင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှားကခရိုင်းမီးယားကို ထိန်းချုပ်ထားရန် ကြိုးပမ်းနေချိန်နယ်မြေအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ကို တွေ့ရသည်။
ရုရှားသည် စစ်သားအသစ်ပမာဏအများအပြားကို တပ်ဖြန့်ရန်အလားအလာရှိနေသော်လည်း ၎င်းတို့အား လေ့ကျင့်သင်ကြားခြင်း၊ကျွေးမွေးခြင်းနှင့် လက်နက်များပံ့ပိုးပေးခြင်း စသည်တို့ကို လုပ်ဆောင်ရမည်ဖြစ်ကာ ရုရှားစစ်တပ်တာဝန်များသည် ယင်းစစ်ပွဲတွင် အလွန်ဆိုးရွားနေသည်ဟု ၎င်းကပြောကြားခဲ့သည်။
ယူကရိန်းသည် ၎င်း၏အနောက်မဟာမိတ်များထံမှ မည်သည့်လက်နက်အမျိုးအစားများကို ရယူရမည်ဆိုသည်ကို တိကျပြတ် သားစွာဆုံးဖြတ်ရမည်ဖြစ်သည်ဟု ပြင်သစ်နိုင်ငံတကာဆက်ဆံရေးဌာနမှ ဒီမီထရီမီနစ်က ပြောကြားခဲ့သည်။
“ဥပမာအနေနဲ့ တာဝေးပစ်အမြောက်တွေဟာ ယူကရိန်းစစ်တပ်အတွက် တိုက်ခိုက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေနဲ့ ခုခံမှုသံသရာကို ချိုးဖောက်နိုင်ပြီး နလန်ထူဖို့နဲ့ပြတ်သားတဲ့ အောင်နိုင်မှုကိုရယူဖို့ ရုရှားရဲ့လုပ်ဆောင်နိုင်စွမ်းကို အားနည်းစေပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် အောင်နိုင်မှုတွင် ယူကရိန်းအရှေ့တောင်ပိုင်းရှိ ဇာပိုရေးရှားမှတစ်ဆင့် ယူကရိန်းတွင် ရုရှားစစ်တပ်ဖြန့် ကျက်ချထားမှုကို နှစ်ပိုင်းခွဲခြားနိုင်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
သို့သော် ယူကရိန်းသည် တောင်ပိုင်းခါဆန်မြို့ကို ပြန်လည်သိမ်းယူခဲ့ခြင်းဖြင့် ရုရှားစစ်တပ်ကို အောင်နိုင်ခဲ့သည့်တိုင်ရုရှား အစိုးရက အရှုံးပေးမည်မဟုတ်ဟုမီနစ်က သတိပေးပြောကြားခဲ့သည်။
ရုရှား၏ လုပ်ဆောင်နိုင်မှု အခြေအနေ
“ရုရှားတွေဟာ အကန့်အသတ်မရှိဘဲ တပ်ဖြန့်တာအပါအဝင် တစ်ခုခုပြုလုပ်လာပါ လိမ့်မယ်။ ဒါ့ပြင် လိုအပ်မယ်ဆိုရင် သူတို့ရဲ့ တစ်နိုင်ငံလုံး ဆင်းရဲမွဲတေသွားပါစေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့နဲ့ အနိုင်ရနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်”ဟု မီနစ်က ပြောကြားခဲ့သည်။
ရုရှားသည် ကျန်သည့်ကမ္ဘာ့နိုင်ငံများကို ခြေကုန်လက်ပန်းကျစေပြီး အမြတ်အချို့ကို ရယူရန်ကဲ့သို့ ဖြစ်နိုင်ခြေအများအပြားကို စိတ်ကူးမိကြောင်း အော်တာမန်ကဆိုသည်။
“ရုရှားဟာ ခေါင်းဆောင်အပြောင်းအလဲဖြစ်မှ စစ်ပွဲအဆုံးသတ်မယ်၊အပစ်အခတ်ရပ်စဲရေးအချို့ရှိ လာမယ်လို့ကျွန်တော်ထင်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သော်လည်း ယင်းအခြေအနေသည် ပြောကြားရန်စော လွန်းနေသည်ဟု ဝန်ခံခဲ့သည်။
ယခုအချိန်အထိ မည်သည့်ဘက်ကမှ ညှိနှိုင်းရန် အမှန်တကယ်စိတ်အားထက်သန် သည့်သင်္ကေတ ပြသခြင်းမရှိပေ။
ဇယ်လန်စကီးက ယူကရိန်း၏ပိုင်နက် နယ်မြေပိုင်ဆိုင်မှုကို ရုရှားကအသိအမှတ်ပြုမှုနှင့် ရုရှားတပ်ဖွဲ့များအားလုံး ပြန်လည်ရုပ် သိမ်းမှုအပါအဝင် အချက် ၁၀ ချက်ပါဝင်သည့် ငြိမ်းချမ်းရေးအစီအစဉ်တစ်ရပ်ကို ချမှတ်ခဲ့သည်။
ရုရှားက ယူကရိန်း၏လွတ်လပ်ရေးနှင့် ကိဗ်တွင်အီးယူနှင့်နေတိုးလိုလားသည့် ခေါင်းဆောင်ပိုင်းကိုပင် ယာယီလက်ခံနိုင် သော်လည်း ယူကရိန်းတွင်ရုရှား၏အောင်မြင်မှုကို အသိအမှတ်ပြုမှုနှင့် လဲလှယ်ရန်ပင်ဖြစ်သည်ဟု မီနစ်က ပြောကြားသည်။
သို့သော် ယင်းသည် ယူကရိန်းက မည်သို့မှ ကျော်ဖြတ်မည်မဟုတ်သည့်အနီရောင်မျဉ်းဖြစ်သည်ဟု ကျွမ်းကျင်သူများကပြော ကြားခဲ့သည်။
အဏုမြူလက်နက်များခြိမ်းခြောက်မှု
နောက်ထပ်မသေချာသည့်စိုးရိမ်မှုတစ်ခုမှာ စစ်ပွဲ၏နောက်တစ်ဆင့်တွင်နျူကလီးယားလက်နက်များနှင့် ၎င်းတို့၏အလားအ လာရှိသောအခန်းကဏ္ဍဖြစ်သည်။
ရုရှားသည် ပဋိပက္ခအစောပိုင်းတွင် အဏုမြူလက်နက်များ၏ ခြိမ်းခြောက်အန္တရာယ်ကို အရိပ်အမြွက် ထုတ်ဖော်ဖွင့်ဟခဲ့သည်။
ယူကရိန်းအနေဖြင့် ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းယူနိုင်ရန် ကြိုးပမ်းလျှင် နျူကလီးယားခြိမ်းခြောက်မှုသည် အ လွန်ဖြစ်လာနိုင်ခြေရှိသောအလားအလာ ဖြစ်ကြောင်းမီနစ်က သုံးသပ်ခဲ့သည်။
နျူကလီးယားစစ်ပွဲစိုးရိမ်မှုများကြောင့် ရုရှားပြည်တွင်းရေးတွင် သဘောထားကွဲလွဲမှုများဖြစ်လာနိုင်ပြီး နျူကလီးယားလက်နက် တစ်စုံတစ်ရာကို အသုံးပြုခြင်းသည်သမ္မတဗလာဒီမာပူတင်၏ ခွန်အားကို ထုတ်ပြရုံသာမက ၎င်း၏အားနည်းချက်ကို ထုတ်ဖော်ပြသမှုအဖြစ် ရှုမြင်နိုင်လိမ့်မည်ဟု ၎င်းကဆိုသည်။
ပူတင်သည် ရုရှားနိုင်ငံတွင် ဖိအားများဖြင့် ရင်ဆိုင်နေရသည်ကို တွေ့မြင်ရသော်လည်း Wagner အမည်ရှိ ပုဂ္ဂလိကကြေး စားစစ်သားငှားရမ်းသည့် ကုမ္ပဏီကိုထူထောင်သူ ယိဗ်ဂနီ ပရီဂိုဇင်၏ ဖိအားကို ပိုမိုရင်ဆိုင်နေရသည်။
အောက်တိုဘာ၌ ယူကရိန်းတွင် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်သမ္မတ ရွေးကောက်ပွဲတို့အပါအ ဝင်ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်များသည် ယူကရိန်းစစ်ပွဲ၏ အနာဂတ်အပေါ်ကြီးမားစွာ သြဇာလွှမ်းမိုးဖွယ်ရှိနေသည်။
“ အဲဒီအခြေအနေတွေကြောင့်ယူကရိန်းစစ်ပွဲ ဘယ်အချိန်ပြီးမလဲဆိုတာနဲ့ ဘာကြောင့် ဆက်ဖြစ်မလဲဆိုတာကို ရှင်းပြရခက် ပါတယ်”ဟု ဖစ်က ပြောကြားခဲ့သည်။
Ref: AFP










