ပရီးမီးယားလိဂ်သည် ပြီးခဲ့သည့်အပတ်က ပရီးမီးယားလိဂ်ပွဲစဉ်များတွင် VAR အမှားများ ကျူးလွန်ခဲ့ခြင်းအတွက် အင်္ဂလန်ရှိ ပရော်ဖက်ရှင်နယ်ဒိုင်အဖဲဲွ့(PGMOL) ကို ဝေဖန်ခဲ့ပြီး ဒိုင်လူကြီးများ၏စွမ်းဆောင်မှုများမှာ မျှော်မှန်းချက် မကိုက်ညီဘဲ များစွာနိမ့်ကျနေကြောင်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်အပတ်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) တွင် ဝက်စ်ဟမ်း (၁-၁) ချယ်လ်ဆီး၊ အာဆင်နယ် (၁-၁) ဘရန့်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ် (၁-၁) ဘရိုက်တန်ပွဲများတွင် VAR အမှားများ ကျူးလွန်ခဲ့ပြီး ချယ်လ်ဆီး၊ အာဆင်နယ်နှင့် ဘရိုက်တန်အသင်းတို့ နစ်နာခဲ့ရသည်။
ယင်းအတွက် VAR အဖွဲ့အပေါ် ဝေဖန်မှုများရှိခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်က ထုတ်ပြန်ချက်ထုတ်ကာ PGMOL ကို ပြင်းထန်စွာဝေဖန်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်၏ထုတ်ပြန်ချက်တွင် ''ပရီးမီးယားလိဂ်၏အဆင့်အတန်းက အလွန်မြင့်မားသော်လည်း ပြီးခဲ့သည့်အပတ်က PGMOL သည် ယင်းအဆင့်အတန်းနှင့်ကိုက်ညီအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ယင်းအတွက် ပရီးမီးယားလိဂ်က PGMOL ကို ပြီးခဲ့သည့်အပတ်အတွင်း ကစားခဲ့သည့်ပွဲစဉ်များမှ အဖြစ်အပျက်များကို ပြန်လည်ဆန်းစစ်ကာ ဖြေရှင်းရန်တောင်းဆိုခဲ့ကြောင်း၊ PGMOL နှင့်တိုင်ပင်ပြီးနောက် အနာဂတ်တွင် ဒိုင်များ စွမ်းဆောင်ရည်တိုးတက်အောင် ပရီးမီးယားလိဂ်က ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း'' ဖော်ပြပါရှိသည်။
ပြီးခဲ့သည့်အပတ်က VAR အဆုံးအဖြတ်အမှားများကြောင့် အာဆင်နယ်၊ ချယ်လ်ဆီးနှင့် ဘရိုက်တန်တို့ အဖိုးတန်အမှတ်များဆုံးရှုံးခဲ့ရပြီး ယင်းပွဲများတွင် အမှားများကျူးလွန်ခဲ့သည့် လီမေဆန်နှင့် ဂျွန်ဘရွတ်တို့သည် ယခုအပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို ကိုင်တွယ်ခွင့်ရမည်မဟုတ်ကြောင်း သိရသည်။
PGMOL အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်သည် လီမေဆန်နှင့် ဂျွန်ဘရွတ်တို့ကိုခေါ်ကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ၎င်းတို့ (၂)ဦးကို ယခုအပတ်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်များ တာဝန်မပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
VAR အမှားများကျူးလွန်ခဲ့ခြင်းအတွက် PGMOL ကို ဝေဖန်ခဲ့ပြီး ဒိုင်များ၏ စွမ်းဆောင်ရည်နိမ့်ကျနေကြောင်း ပရီးမီးယားလိဂ် ထုတ်ပြန်
Photo: Getty Images