ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက အသင်းအနေဖြင့် ဒိုင်အဖွဲ့နည်းစနစ်ကော်မတီ ဒုဥက္ကဋ္ဌဟောင်းကို ယူရို (၁.၃)သန်းကျော် ပေးချေခဲ့သည်ဆိုသော သတင်းထွက်ပေါ်လာခြင်းမှာ သွေးရိုးသားရိုးမဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
စပိန်အားကစားသတင်းစာ AS နှင့် စပိန်ရေဒီယို SER Catalunya က ဘာစီလိုနာအသင်းသည် ဥက္ကဋ္ဌဟောင်း ဘာတိုမူလက်ထက်က ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ဒိုင်အဖွဲ့နည်းစနစ်ကော်မတီ၏ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ နီဂရီရာကို လာလီဂါပွဲစဉ်များတွင် မျက်နှာသာရရန်၊ ဒိုင်လူကြီးများနှင့်ဆက်ဆံရာတွင် အဆင်ပြေရန်အတွက် ယူရို (၁.၃)သန်းကျော် ပေးချေခဲ့ကြောင်း ဖေဖော်ဝါရီ (၁၅)ရက်တွင် ဖော်ပြခဲ့ကြသည်။
ယင်းသတင်းထွက်ပေါ်လာပြီး နာပိုင်းအကြာတွင် လာပေါ်တာက ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
လာပေါ်တာက ဘာစီလိုနာအသင်းအနေဖြင့် စပိန်တွင် အခြားကလပ်များကဲ့သို့ ဒိုင်လူကြီးများနှင့် ပတ်သက်ပြီး အကြံဉာဏ်ရယူခဲ့ခြင်းသာဖြစ်ပြီး သာမန်လုပ်ရပ်ဖြစ်ကြောင်း၊ ဘာစီလိုနာအသင်းအနေဖြင့် ကွင်းအတွင်း ရလဒ်ကောင်းနေချိန်တွင် ယခုကဲ့သို့ သတင်းပေါ်ပေါက်လာခြင်းမှာ သွေးရိုးသားရိုးမဖြစ်နိုင်ကြောင်း ဆိုခဲ့သည်။
ထို့ပြင် ဘာစီလိုနာအသင်းက ကောလာဟလထုတ်လွှင့်သူများကို တရားစွဲမည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
ဒိုင်အဖွဲ့နည်းစနစ်ကော်မတီဒုဥက္ကဋ္ဌဟောင်းကို ဘာစီလိုနာအသင်း ယူရို (၁.၃)သန်းကျော် ပေးချေခဲ့သည့်သတင်း ထွက်ပေါ်လာခြင်းမှာ သွေးရိုးသားရိုးမဖြစ်နိုင်ဟု လာပေါ်တာ တုံ့ပြန်
Photo: AS