မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်း၏စွဲချက်တင်ခံရမှုအကြောင်း ပြောရာတွင် လီဗာပူးလ်ဂန္ထဝင် စတီဗင်ဂျရတ်၏ ချော်လဲမှုအကြောင်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းကို အရှက်ရမိကြောင်းနှင့် မလိုအပ်သည့် ယင်းမှတ်ချက်အတွက် ဂျရတ်နှင့် ၎င်း၏မိသားစုကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
ဂွါဒီယိုလာသည် ပြီးခဲ့သည့်အပတ်က ပရီးမီးယားလိဂ်က ဘဏ္ဍာရေးချိုးဖောက်မှု အကြိမ် (၁၀၀)ကျော်ဖြင့် စွဲချက်တင်ခံထားရသည့် မန်စီးတီးအသင်းအကြောင်းကို ပြောရာတွင် ၂၀၁၄ ခုနှစ်က ချယ်လ်ဆီးနှင့်ပွဲတွင် စတီဗင်ဂျရတ်၏ ချော်လဲမှုကြောင့် လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရခြင်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၃-၁၄ ရာသီတွင် လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးနှင့်အပြိုင်ဖြစ်နေခဲ့ပြီး ချယ်လ်ဆီးနှင့်ပွဲတွင် ဂျရတ်၏ ချော်လဲမှုကြောင့် အရှုံးပေးခဲ့ရကာ ချန်ပီယံဆုကို မန်စီးတီးအသင်းထံ ပေးခဲ့ရခြင်းဖြစ်သည်။
ဂွါဒီယိုလာက "စတီဗင်ဂျရတ်ရဲ့ ချော်လဲမှုအတွက် ကျွန်တော်တို့မှာ တာဝန်ရှိလား ကျွန်တော် မသိပါဘူး။ အန်ဖီးလ်က အခြေအနေကို ခင်ဗျား(သတင်းထောက်) သိမှာပေါ့။ ဂျရတ်ကို မလေးစားလို့ ဒီစကားပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အမှားလား" ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဂွါဒီယိုလာက ၎င်း၏အဆိုပါမှတ်ချက်အတွက် ဂျရတ်နှင့် မိသားစုကိုတောင်းပန်ကြောင်း အာဆင်နယ်နှင့်ပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ဂျရတ်နဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာတွေအတွက် ကျွန်တော်ကိုယ့်ကိုယ်ကို အရှက်ရမိပါတယ်။ သူက ဒီလိုမျိုး မှတ်ချက်အပေးခံရသင့်သူ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ မှတ်ချက်တွေက ကျွန်တော့်ရဲ့အသင်းကို ကာကွယ်တာလို့ ယုံကြည်ခဲ့တာပါ။ ဒါပေမဲ့ ဂျရတ်အမည်ကို ထည့်ပြောခဲ့တဲ့ ကျွန်တော့်ရဲ့ရူးမိုက်လှတဲ့မှတ်ချက်ဟာ အသင်းကို ကိုယ်စားမပြုပါဘူး။ အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ သူ့ကို ကိုယ်တိုင်လည်း တောင်းပန်ပြီးပါပြီ။ ဒါပေမဲ့ လူသိရှင်ကြားပြောခဲ့တာဖြစ်လို့ အခုဒီမှာတောင်းပန်တာပါ။ ရူးမိုက်တဲ့မှတ်ချက်အတွက် သူ့မိသားစုကိုလည်း တောင်းပန်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။