ဘောလုံးဝေဖန်သူများအဖြစ် ဆောင်ရွက်နေကြသည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါနှင့် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တို့က လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးရှိသေးကြောင်း သုံးသပ်ခဲ့ကြသည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရုန်းကန်နေရသော်လည်း ဖေဖော်ဝါရီလ (၁၃) ရက်က ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မာဆေးဆိုက်ဒ် မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
လီဗာပူးလ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၂၁)ပွဲကစားချိန်တွင် ရမှတ် (၃၂) မှတ်ဖြင့် အဆင့် (၉) နေရာရပ်တည်နေပြီး အဆင့် (၄)မှ တစ်ပွဲပိုကစားထားသည့် နယူးကာဆယ် (၄၁ မှတ်) နှင့် (၉) မှတ် ကွာဟနေသည်။
ကာရေဂါက "ကလော့ပ်အနေ နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်နိုင်ပါတယ်။ ဒါဘီပွဲမှာ နိုင်တာကအသင်းကို အားတက်စေသလို၊ လီဗာပူးလ်ရဲ့ကစားပုံလည်း အရမ်းကောင်းခဲ့ပါတယ်။ လာမယ့် နယူးကာဆယ်နဲ့ ပွဲက သူတို့အတွက် အရေးကြီးပြီး အဲဒီပွဲနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်နိုင်ပါတယ်" ဟု ဆိုခဲ့သည်။
ဂယ်ရီနဗီးလ်ကလည်း ကာရေဂါ၏စကားကို ထောက်ခံခဲ့ပြီး အဓိကကစားသမား ဗန်ဒိုက်နှင့် ဂျိုတာတို့ ဒဏ်ရာမှ ပြန်သက်သာလာပြီဖြစ်၍ လီဗာပူးလ်ပိုကောင်းလာမည်ဟု ပြောကြားခဲ့သည်။