စပါးနည်းပြ ကွန်တီက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့တွင် အေစီမီလန်အသင်းကို ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် ပရိသတ်အားကိုးဖြင့် အနိုင်ယူကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ (၁၄)ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် စပါးအသင်းသည် အေစီမီလန်အသင်းကို အဝေးကွင်းတွင် (ဝ-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့သော် ကွန်တီက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် နှစ်ကျော့ကစားရမည်ဖြစ်သဖြင့် ပွဲမပြီးသေးကြောင်းနှင့် အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့သော်လည်း အိမ်ကွင်းတွင် အသင်းပရိသတ်များ၏အားပေးမှုဖြင့် အေစီမီလန်အသင်းကို ကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွန်တီက "နောက်တစ်ဆင့်တက်ဖို့အတွက် (၂)ပွဲ ကစားရမှာပါ။ ဒါက အဝေးကွင်းပွဲစဉ်ဖြစ်ပြီး အေစီမီလန်ပရိသတ်တွေရဲ့ အားပေးမှုက အရမ်းအားရစရာကောင်းပါတယ်။ ဆန်စီရိုကွင်းက ခက်ခဲတဲ့ကွင်းဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒုတိယအကျော့ကိုတော့ ကျွန်တော်တို့ရဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။ အသင်းပရိသတ်တွေက ကျွန်တော်တို့ အေစီမီလန်ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးကြပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။
ထို့ပြင် ကွန်တီက အေစီမီလန်မှာ စီးရီးအေချန်ပီယံဖြစ်ပြီး ပွဲအစပိုင်းတွင် ဂိုးပေးရခြင်းမှာ မဖြစ်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။