ပညာမဲ့မှု၊ ဆင်းရဲမွဲတေမှုနှင့် ကလေးသူငယ်လက်ထပ်မှု

ပညာမဲ့မှု၊ ဆင်းရဲမွဲတေမှုနှင့် ကလေးသူငယ်လက်ထပ်မှု
Published 14 February 2023
Translate by ခက္ေ၀

မိုမီနာခါတွန်က သူ့ကိုယ်သူ ကံခေသူတစ်ဦးဟု မှတ်ယူထားသည်။

သူသည် အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် အသက် ၁၈ နှစ်မပြည့်ဘဲ အိမ်ထောင်ပြုထားသည့် အမျိုးသမီးများစွာထဲမှတစ်ဦးဖြစ်ပြီး လက်ရှိတွင် အစိုးရ၏ ကလေးသူငယ်လက်ထပ်မှုတိုက်ဖျက်ရေးစီမံချက်ဖြင့် ခင်ပွန်းသည်များ အဖမ်းခံထားရသည့်အတွက် ကြံရာမရဖြစ်နေသည့် အိမ်သူအမျိုးသမီးများထဲတွင် သူလည်း ပါဝင်နေသည်။

ပြည်နယ်အစိုးရက အသက်မပြည့်ဘဲ ထိမ်းမြားလက်ထပ်မှုမျိုးကဲ့သို့ တရားမဝင်အလေ့အထကို အမြစ်ဖြတ်နှိမ်နင်းသွားမည်ဟုဆိုသော်လည်း တစ်ဖက်တွင် ခါတွန်ကဲ့သို့ အမျိုးသမီးများက သူတို့ခိုကိုးရာမဲ့ဖြစ်နေသည်ဟု ဆိုကြသည်။

ရင်သွေးရှိနေပြီဖြစ်သည့် ခါတွန်၏ဘဝသည် အစက မချောမွေ့ခဲ့ဘဲ အိမ်ထောင်ပြုပြီးနောက်မှ မျှော်လင့်ထားသည်ထက် အဆင်ပြေလာခဲ့သည်။

ဖခင်က သူအသက်ရှစ်နှစ်အရွယ်တွင် နောက်အိမ်ထောင်ပြုလိုက်ပြီး မိခင်ကလည်း လပိုင်းအကြာတွင် သူ့ကို စွန့်ပစ်သွားခဲ့သဖြင့် အာသံပြည်နယ်ရှိ ရွာငယ်လေးတစ်ခုတွင် အဒေါ်ဖြစ်သူ (ဖခင်ဘက်မှတော်စပ်)နှင့် နေခဲ့ရသည်။

“ဘဝက ဆိုးပါတယ်။ ကျွန်မကို သူတို့မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုလိုပဲ ဆက်ဆံကြတယ်” ဟု ခါတွန်က ပြောသည်။ ပြီးခဲ့သည့်နှစ်တွင် အဒေါ်မိသားစုက ၁၇ နှစ်အရွယ် ခါတွန်ကို အိမ်ထောင်ချပေးရန် ဆုံးဖြတ်လိုက်သည်။

ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုရမည်ကို တွေးပြီး ခါတွန်မှာ ကြောက်စိတ်ဝင်ခဲ့သေးသည်။ “ကျွန်မတို့ကို အမြဲပြောလေ့ရှိတယ်။ ကိုယ်လက်ထပ်လိုက်တဲ့သူက ကိုယ့်ဘဝရဲ့အဆင့်အတန်းကို ဆုံးဖြတ်ပေးလိမ့်မယ်တဲ့။ ကျွန်မက ငယ်သေးတော့ ကိုယ့်ယောက်ျားက ဆိုးသွမ်းနေရင် ဘာတွေဖြစ်လာမလဲဆိုပြီး စိတ်ပူခဲ့တာ”။

သို့သော် သူလက်ထပ်လိုက်သည့် လယ်သမား ယာကုအလီဆိုသူက ကြင်နာတတ်သူဖြစ်ပြီး အနေဆင်းရဲသော်လည်း အနည်းဆုံးသူတို့အေးချမ်းရသည်ဟု ခါတွန်က ဆိုသည်။

ထိုပျော်ရွှင်မှုများက အချိန်တိုတောင်းခဲ့သည်။ ဖေဖော်ဝါရီ ၄ ရက်တွင် အာဏာပိုင်များက အလီကို နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ပြီး အသက်မပြည့်စဉ် မိန်းကလေးတစ်ဦးကို လက်ထပ်ပေါင်းယူမှုဖြင့် စွဲချက်တင်ထားသည်။

အသက် ၂၂ နှစ်အရွယ်ရှိ အလီ အဖမ်းခံရချိန်မှစပြီး ကိုယ်ဝန်ခုနစ်လဇနီးသည်နှင့် တွေ့ခွင့်မရပေ။ “ဘယ်ကိုသွားရမလဲ။ ကျွန်မမှာ မိသားစုမှ မရှိတာ။ ကလေးရော ကျွန်မရော ငတ်သေလိမ့်မယ်”ဟု ခါတွန်က တွေးပူနေသည်။ ကလေးသူငယ်လက်ထပ်မှုဖြစ်စဉ် များနှင့်ဆက်စပ်ပြီး အမျိုးသားဆွေမျိုးသားချင်းများ အဖမ်းအဆီးခံရပြီးနောက် ခါတွန်ကဲ့သို့ အမျိုးသမီးပေါင်းများစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လာကြသည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် လူပေါင်း ၈,၁၀၀ ကျော်၏အမည်များပါပြီး သတို့သား၏မိဘများ၊ လက်ထပ်ပွဲပြုလုပ်ပေးသည့် ဘုန်းတော်ကြီးများလည်း ပါနေသည်။ လတ်တလော လူပေါင်း ၂,၅၀၀ ခန့် ဖမ်းဆီးခံထားရသည်။ ခါတွန်ကဲ့သို့သော အမျိုးသမီးများဘက်မှ ကြည့်လျှင် ပြည်နယ်အစိုးရ၏လုပ်ရပ်က သူတို့ဘဝကို မညှာမတာ စွက်ဖက်နေခြင်းဟု ရှုမြင်ကြသည်။

အမျိုးသမီးအများစုက ပညာမဲ့ဆင်းရဲသားများဖြစ်ပြီး သူတို့နားလည်ကြသည်က အဖမ်းခံရသည့် အမျိုးသားများသည် မိသားစုအတွက် အဓိကပိုက်ဆံရှာသူ၊ သူတို့မှီခိုအားထားနေရသူများသာ ဖြစ်သည်။

ရဲစခန်းများရှေ့တွင် အမျိုးသမီးများ လူးလှိမ့်အော်ငို ဆန္ဒပြနေကြသည့်မြင်ကွင်းများလည်း ဆိုရှယ်မီဒီယာတွင် တစ်ပုံတစ်ပင်တက်လာသည်။

အသက် ၁၄ နှစ်မှ ၁၈ နှစ်အတွင်း မိန်းကလေးငယ်များကို လက်ထပ်ထားသည့် အလီကဲ့သို့ အမျိုးသားများကို ကလေးသူငယ် လက်ထပ်မှုတားမြစ်သည့်ဥပဒေဖြင့် တရားစွဲဆိုပြီး ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ်အပြစ် ပေးနိုင်သည်။ မိန်းကလေးက အသက် ၁၄ နှစ်အောက်ဖြစ်လျှင် အမျိုးသားအတွက် စွဲချက်ပိုကြီးပြီး အာမ,ခံမရသည့်ပြစ်မှုဖြစ်ကာ  ထောင်ဒဏ်ခုနစ်နှစ်မှ တစ်သက်တစ်ကျွန်းအထိ အရေးယူနိုင်သည်။

အာသံပြည်နယ်အတွင်းမှာပင် အစ္စလာမ်ဘာသာဝင်များ များပြားသည့် ဒေသများ၌ အဖမ်းအဆီး ပို၍များနေပြီး ဟိန္ဒူအမျိုးသားအများအပြားလည်း ထိန်းသိမ်းခံထားရသည်။ အိန္ဒိယ၏ မွတ်စလင်ဥပဒေအရ မိန်းကလေးက အရွယ်ရောက်သည်နှင့် အိမ်ထောင်ပြုခွင့်ရှိသည်။ ယင်းဥပဒေနှင့် အိန္ဒိယ၏ကလေးသူငယ်ထိမ်းမြားလက်ထပ်မှု တားမြစ်ရေးဥပဒေ (အသက် ၁၈ နှစ်အောက် မိန်းကလေးလက်ထပ်ခွင့်မပြု)တို့အကြား ၀ိရောဓိဖြစ်နေမှုက တရားရုံးချုပ်တွင်ပါ အငြင်းပွားစရာဖြစ်နေသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့ Vidhi Legal မှ သုတေသနဒါရိုက်တာ ဒေါက်တာအာဂီယာဆန်ဂူပတာကမူ  ဘာသာအယူဝါဒတစ်ခုအတွက် ချထားသည့် ဥပဒေထက် အထူးဥပဒေများက ပို၍ပဓာနကျသည်ဆိုသည့် ရှေးစကားရှိသည်ဟု ဆိုသည်။

အာသံပြည်နယ်ဝန်ကြီးချုပ် ဟီမန်တာဘစ်စဝါဆာမာက သူ့အစိုးရသည် ကလေးသူငယ်လက်ထပ်မှုကို နှိမ်နင်းနေခြင်းသာ ဖြစ်ပြီး မည်သည့်အစုအဖွဲ့ကိုမှ ပစ်မှတ်ထားနေခြင်းမဟုတ်ဟု ပြောကြားထားသည်။ သို့သော် ဝေဖန်ရေးသမားများက  ယင်းသို့နောက်ပြန်မြော်ကြည့်သည့် အဖမ်းအဆီးလုပ်ရပ်များသည် အာသံပြည်နယ် BJP အစိုးရက လူနည်းစု (အထူးသဖြင့်ဘင်္ဂါလီ စကားပြောမွတ်စလင်များ) ကို ဖယ်ကြဉ်ရန် ကြိုးပမ်းနေမှုဖြစ်သည်ဟု ဝေဖန်ကြသည်။

ကျွမ်းကျင်သူများကလည်း ယင်းအဖမ်းအဆီးများကြောင့် တိတ်တဆိတ် တရားမဝင်လက်ထပ်မှုများ  ပို၍ဖြစ်လာနိုင်သည်ဟု ဆိုကြသည်။

အမ်စတာဒမ်ရှိ Vrije University ကျောင်းမှ သုတေသီ၊ ကထိက ဒေါက်တာအဗ္ဗဒူအာဇတ်က ကလေးသူငယ်လက်ထပ်မှုများသည် ဆင်းရဲမှုနှင့် ယောက်ျားကြီးစိုးမှုတို့မှ မြစ်ဖျားခံနေပြီး လူမှုရေးနှင့်စီးပွားရေးကို မြှင့်တင်ပေးခြင်းနည်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကာ အစုအဖွဲ့တစ်ခုတည်းကို ပစ်မှတ်ထားရုံဖြင့် မရဟု ပြောသည်။

တရားမဝင်သည့်တိုင် ကလေးသူငယ်လက်ထပ်မှုက အိန္ဒိယအစိတ်အပိုင်းအများစုတွင် ကျယ်ပြန့်နေပြီး အဓိကအကြောင်းရင်းက ယောက်ျားကြီးစိုးသည့်ဓလေ့၊ ပညာမဲ့မှုနှင့် ဆင်းရဲနုံချာမှုတို့ကြောင့်ဖြစ်သည်။ ဖြစ်စဉ်အနည်းစုသာ စာရင်းရလေ့ရှိပြီး နိုင်ငံလုံးဆိုင် ရာမှုခင်းမှတ်တမ်းဗျူရိုထုတ်ပြန်ချက်အရ အာသံပြည်နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ကလေးသူငယ်ထိမ်းမြားလက်ထပ်မှု ၁၅၅ ခု၊  ၂၀၂၀ ခုနှစ်တွင် ၁၃၈ ခုသာ စာရင်းရခဲ့သည်။ 

အာသံပြည်နယ်အတွင်း အသက်မပြည့်ဘဲ ကိုယ်ဝန်ဆောင်မှုနှုန်း မြင့်တက်လာသည့်အတွက် ယင်းပြဿနာကိုအမြစ်ဖြတ်မည်ဆိုသည့် ပြည်နယ်ဝန်ကြီးချုပ်ဆာမာ၏ ကြေညာချက်နှင့်အတူ ဇန်နဝါရီ ၂၃ ရက်တွင် ဖမ်းဆီးမှုစီမံချက်စတင်ခဲ့သည်။

အာသံပြည်နယ်၊ ဒူဘရီနယ်ခံ ခါလီဒူရာရှစ်ဆိုသူသည် သူ့အဖြစ်ကို စမပြောပြမီမှာပင် စိတ်မတင်းထားနိုင်ဖြစ်နေသည်။ သူ့တွင် အသက် ၂၃ နှစ်အရွယ် သမီးတစ်ဦးရှိပြီး ဖေဖော်ဝါရီ ၄ ရက်တွင် အဆုံးစီရင်သွားခဲ့သည်။ သားသမီးလေးဦးထဲတွင် အကြီးဆုံးဖြစ်သည့် ထိုသမီးက အသက် ၁၄ နှစ်တွင် အိမ်ထောင်ကျပြီး ခင်ပွန်းက ကိုဗစ်ရောဂါဖြင့် ၂၀၂၀ ခု နှစ်တွင် ဆုံးသွားသဖြင့် ကလေးနှစ်ဦးနှင့်အတူ မိဘအိမ်သို့ ပြန်ရောက်လာခဲ့သည်။

အားလုံးအဆင်ပြေနေကာမှ သမီးဖြစ်သူသည် ယောက်ျားသားများကို လိုက်ဖမ်းသည့်သတင်းကြားပြီးနောက် ပူထူလာတော့သည်။ တစ်နေ့တွင် ဖခင်ကို လက်ထပ်စာ ချုပ်အကြောင်းမေးသည်။ “ယောက်ျားက သေပြီမို့လို့ သမီးမှာ စိတ်ပူစရာမရှိဘူးလို့ ကျွန်တော်သူ့ကို ပြောပြပါတယ်”ဟု ရာရှစ်က ပြောသည်။ သို့သော် သမီးဖြစ်သူက မိဘများအဖမ်းခံရမည်ကို ကြောက်လန့်ပြီး သူ့ကိုယ်သူအဆုံးစီရင်သွားသည်ဟု ရာရှစ်က ဆိုသည်။

အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာ ဒူဘရီနယ်တွင် အဖမ်းအဆီး အများဆုံးဖြစ်သည်။ ဆန္ဒပြအမျိုးသမီးရှစ်ဦးကိုယ်စား လိုက်ပါဆောင်ရွက်ပေးနေသည့် ဒူဘရီအခြေစိုက် ရှေ့နေ မာဆုဇာမန်က “အများက ကလေးသူငယ်လက်ထပ်မှုဟာ မွတ်စလင်လူမှုအဖွဲ့အစည်းရဲ့ ပြဿနာလို့ မြင်နေကြတာပါ။ ဒါပေမဲ့ ဒူဘရီမှာ ကလေးသူငယ်လက်ထပ်မှုနှုန်း မြင့်မားနေတာဟာ မွတ်စလင်တွေ နေတဲ့အရပ်ကြောင့်မို့ မဟုတ်ပါဘူး။ ဒူဘရီဟာ အာသံပြည်နယ်ရဲ့ အဆင်းရဲဆုံးဒေသတွေထဲက တစ်ခုဖြစ်ပြီး အများစုက ပညာမတတ်ကြလို့ပါ”ဟု ပြောသည်။

အစိုးရက အမျိုးသမီးများ၏ဘဝကို အထိခိုက်ခံပြီး လူမှုပြဿနာတစ်ခုကို လူတစ်စုနှင့်ဆိုင်သည့် ပြဿနာအသွင် ပြောင်းလဲနေသည်ဟုလည်း ၎င်းက ဝေဖန်ထားသည်။

သို့သော် ဒုက္ခရောက်သည့်အမျိုးသမီးများအတွက် အစိုးရက နစ်နာကြေးများပေးမည် ကြေညာထားသဖြင့် အမျိုးသမီးများ၏အပူသောကကို ပြေလျော့သွားစေနိုင်သည်ဟု ရှေ့နေဇာမန်က ယူဆသည်။

“ဒါဆို ဇနီးနဲ့ ခင်ပွန်းအကြား စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုရော အစိုးရက ဘယ်နည်းနဲ့ အလျော်ပြန်ပေးမှာလဲ” ဆိုသည့် မေးခွန်းက မိုမီနာခါတွန်၏ စိတ်တွင် စွဲထင်နေသည်။                                              

Ref:BBC

Most Read

Most Recent