နှစ်ပေါင်းများစွာ စစ်ဘေးနှင့်ရင်ဆိုင်ရသည့် ဆီးရီးယားအနောက်မြောက်ပိုင်းမှ ဒေသခံများသည် ဧရာမငလျင်ဒဏ်ကိုပါ ထပ်မံခံစားခဲ့ရခြင်းကြောင့် ၎င်းတို့အတွက် ပိုမိုခါးသီးသော နောက်ထပ်ပကတိအခြေ အနေတစ်ရပ်နှင့်ပါ ရင်ဆိုင်နေရသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငလျင်ဒဏ်သင့် ဆီးရီးယားပြည်သူများကို ကူညီရန် ပျက်ကွက်ခဲ့သည်ဟု ဆီးရီးယားမြောက်ပိုင်းနှင့် အိမ်နီးချင်းတူရကီတို့တွင် ပြင်းအား ၇ ဒသမ ၈ မဂ္ဂနီကျုရှိ ဖျက်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး တစ်ပတ်နီးပါးအကြာ၌ ကုလသမဂ္ဂက ဝန်ခံခဲ့သည်။
ဆီးရီးယားစစ်တပ်နှင့် နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သူပုန်များ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိနေသေးသည့် အက်တာရက်မြို့တွင် ငလျင်ဘေးမှ ရှင်ကျန်လွတ်မြောက်ခဲ့သူများသည် သေကြေပျက်စီးခဲ့ရရှာသူများ၏ ရုပ်အလောင်းအကြွင်းအကျန်များကို ကောက်ယူရန် ပြိုကျသွားသော ၎င်းတို့၏နေအိမ်အပျက်အစီးများကြားတွင် တူးဆွလျက် စစ်ဒဏ်သင့်ဒေသ၌ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် လူသားချင်းစာနာမှု အကျပ်အတည်းများစွာထဲမှ လတ်တလောအခြေအနေကို ပြန်လည်ကုစားနိုင်ရန် နည်းလမ်းရှာဖွေလျက်ရှိသည်။
ဒေသခံများသည် ဂေါ်ပြားများဖြင့်လည်းကောင်း၊ မြေတူးစက်များဖြင့်လည်းကောင်း အုတ်ကျိုးအုတ်ပဲ့များကို ဖယ်ရှားကာ ပြိုကျပျက်စီးသွားသော အဆောက်အအုံတစ်ခုကို ရှင်းလင်းနေသည်။
နောက်တစ်ကြိမ် နေရပ်ရွှေ့ပြောင်းခဲ့ရပြန်သည့် မိသားစု ဒါဇင်ပေါင်းများစွာသည် ၎င်းဒသမှ စေတနာ့ဝန်ထမ်းများနှင့် အတိုက်အခံတို့က ဖွဲ့စည်းထားသော ဒေသန္တရအစိုးရက ဝေငှသည့် အစားအသောက်များကို ရရှိနိုင်ရန် တန်းစီ စောင့်ဆိုင်းနေကြသည်။ အရပ်သားတစ်ဦးသည်လည်း ရွက်ဖျင်တဲ တစ်ခုပြီးတစ်ခု ဝင်ထွက်သွားလာကာ ၁၈ ဒေါ်လာနှင့်ညီမျှသော ငွေစက္ကူအခေါက်များကို မိသားစုတစ်စုချင်းစီအား လိုက်လံဝေငှနေသည်။
ဒေသခံဆီးရီးယားပြည်သူများသည် အတိဒုက္ခများကို နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရစဉ်အတွင်း ထိုအခြေအနေတို့ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း မြင့်မားလာခဲ့ပြီး သူတို့ဘဝကို ပြန်အဖတ်ဆယ်ကာ ရှေ့ဆက်နိုင်ရန် ကိုယ့်အားကိုယ်ကိုးရုံမှတစ်ပါး အခြားနည်းလမ်းမရှိပေ။
“ကိုယ့်ဘာသာကိုယ်ပဲ ပြန်အားယူပြီး ရုန်းထနေပါတယ်” ဟု စစ်ဒဏ်ကြောင့် နှစ်ကြိမ်တိုင်တိုင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဟက်မတ်ဟာမွတ်ဆိုသူက ပြောကြားခဲ့သည်။ သူသည် အပျက်အစီးများအောက်တွင် နာရီပေါင်းများစွာ ပိတ်မိနေခဲ့သူဖြစ်သည်။
အညှာအတာမဲ့သော လေကြောင်းတိုက်ခိုက်မှုများနှင့် တစ်စတစ်စ ပိုမိုဆိုးရွားလာသော ဆင်းရဲနွမ်းပါးမှုဒဏ်တို့ကြောင့် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည့် လူပေါင်းလေးသန်းကျော် နေထိုင်သော ဆီးရီးယားအနောက်မြောက်ပိုင်းရှိ သူပုန်များ ထိန်းချုပ်ရာနယ်မြေတွင် ဖေဖော်ဝါရီ ၆ ရက်က ဧရာမငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။
၎င်းတို့အနက်မှ အများအပြားသည် စစ်ဒဏ်ကြောင့် ပြည်တွင်း၌ နေရပ်စွန့်ခွာရွှေ့ပြောင်းခဲ့ရပြီး လူပြွတ်သိပ်ကျပ်ညပ်နေသော ရွက်ဖျက်တဲများတွင် နေထိုင်ကြရသူများဖြစ်သည်။ လတ်တလောဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ၎င်းဒေသတွင် လူ ၂,၀၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်အများအပြားသည်လည်း ထပ်မံနေရပ်ရွှေ့ပြောင်းခဲ့ရကာ လူအချို့သည် အလွန်ချမ်းအေးလှသည့် ဆောင်းရာသီကာလ၌ သံလွင်ပင်အုပ်အောက်တွင် အိပ်စက်နေကြရသည်။
ငလျင်ဒဏ်သင့် တူရကီ-ဆီးရီးယားနယ်စပ်သို့ သွားရောက်ကြည့်ရှုခဲ့သည့် ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်က ဆီးရီးယားပြည်သူများသည် ရောက်မလာခဲ့သည့် နိုင်ငံတကာ၏ အကူအညီကို စောင့်မျှော်ရင်း ကူကယ်ရာမဲ့ဖြစ်ခဲ့ရရှာသည်ဟု ဝန်ခံပြောဆိုခဲ့သည်။
“ကျွန်တော်တို့ဟာ ဆီးရီးယားအနောက်မြောက်ပိုင်းက ပြည်သူတွေအပေါ်မှာ အခုအချိန်ထိ ဘာမှထိထိရောက်ရောက် မလုပ်ပေးနိုင်သေးပါဘူး။ ပစ်ပယ်ခံထားရတယ်လို့ သူတို့ခံစားမိနေတာကလည်း မမှားပါဘူး။ ကျွန်တော့်ရဲ့ တာဝန်နဲ့ဝတ္တရားကတော့ အဲဒီပျက်ကွက်မှုကို တတ်နိုင်သမျှ အမြန်ဆုံးဖြည့်ဆည်းပေးဖို့ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
ဆီးရီးယားအနောက်မြောက်ပိုင်းမှ ဒေသခံများသည် အသက်ရှင်ရပ်တည်ရန် ပြင်ပအထောက်အပံ့များအပေါ် အလုံးစုံနီးပါး မှီခိုနေရသော်လည်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်တွင် အဆိုပါဒေသသို့ နိုင်ငံတကာ အကူအညီများ ဝင်ရောက်လာမှု နှေးကွေးသွားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးသုံးရက်အကြာမှသာ တူရကီဘက်မှ ထိုဒေသသို့ ကုလသမဂ္ဂ၏ ပထမဆုံးယာဉ်တန်း ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ယင်းမတိုင်မီက တူရကီ-ဆီးရီးယားနယ်စပ် ဘက်ဘ်အယ်-ဟာဝါနယ်စပ်ဂိတ်မှတစ်ဆင့် ပုံမှန်ပို့ဆောင်ပေးနေသည့် အရာများမှာ မြေမြှုပ်သင်္ဂြိုဟ်ရန် ပြန်ပို့ပေးသည့် ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများပင်ဖြစ်သည်။ ၎င်းတို့သည် ပြည်တွင်းစစ်ကြောင့် မိခင်နိုင်ငံမှ စွန့်ခွာထွက်ပြေးကာ တူရကီတွင် အခြေချနေထိုင်သော ဆီးရီးယားဒုက္ခသည်များ ဖြစ်ကြပြီး ယခုတွင်မူ ငလျင်ဘေးကြောင့် သေဆုံးခဲ့ရသည်။
တူရကီမှ ဆီးရီးယားသို့ ပို့ဆောင်ပေးသည့် ကုလသမဂ္ဂ၏ အထောက်အပံ့များကို ဘက်ဘ်အယ်-ဟာဝါ နယ်စပ်ဂိတ်မှသာ ဖြတ်သန်းပို့ဆောင်နိုင်ပြီး ယင်းနယ်စပ်ဂိတ်နှင့် ဆက်သွယ်ထားသော လမ်းများသည် ငလျင်လှုပ်ခတ်ပြီးနောက်တွင် ဖြတ်သန်းသွားလာရန် မဖြစ်နိုင်တော့ပေ။ နိုင်ငံတကာအထောက်အပံ့များကို ဆီးရီးယားအစိုးရထိန်းချုပ်ထားသော နယ်မြေများမှတစ်ဆင့် နိုင်ငံအနောက်မြောက်ပိုင်းရှိ သူပုန်ထိန်းချုပ်ခံနယ်မြေများဆီသို့ ပေးပို့နိုင်သည့်တိုင်အောင် အဆိုပါနည်းလမ်းသည်လည်း အခက်အခဲများ ရှိနေသည်။
သမ္မတ ဘာရှားအယ်-အာဆတ် အစိုးရကို ဝေဖန်သူများကမူ ဆီးရီးယားအစိုးရ ထိန်းချုပ်ထားသော ဒေသများမှ အကူအညီများကို ဖြတ်သန်းပို့ဆောင်ခြင်းသည် ရှုပ်ထွေးသော စည်းမျဉ်းများနှင့် ကြုံတွေ့ရနိုင်သကဲ့သို့ အာဏာပိုင်များကလည်း ယင်းအကူအညီများကို အစိုးရနှင့်နီးစပ်သူများကိုသာ ပေးအပ်ပြီး အလွဲသုံးစား လုပ်နိုင်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆီးရီးယား အစိုးရထိန်းချုပ်ခံနယ်မြေမှ သူပုန်လက်အောက်ရှိ အစ်ဒလစ်ဒေသဆီသို့ ပို့ဆောင်ရန် စီစဉ်ထားသော ကုလသမဂ္ဂအကူအညီများ သယ်ဆောင်လာသည့် ယာဉ်တန်းသည် ဟာယက်တာရီယာ အယ်-ရှမ် (HTS) သူပုန်အုပ်စု၏ ပိတ်ပင်မှုကြောင့် ယင်းအစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။
၎င်းအဖွဲ့နှင့်ဆက်နွှယ်သော လွတ်မြောက်နယ်မြေများ၏ နိုင်ငံရေးဆိုင်ရာဌာနက လွတ်မြောက်နယ်မြေများသည် ဆီးရီးယားအစိုးရနှင့် ကူးလူးဆက်ဆံခြင်းမရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဘက်ဘ်အယ်-ဟာဝါသည် လူသားချင်းစာနာမှုအကူအညီများ ဖြတ်သန်းပို့ဆောင်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းရှိ နယ်မြေအချို့ကို ရံဖန်ရံခါ ပဋိပက္ခဖြစ်ပွားတတ်သည့် အုပ်စုများက ထိန်းချုပ်ထားသည့်အတွက် အကူအညီပေးပို့မှုများကို ပိုမိုနှောင့်နှေးစေခဲ့သည်။ တူရကီ ကျောထောက်နောက်ခံပြု သူပုန်များသည် အနီးဝန်းကျင်ဒေသများမှ အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်အုပ်စုက ပေးပို့သော အကူအညီများ တင်ဆောင်လာသည့် ယာဉ်တန်းများကို ပိတ်ပင်ထားသည်။
“နိုင်ငံရေးခံယူချက်တွေကို ဘေးဖယ်ထားဖို့ တိုက်တွန်းသွားမှာပါ။ အခုအချိန်ဟာ ဆီးရီးယားပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းရမယ့်အချိန်ဖြစ်တယ်” ဟု ဖေဖော်ဝါရီ ၁၂ ရက်က ဒမတ်စကက်မြို့သို့ ရောက်ရှိလာသည့် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဂီယာပက်ဒါဆန်က ပြောကြားသည်။
ဆီးရီးယားအနောက်မြောက်ပိုင်းဆီသို့ အကူအညီရောက်ရှိလာမှုများ နှေးကွေးသွားသော်လည်း ဆီးရီးယား ပြည်တွင်းစစ်အတွင်း အစိုးရနှင့် ဆက်ဆံရေးဖြတ်တောက်ခဲ့သည့် နိုင်ငံအများအပြားသည် အစိုးရထိန်းချုပ်ထားသော နယ်မြေဒေသများသို့ အကူအညီများ ပေးပို့ခဲ့သည်။ အီဂျစ်နှင့် ယူအေအီးအပါအဝင် အာရပ်နိုင်ငံများသည် ကြားဝင်ကူညီမှုများ ပြုလုပ်လာခဲ့ကာ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးသည်လည်း မြို့တော်ဒမတ်စကက်သို့ သွားရောက်ကာ သမ္မတအာဆတ်နှင့် တွေ့ဆုံခဲ့သည်။
သူပုန်ထိန်းချုပ်ခံ ဆီးရီးယားအနောက်မြောက်ပိုင်းတွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်သားကာကွယ်ရေးအဖွဲ့ ဖြစ်သော White Helments (ခမောက်ဖြူအဖွဲ့) ၏အကြီးအကဲ ရာအက်အယ်-ဆာလက်ကမူ ကုလသမဂ္ဂ တာဝန်ရှိသူ၏ ခရီးစဉ်သည် အချိန်နှောင်းနေပြီး ကျယ်ပြန့်မှုမရှိကြောင်း ပြောကြားခဲ့သည်။
အယ်-ဆာလက်သည် ဂရစ်ဖစ်နှင့်တွေ့ဆုံစဉ်အတွင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှ ခွင့်ပြုချက်ကို စောင့်ဆိုင်းရန်မလိုဘဲ နယ်စပ်ဖြတ်ကျော် အကူအညီပေးပို့သည့် လမ်းကြောင်းများကို ထပ်တိုးဖွင့်လှစ်ပေးရန် တောင်းဆိုခဲ့သည်။
ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များ၏ နိုင်ငံတကာသို့ အကူအညီတောင်းခံမှုများသည်လည်း ရက်အတန်ကြာ လျစ်လျူရှုခံခဲ့ရပြီး ထိုစဉ်အတောအတွင်း မရေမတွက်နိုင်သော လူ့အသက်ပေါင်းများစွာကို အချည်းနှီး ဆုံးရှုံးခဲ့ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
လူသားချင်းစာနာမှုကပ်ဘေးနှင့် ရင်ဆိုင်နေရသည့် ဆီးရီးယားပြည်သူများ၏အသက်ကို ကယ်တင်ရန် ကုလသမဂ္ဂက လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်နိုင်မှု မရှိခြင်းသည် လုံးဝအရှက်ရစရာကောင်းသည်ဟုလည်း ၎င်းက ဆိုသည်။
အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီခေါင်းဆောင် ဒေးဗစ်မီလီဘန်းကလည်း “ကမ္ဘာကြီးဟာ ဆီးရီးယား အကျပ်အတည်းကနေ အာရုံပြောင်းသွားပါပြီ။ ဒါပေမဲ့ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။ မေ့လျော့ခံအကျပ်အတည်းဟာ သူ့အလိုလို ဖြေရှင်းပြီးသားဖြစ်သွားမှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ စစ်ဒဏ်ကြောင့် ချောက်ကမ်းပါးစွန်းပေါ် ရောက်နေသည့် ဆီးရီးယားပြည်သူများသည် သဘာဝဘေးဒဏ်ကြောင့် ချောက်ကမ်းပါးထဲသို့ တွန်းချခံလိုက်ရပြီဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
Ref:AP










