မြင့်မားလာသည့် ကမ္ဘာ့စီးပွားရေး မသေချာမှု

မြင့်မားလာသည့် ကမ္ဘာ့စီးပွားရေး မသေချာမှု
Photo - Vecteezy
Photo - Vecteezy
Published 12 February 2023
စောနိုင် (အသုံးချဘောဂဗေဒ)

(၁) ကမ္ဘာ့စီးပွားရေးသည် မကြာသေးမီနှစ်များအတွင်း ယခင်မကြုံခဲ့ဖူးသော အခြေအနေများဖြင့် ထိတ်လန့်တုန်လှုပ်မှုများဖြစ်ခဲ့ပြီ။ ယခင်နှင့်မတူသည့် ပုံမှန်မဟုတ်သော အခြေအနေများပင်။ ဆိုရလျှင် နယူးနော်မယ် (New Normal) ခေါ် ပုံမှန်မဟုတ်သော အခြေအနေသစ်များကို ကမ္ဘာကြီးစတင်ရင်ဆိုင်ရသည့် အချိန်ကာလများဖြစ်ခဲ့၏။ ထိုသို့ ရှိနေစဉ်မှာပင် ကမ္ဘာ့နိုင်ငံများ အကြား၌ဖြစ်ပေါ်နေသော မတိုက်ဆိုင်သော အယူအဆများ၊ နိုင်ငံရေးအုပ်စုဖွဲ့မှုများကလည်း အခြေအနေ အရပ်ရပ် ပိုမိုဆိုးရွားလာစေရန်  ထပ်မံတွန်းအားပေးသကဲ့သို့ ဖြစ်လာခဲ့ပြန်သည်။ သုတေသန တွေ့ရှိချက်များက လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ကမ္ဘာ့ရေးရာများတွင် ယခင်ကာလများနှင့်မတူသည့် မသေချာ၊ မရေရာမှုများ ပိုမိုဖြစ်စေခဲ့ပြီး စီးပွားရေး တိုးတက်မှုများကိုပါ တိုက်ရိုက် ထိခိုက်လာစေနိုင်သည်ဟု ဖော်ပြနေသည်။  

(၂) မည်သို့အပြောင်းအလဲများ ဖြစ်နေသနည်း။ မသေချာ၊ မရေရာမှုများ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲဖြစ်ပေါ်နေသည်ကို အကဲခတ်နိုင်ရန် ကမ္ဘာ့မသေချာမှုညွှန်းကိန်း (World Uncertainly Index) ကို လေ့လာကြည့်ကြသည်။ ကမ္ဘာ့မသေချာမှုညွှန်းကိန်းဆိုသည်မှာ အီးအိုင်ယူ (EIU) ဟု အတိုကောက် ခေါ်ဝေါ်ကြသော Economic Intelligence Unit က သုံးလ တစ်ကြိမ် ထုတ်ဝေထားသည့် အစီရင်ခံစာများတွင်ပါရှိသော မသေချာမှု၊ မရေရာမှုများကို ထင်ဟပ်စေသည့် ဝေါဟာရ၊ စကားလုံးများပါဝင်မှု အကြိမ် အရေအတွက်ကို အသုံးပြုမှုကို လေ့လာတွက်ချက်သုံးသပ်ထားသည့် ညွှန်းကိန်းတစ်ခုဖြစ်သည်။ အီးအိုင်ယူသည် ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ငန်းများနှင့် စျေးကွက်များကို လေ့လာအကဲခတ်နေသော ကမ္ဘာ့ဦးဆောင် သုတေသနကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၄၃ နိုင်ငံ၏အခြေအနေများ၊ အချက်အလက်များကို  ပုံမှန်လေ့လာနေခြင်းဖြစ်သည်။    

(၃) ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားလာပြီးနောက် ဆက်စပ်ပတ်သက်နေသော နိုင်ငံများအားလုံးတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ငွေရေး ကြေးရေးကိစ္စ အပါအဝင် အခြေအနေအရပ်ရပ် မတည်ငြိမ်မှုများ ဖြစ်လာခဲ့သည်။ စစ်ပွဲနှင့်ဆက်စပ်၍ နေထိုင်မှုစရိတ်စက အကျပ်အတည်းအပါအဝင် ဆက်တိုက်ဖြစ် ပေါ်လာခဲ့သော ရှော့ခ်များကြောင့် မတည်ငြိမ်မှုအမျိုးမျိုးဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသော အခြေအနေကို ဖော်ပြထားသည့် ကမ္ဘာ့မသေချာမှု ညွှန်းကိန်း (World Uncertainly Index-WUI) ပြ ဂရပ်ပုံတွင် ညွှန်းကိန်း ကိုယ်စားပြုပြဘားဂရပ်လိုင်းသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး နောက်ဆုံးသုံးလပတ် အခြေအနေတွင် အမြင့်ဆုံးဖြစ်ခဲ့သည်ကို တွေ့ရသည်။ အချိန်တိုအတွင်း ကမ္ဘာ့ရေးရာများ၌ မသေချာ၊ မရေရာမှုများ မြင့်တက်လာသည်ကို ထင်ဟပ်နေသည်။  

ဧပြီလမှစ၍တွက်ချက်ထားသောညွှန်းကိန်းများသည်  ပြင်းထန်မှုမရှိ၊ သင့်တင့်သော အခြေအနေရှိသော်လည်း အမြင့်ဘက်သို့သာ ဆက်လက် ဦးတည်နေသည်ကိုတွေ့ရသည်။  ဒီဇင်ဘာလတွင်မူ ကျဆင်းခဲ့သည်ဟုဆိုသည်။ သို့သော် ရုရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက်အဖြစ်စီးပွားရေးအခြေအနေများ အပေါ်တွင် ကျယ်ပြန့်သောသက်ရောက်မှုများ ဆက်လက်ရှိနေသည်။ ထို့အတူ မသေချာမှုကိုဖြစ်စေသည့်တွန်းအားများမှာ အကြောင်းအမျိုးမျိုးကို အခြေခံနေသည်ကို သတိပြုမိကြလိမ့်မည်။ စျေးကွက် မသေချာမှုများ၊ ရောင်းလိုကွင်းဆက် ပျက်ယွင်းမှုများ၊ ကပ်ရောဂါအပေါ် စိုးရိမ်စိတ်များ၊ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံကြားတွင်ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခများ၊ ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေများနှင့် ဆက်စပ်ဖြစ်ပေါ်မှုများသည် ကမ္ဘာ့စီးပွားရေးကို မသေချာ၊မရေရာမှုထဲသို့ တွန်းပို့နေတော့သည်။

(၄) ဖော်ပြထားသောဂရပ်ပုံသည် မသေချာ၊ မရေရာမှုများကို တွန်းအားဖြစ်စေသည့် အခြေအနေများကို ဖော်ပြနေသည်။ ဥရောပသမဂ္ဂမှ ထွက်ခွာရန် ဗြိတိန်၏ မျှော်လင့်မထားသော မဲရလဒ်များနောက်တွင် မသေချာမရေရာမှုဒီဂရီ ခုန်တက်သွား၏။ ၂၀၁၆ ခုနှစ် အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ၏ အံ့အားသင့်ဖွယ် ရလဒ်များထွက်ပေါ်လာပြီးနောက် ပို၍ပင်မြင့်တက်လာခဲ့၏။ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး တင်းမာမှုများသည်လည်း ကမ္ဘာကြီးအတွက် မသေချာ မရေရာမှုများ ဖြစ်စေခဲ့ကြောင်း လက်တွေ့ကျကျ ထင်ထင်ရှားရှား မြင်နေရသည်။ ၂၀၂၀ ပြည့်နှစ် အရောက်တွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပ ျံ့နှံ့လာခြင်း၊ နောက်ထပ် နှစ်နှစ်ခန့်အကြာတွင် ရုရှား၏ ယူကရိန်းကို ကျူးကျော်သည့် စစ်ပွဲ၊ နိုင်ငံများကြား ပထဝီစီးပွားရေး အကွဲကွဲအပြားပြားဖြစ်နိုင်ခြေများနှင့်အတူနိုင်ငံတကာ ကုန်သွယ်မှုတွင်လည်း မရေရာမှုများသည် ယခင်ကထက် ပိုမိုကြီးထွားလာခဲ့သည်။   

(၅) လူမှုရေးမငြိမ်သက်မှုများ၊ စီးပွားရေးမငြိမ်သက်မှုများသည် မသေချာ မရေရာမှုများနှင့် အပြန်အလှန် ဆက်စပ်မှုများရှိနေသည်။ ကိုဗစ်ကပ်ရောဂါ မတိုင်ခင် ကာလများက နိုင်ငံအတော်များများတွင် အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြမှုများ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ စသည်ဖြင့် လူမှုရေးမငြိမ်သက်မှုများစွာ ဖြစ်ပွားနေခဲ့သည်။ ကိုဗစ် ကပ်ရောဂါဖြစ်ပွားသည့် ပထမနှစ်တွင် လူမှုရေး မငြိမ်သက်မှုများ ခေတ္တ လျော့နည်းသွားခဲ့၏။  ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အစောပိုင်းကာလများတွင်  အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့၌ ကြီးမားသော လူထုဆန္ဒပြမှုများ၊ အဓိကရုန်းများ ဖြစ်ပွားခဲ့သည်။ မေလမှစ၍ လူမှုရေးမငြိမ်သက်မှုများပြန်လည်များပြားခဲ့ပြီး စီးပွားရေးအခြေအနေများအပေါ် ဆိုးကျိုးများဖြစ်ပေါ်ခဲ့သည်။ ထိုအခြေအနေကို နိုင်ငံပေါင်း ၁၃၀ ၏ အချက်အလက်များ (၁၉၈၅ ခုနှစ် ဇန်နဝါရီမှ ၂၀၂၂ ခုနှစ် မတ်လအထိ) ရယူတွက်ချက်ထားသည့် Reported Social Unrest Index (RSUI) ခေါ်သည့် လူမှုရေး မငြိမ်သက်မှုညွှန်းကိန်းဖြင့်လည်း လေ့လာတွေ့ရှိနိုင်သည်။      

(၆) ထိုသို့ မငြိမ်သက်မှုအခြေ အနေအမျိုးမျိုးကြားတွင် နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များ၏ ငွေကြေးပေါ်လစီ တင်းကျပ်စွာ ကိုင်တွယ်မှုများနှင့် နိုင်ငံအများအပြားတွင် အရှိန်မပျက်မြင့်တက်နေသော ငွေကြေးဖောင်းပွမှုအခြေအနေများသည်လည်း သက်ဆိုင်ရာနိုင်ငံ အသီးသီး၏ စီးပွားရေးအခြေအနေ များအပေါ် မသေချာမှုများ ပိုမိုတိုး လာစေသည်ဟု ရှုမြင်ကြသည်။ သမိုင်းတစ်လျှောက် မကြုံခဲ့ဖူးသော စိန်ခေါ်မှုများကြားတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စီးပွားရေး ခန့်မှန်းချက်များသည်လည်းကောင်း၊ ဝယ်ယူရေးမန်နေဂျာညွှန်း ကိန်း (ဏကမခ့ေျငညါ ြညေေါနမျဒ ှုညိနထ-ဏြှု) ဖြင့် လေ့လာသည့် ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုကဏ္ဍများ အခြေအနေသည်လည်း ကောင်း မသေချာ၊ မရေရာမှုများဖြင့် သာ ရှိနေတော့သည်။

(၇) ယနေ့ကမ္ဘာ့စီးပွားရေးအခြေအနေသည် စီးပွားရေးအကြောင်းများဖြင့်သာ သီးသန့် ဖြစ်ပေါ်ပြောင်းလဲနေခြင်းမဟုတ်ပေ။ သက်ဆိုင်သည့်ဒေသ၊ နိုင်ငံ့အကျိုးစီးပွားကို ပိုမိုအလေးထားလာသော စီးပွားရေးအမျိုးသားရေးဝါဒ (Economic Nationalism)  ပိုမိုဇောင်းပေးလာသည့် အချိန်လည်းဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့စီးပွားရေး အပြောင်းအလဲများသည် အမျိုးမျိုးသော အရေးကိစ္စများ၊ အကြောင်းတရားများပေါ်တွင် မူတည်နေသည်ဟု ကောက်ချက်ချရမည်သာ။ ၂၀၂၂ ခုနှစ် ကမ္ဘာ့စီးပွားရေးသည် စီးပွားရေးနှင့် တိုက်ရိုက်သက်ဆိုင်သော အကြောင်းများနှင့်အတူ မပြီးဆုံးသေးသည့် ကပ်ရောဂါ၊ စစ်ပွဲများ၊ ဒေသတွင်း အုပ်စုဖွဲ့မှုများ၊ သံတမန်ရေးရာပြဿနာများ စသည့်အကြောင်းများနှင့် ပတ်သက်ဆက်နွှယ်လျက် အခက်အခဲ၊ အကျပ်အတည်းများထဲမှာပင် ရှိနေခဲ့သည်။ လာမည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးသည်လည်း အဖြေရှာ၍မရသေးသော၊ မပြီးပြတ်သေးသော အခြေအနေများထဲတွင် ရှိနေဆဲဖြစ်သဖြင့် မသေချာမရေရာမှုထဲတွင် ရုန်းကန် နေရဆဲဟုသာ။   ။

https://www.eurasiareview.com/

Most Read

Most Recent