အမေရိကန် ဂျော့ဝါရှင်တန်တက္ကသိုလ်သုတေသီရဲ့တွေ့ရှိချက်အရ ကိုယ်ဝန်ဆောင်ချိန် ကိုဗစ် (COVID-19) ကူးစက်တာကြောင့် အမျိုးသမီးတွေ အသက်သေဆုံးနိုင်ခြေ ခုနစ်ဆ တိုးတက်သွားပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသဖို့လိုအပ်ချက်ရှိတဲ့အချက်ကို အထင်အရှားတွေ့ရှိရတယ်လို့ဆိုပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လေ့လာထားတဲ့ လေ့လာမှု ၁၂ ရပ်က ကိုဗစ် (COVID-19) လူနာတွေရဲ့ အချက်အလက်တွေစိစစ်လေ့လာခဲ့ကြတာဖြစ်ပြီးကိုယ်ဝန်ဆောင်အမျိုးသမီးပေါင်း ၁၃၀၀၀ ဦးကျော်ပါရှိခဲ့တယ်ဆိုပါတယ်။
ကိုယ်ဝန်ဆောင်တွေဟာ ကိုယ်ဝန်ဆောင်ရင်း (သို့မဟုတ်) ကလေးမီးဖွားရင်း သေဆုံးနိုင်ခြေ ခုနစ်အဆထိ ပိုမိုမြင့်တက်သွားနိုင်ရုံမက အထူးကြပ်မတ်ဆောင်မှာ ကုသရတဲ့အခြေအနေ သုံးဆပိုများပြားနိုင်တာကို တွေ့ရှိခဲ့ကြတယ်လို ့လေ့လာမှုပြုလုပ်တဲ့ ဂျီဒဗလျူမစ်ကန်ပြည်သူ့ကျန်းမာရေးဌာန၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး တွဲဖက်ပါမောက္ခအမ်မလီစမစ်က ဆိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန်ကိုဗစ်(COVID-19)ကူးစက်ခံရတဲ့အခါ အဆုတ်ရောင်ရောဂါဖြစ်နိုင်ခြေ ၂၃ ဆအထိ ပိုမိုများပြားလာနိုင်ပြီး အသက်ရှူအကူကိရိယာထောက်ပံ့မှုလိုအပ်ချက်လည်း ၁၅ ဆ ပိုများလာပါတယ်။ တစ်ဖက်မှာ ကိုဗစ် (COVID-19) ကာကွယ်ဆေးထိုးထားတဲ့ မိခင်မှနို့ချိုက ရင်သွေးငယ်များကို ကိုဗစ်ရောဂါကူးစက်မှုမှ ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေကဆိုပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ထုတ်ပြန်ထားတဲ့တွေ့ရှိချက်တွေကို နောက်ဆက်တွဲဆက်လက်လုပ်ဆောင်တဲ့ အဆိုပါလေ့လာမှုအသစ်မှာ ကာကွယ်ဆေးထိုး မိခင်ဆီကရတဲ့နို့ချိုမှာ ကိုဗစ် (COVID-19) ဗိုင်းရပ်ဆန့်ကျင်တဲ့ပဋိပစ္စည်းတွေပါရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်။ လေ့လာမှုအတွက်သုတေသီတွေက ရင်သွေးငယ်တွေရဲ့ ကျင်ကြီးကိုခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြပါတယ်။ အစောပိုင်းလေ့လာမှုအရ ကာကွယ်ဆေးထိုးထားတဲ့ မိခင်ဆီကနို့ချိုထဲမှာ ဗိုင်းရပ်ကာကွယ်တဲ့ပဋိပစ္စည်းတွေပါရှိတာကို ပြသထားခဲ့ပေမဲ့ အဆိုပါနို့ချိုထဲမှာ ပဋိပစ္စည်းတွေက ရင်သွေးငယ်တွေရဲ့ အစာအိမ်အူလမ်းကြောင်းထဲရောက်ရှိပြီး ကာကွယ်မှုအတွက်အထောက်အပံ့ဖြစ်စေနိုင်သလားဆိုတာ မပြောနိုင်သေးတာကြောင့် ဆက်လက်လေ့လာခဲ့ကြတယ်လို့ ဖလော်ရီဒါတက္ကသိုလ် အစားအသောက်နှင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ဂျိုးဆပ်လာကင် (၃) က ဆိုပါတယ်။
လေ့လာမှုမှာ ကာကွယ်ဆေးထိုးထားတဲ့ မိခင်နို့ချိုထဲက ပဋိပစ္စည်းတွေက ဗိုင်းရပ်ကိုအနှောင့်အယှက်ပေးပြီး ဗိုင်းရပ်တွေ ဆဲလ်အထိ မရောက်သွားစေဖို့တားဆီးပေးနိုင်တာကို လေ့လာတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်ဖြစ်ပေမဲ့ အူလမ်းကြောင်းအထိလည်း ကျူးကျော်ရောက်ရှိနိုင်ပြီး အဲဒီနေရာမှာ ပဋိပစ္စည်းတွေရှိနေတာက ဗိုင်းရပ်ကာကွယ်နိုင်စွမ်းရှိတာကို အထင်အရှားပြသခြင်းဖြစ်တယ်လို့ သုတေသီက ဆိုပါတယ်။
တစ်ဖက်မှာ ကိုဗစ် (COVID-19) ကြောင့် အထိနာခဲ့တဲ့ စီးပွားရေးကို ပြန်လည်ကုစားဖို့ နီပေါအစိုးရက ကြိုးပမ်းလျက်ရှိကြောင်း ဇန်နဝါရီ ၂၁ ရက်ကနီပေါအရာရှိတစ်ဦးက ဆိုပါတယ်။ နီပေါနိုင်ငံဟာ လိုအပ်တဲ့ဆောင်ရွက်ချက်များဖြည့်ဆည်းထားပြီး တရုတ်ခရီးသွားများကို ကြိုဆိုဖို့ အဆင်သင့်ဖြစ်နေကြောင်းယဉ်ကျေးမှုခရီးသွားလာရေးနဲ့ ပြည်တွင်းလေကြောင်းဝန်ကြီးဌာန တာဝန်ရှိသူ ဘူရက်အဒီခါရီက တရုတ်သံရုံးထံမကြာသေးမီကပေးပို့လိုက်တဲ့ သဝဏ်လွှာမှာပြောကြားထားတယ်။
တရုတ်နဲ့နီပေါနှစ်နိုင်ငံကြား သက်တမ်းရှည်ကြတဲ့ ယဉ်ကျေးမှုနဲ့အတူ စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မှုရှိကြောင်းနှင့်နီပေါနိုင်ငံဟာနိုင်ငံခြားခရီးသည်များအတွက် ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ကြောင်းဆိုပါတယ်။ နီပေါမှာ ကိုဗစ် (COVID-19) ကြောင့် အထိနာခဲ့တဲ့ခရီးသွားကဏ္ဍစီးပွားရေးကိုပြန်လည်ကုစားဖို့ မဟာဗျူဟာမြောက် လုပ်ငန်းအစီအစဉ်ချမှတ်ဖော်ဆောင်လျက်ရှိကြောင်း သိရပါတယ်။
လောနိုင်ငံကလည်း ကိုဗစ်ကြောင့် ရပ်တန့်နေတဲ့စီးပွားရေးကို ပြန်လည်ရှင်သန်လာစေဖို့ ခိုင်မာတဲ့ ဆောင်ရွက်ချက်များ ချမှတ်အကောင်အထည်ဖော်သွားဖို့ ကတိကဝတ်ပြုပြောဆိုမှုနဲ့အတူ လာအိုအစိုးရက ၂၀၂၃ လုပ်ငန်းအစီအစဉ်ကိုထုတ်ပြန်ခဲ့တယ်။ အဆိုပါအစီအစဉ်မှာန ိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ရေး၊ငွေကြေးဖောင်းပွမှုလျှော့ချရေးနဲ့ အခွန်ငွေတိုးတက်ရေး စတဲ့အချက်များပါပါတယ်။ အစိုးရဟာနိုင်ငံကို အကြွေးနွံနစ်ဖို့ လုပ်ဆောင်သွားမှာမဟုတ်ကြောင်း ဆိုပါတယ်။
တရုတ်နိုင်ငံမှာ လူဦးရေစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ကိုဗစ်ကူးစက်မှုခံရပြီးလာမယ့်နှစ်လ (သို့မဟုတ်) သုံးလအတွင်း တရုတ်မှာ ကိုဗစ်(COVID-19)ကူးစက်မှုအခြေအနေဟာ အဆိုးဘက်မှ အကောင်းဘက်ကိုပြန်လည်ရောက်ရှိလာနိုင်ခြေ အနည်းငယ်သာရှိတယ်လို့ အစိုးရထိပ်သီးသိပ္ပံညာရှင်တစ်ဦးက ဇန်နဝါရီ ၂၃ရက်ကဆိုပါတယ်။ တရုတ််နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း လူအများအပြား သွားလာလှုပ်ရှားမှုဟာ ကပ်ရောဂါကိုပျံ့နှံ့စေနိုင်ပြီး အချို့နေရာဒေသတွေမှာကူးစက်မှုများမြင့်တက်နေပေမဲ့ ကိုဗစ်ဒုတိယလှိုင်းဟာ မကြာမီကာလအတွင်း ဖြစ်နိုင်ခြေမရှိလို့ တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ ကူးစက်ရော
ဂါ ပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ အကြီးအကဲ ဝူစွန်းယူက ဝီဘို (Weibo) လူမှုမီဒီယာမှာ ပြောကြားခဲ့တယ်။
တရုတ်နိုင်ငံမှာနှစ်သစ်ကူးကာလအတွင်း သန်းနဲ့ချီတဲ့ တရုတ်လူမျိုးများ မွေးရပ်မြေကိုပြန်ဖို့နိုင်ငံအတွင်းခရီးသွားလာကြသလို မကြာသေးမီကေ ဖြလျှော့ခဲ့တဲ့ ကိုဗစ်တားမြစ်ကန့်သတ်ချက်များအောက်မှာ ရောဂါကူးစက်မှုများ မြင့်တက်နိုင်ခြေရှိမှုအပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့ပါတယ်။ ၂၀၂၃ ဇန်နဝါရီ ၁၃-၁၉ ရက်အတွင်း ဆေးရုံတွေမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၁၃၀၀၀ ခန့်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီ ၁၄ ရက်သတင်းအရ တရုတ်နိုင်ငံမှာ တစ်လကျော်အတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ၆၀၀၀၀ နီးပါးရှိတယ်လို့ဖော်ပြခဲ့ပြီး ရက်အပိုင်းအခြားအလိုက် သေဆုံးသူအရေအတွက်ကို ထပ်မံထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမျိုးသားကျန်းမာရေးကော်မရှင်(NHC) တာဝန်ရှိသူတစ်ဦးရဲ့ ဇန်နဝါရီ ၁၄ ရက်ထုတ်ပြန်ချက်မှာ ဒီဇင်ဘာ ၈ ရက်မှဇန်နဝါရီ ၁၂ ရက်ကြားကိုဗစ်ကြောင့်သေဆုံး ၅၉၉၈၃ ဦးရှိတယ်ဆိုပါတယ်။ အဆိုပါအရေအတွက်ဟာ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေမှာ သေဆုံးသူအရေအတွက်ကိုသာရည်ညွှန်းထားတာဖြစ်ပြီး အမှန်တကယ်သေဆုံးအရေအတွက်အရ များနိုင်ပါတယ်။ ဗိုင်းရပ်ကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ တိုက်ရိုက်သေဆုံး ၅၅၀၃ ဦးနဲ့ရောဂါအခံကိုဗစ်တို့ပေါင်းစပ်မှုကြောင့် သေဆုံးသူ ၅၄၄၃၅ ဦးရှိတယ်လို့ (NHC) ရဲ့ အကြီးအကဲ 'ကျောင်ယာဟွေ' က ဆိုပါတယ်။
အာဆီယံတစ်နိုင်ငံဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ် (COVID-19) ရောဂါဆိုင်ရာ ကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက်သုံးနှစ်အတွင်းပထမဆုံးအကြိမ်ထိုင်းနိုင်ငံရဲ့ကမ်းခြေများဆီ တရုတ်ခရီးသွားများ ပြန်လာခဲ့တယ်ဆိုပါတယ်။ တရုတ်နိုင်ငံမှာနှစ်သစ်ကူးကာလကိုပျော်ပျော်ပါးပါးဆင်နွှဲနေချိန်မှာအာရှဒေသမှ ခရီးသွားများ လာရောက်ရာအထင်ကရနေရာတွေ၊ တစ်ကျော့ပြန်ရောက်လာတဲ့ တရုတ်ခရီးသွားများကို ကြိုဆိုဖို့ပြင်ဆင်ကြပါတယ်။ ကမ္ဘာတစ်ဝန်း တရုတ်ခရီးသွားများရဲ့သုံးစွဲမှုပမာဏဟာ တစ်နှစ်မှာ အမေရိကန်ဒေါ်လာ ၂၅၅ ဘီလျံရှိပြီး ထိုင်း၊ ဂျပန်စတဲ့နိုင်ငံများဟာ သူတို့ရဲ့ခရီးသွားလုပ်ငန်းများအတွက်အ ကြီးမားဆုံး
အရင်းအမြစ်ဖြစ်တဲ့ တရုတ်အပေါ်မှီခိုနေရပါတယ်။
တရုတ်နိုင်ငံမှာ လုံးဝကိုဗစ်ကင်းစင်ရေးမူဝါဒ ရုပ်သိမ်းခဲ့ပြီးနောက် ပြည်တွင်းမှာ ကိုဗစ်ကူးစက်မှု တစ်ဟုန်တိုးမြင့်တတ်လာတဲ့အပေါ် စိုးရိမ်မှုအချို့ရှိနေပေမဲ့ တရုတ်ခရီးသွားများပြန်လည်ရောက်ရှိလာခြင်းကို စီးပွားရေးလုပ်ငန်းများက ကြိုဆိုနေကြပါတယ်။ အာရှမှာ လူကြိုက်အများဆုံးခရီးသွားနေရာများထဲပါဝင်တဲ့ထိုင်းနိုင်ငံမှာ တင်းကျပ်တဲ့ပြည်ဝင်ခွင့်ကန့်သတ်မှုများ ရုပ်သိမ်းအပြီးမှာ ခရီးသွားအများအပြားပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ယခုနှစ်ဟာ တရုတ်ခရီးသွားငါးသန်းခန့်ဝင်ရောက်မယ်လို့ ထိုင်းအစိုးရက ခန့်မှန်းထားရာ ပထမသုံးလအတွင်း သုံးသိန်းဝင်နိုင်ပါတယ်။
တရုတ်နိုင်ငံထုတ်ဆိုင်နိုဖမ်း (Sinopharm)၊ ဆိုင်နိုဗက် (Sinovac) ကာကွယ်ဆေးတွေက ၇၂ ရာခိုင်နှုန်းသာ ကာကွယ်နိုင်ပြီး ဖိုင်ဇာ (Pfizer) နဲ့မိုဒါးနာ(Moderna) ကုမ္ပဏီထုတ်ကာကွယ်ဆေးတွေက ၉၂ ရာခိုင်နှုန်းအထိကာကွယ်နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ အသက်ကြီးရင့်သူများ ကာကွယ်ဆေးထိုးနှံမှုမပေးခဲ့တာကလည်း တရုတ်မှာ ကိုဗစ်ဖြစ်ပွားမှုများပြားစေခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ် (COVID-19) ဖြစ်ပွားသူ ၆၇၇ သန်းကျော်၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၇၈ သန်းနဲ့မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်ပွားသူ ၆၃၃၈၅၉ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၀ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ ကိုဗစ် (COVID-19) က ကမ္ဘာမြေပေါ်မှ မထွက်သွားသေးဘဲ (၄-၅) နှစ်ကြာနေဦးမှာ ဆိုတော့ လူတိုင်းကာကွယ်ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြင့်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံရမယ့်အပြင်ကိုဗစ်စည်းမျဉ်းတွေဖြစ်တဲ့နှာခေါင်းစည်း(Surgical Mask) တပ်ခြင်း၊ လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနဲ့ တစ်ဦးခပ်ခွာခွာနေခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေထွက်
ကောင်းအောင်စီမံခြင်းနဲ့ ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ်အရနေထိုင်သင့်ပါတယ်။










