၂၀၂၂ ခုနှစ်တွင် တစ်လီတာ ကျပ် ၁၅၀၀ အောက်တွင်သာရှိခဲ့သည့် စက်သုံးဆီမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတွင် တစ်လီတာ ကျပ် ၂၀၀၀ အထက်တွင်သာ ရှိနေခဲ့သည်ကို တွေ့ရသည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ၉၂ တစ်လီတာလျှင် ၁၄၉၅ ကျပ်သာရှိနေခဲ့ခြင်း ဖြစ်သော်လည်း တစ်နှစ်ခန့်အကြာတွင် တစ်လီတာ ကျပ် ၆၀၀ ကျော် မြင့်တက်လာ သည်ဟု ဆိုနိုင်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန် ချက်အရ ၉၂ တစ်လီတာ ကျပ် ၂၁၉၀၊ ၉၅ တစ်လီတာလျှင် ၂၂၅၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ် လီတာ ကျပ် ၂၂၆၀၊ ပရီမီယံဒီဇယ်တစ်လီတာ ကျပ်၂၃၄၀ ဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် နှင့် NLD အစိုးရ အလွှဲအပြောင်းကာလဖြစ်သော ၂၀၁၆ ခုနှစ် ဧပြီတွင် စက်သုံးဆီလက်လီ စျေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၅၀၀ (တစ်ဂါလန် ကျပ် ၂၂၇၀)၊ ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅၄၀ (တစ်ဂါလန် ၂၄၅၁ ကျပ်)၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၅၅၀ (တစ်ဂါလန် ၂၄၉၇ ကျပ်)၊ အောက်တိန်း ၉၅ တစ်လီတာ ကျပ် ၆၅၀ (တစ်ဂါလန် ၂၉၅၁ ကျပ်) တွင် ရှိခဲ့သည်။
မြန်မာနိုင်ငံရေး အပြောင်းအလဲမဖြစ် ပေါ်မီက ၉၂ တစ်လီတာလျှင် ကျပ် ၆၂၀ ဝန်းကျင်၊ ၉၅ တစ်လီတာလျှင် ကျပ် ၇၅၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပေါ်အပြီး တစ်နှစ်နီးပါး ခန့်အကြာတွင် စက်သုံးဆီစျေးနှုန်းမှာ အဆ ပေါင်းများစွာ မြင့်တက်လာခဲ့သည်ဟု ဆိုရ မည်ဖြစ်သည်။
ရုရှားစက်သုံးဆီ
ပြီးခဲ့သည့်နှစ်က နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ရုရှားနိုင်ငံမှ စက်သုံးဆီ များ ဝယ်ယူတင်သွင်းမည်ဟု သတင်းစာ ရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
“ရုရှားနိုင်ငံကတော့ ရေနံမူရင်းထွက် တဲ့နိုင်ငံဖြစ်ပါတယ်။ မူရင်းထွက်တဲ့နိုင်ငံဖြစ် တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်တဲ့ နေရာမှာ နှစ်ချက်ပါ ပဲ။ နံပါတ် (၁) ကတော့ ကျွန်တော်တို့ စျေးနှုန်း သက် သာရမယ်၊ နံပါတ် (၂) ကတော့ အရည်အ သွေးပြည့်မီပြီးတော့ လျင်လျင်မြန်မြန် ရနိုင် ရမယ်။ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည် ပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင် စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။
ရုရှားနိုင်ငံမှ စက်သုံးဆီဝယ်ယူရေး အတွက် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်း လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ကြေညာခဲ့သည်။
ရုရှားနိုင်ငံမှ စက်သုံးဆီ ဝယ်ယူသို လှောင်ဖြန့်ဖြူးရေး ဦးဆောင်ကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ၊ စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်၊ Star Hight ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးလှဝင်း၊ Brighter Energy ကုမ္ပဏီမှ ဒါရိုက်တာ ဦးဆန်းနောင်၊ Best oil ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးဝင်းဆွေ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းနှင့် yetagon energy ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်နိုင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင် ပြီး စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင် ရွက်ကာ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ထုတ်ကုန်များ စျေးကွက်ရှာဖွေရေးနှင့် သု တေသနဌာနမှ အထွေထွေ မန်နေဂျာက တွဲ ဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မည်ဟု ထုတ်ပြန်ထားသည်။
ကော်မတီတွင် ပြင်ပစီးပွားရေးလုပ် ငန်းရှင်များနှင့် မြန်မာ့စီးပွားရေးကော်မရှင်မှ တာဝန်ရှိသူများလည်း အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
အဆိုပါကော်မတီသည် စက် သုံးဆီများ မှာယူတင်သွင်း၍ သိုလှောင်ဖြန့်ဖြူးခြင်း ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီမှန် ကန်ပြီး စျေးနှုန်းသက်သာသည့် စက်သုံးဆီ များ ဝယ်ယူတင်သွင်း၍ ပြည်တွင်းတွင် သိုလှောင်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ရန်၊ စက်သုံးဆီဝယ်ယူခြင်း၊ တင်သွင်းခြင်း၊ သယ် ယူခြင်းတို့အတွက် သက်ဆိုင်ရာအစိုးရဌာန များ၊ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ညှိနှိုင်း ဆောင်ရွက်ရန်၊ လစဉ်လိုအပ်သည့် နိုင်ငံခြား ငွေကြေးပမာဏကို နိုင်ငံတော်သို့ တင်ပြ တောင်းခံရန်၊ စက်သုံးဆီ တင်ဆောင်လာ သည့် သင်္ဘောများ အချိန်မီရောက်ရှိရေး ဆက်သွယ်ကြပ်မတ်ဆောင်ရွက်ရန်၊ စက်သုံး ဆီ တင်ဆောင်လာသည့် သင်္ဘောများ ရောက် ရှိလာချိန်တွင် အချိန်မီ အရည်အသွေး (စံချိန်စံညွှန်း) အရေအတွက်မှန်ကန်မှုရှိ မရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စစ်ဆေး ရန်၊ သိုလှောင်ထားသော စက်သုံးဆီများကို တပ်မတော်နှင့် ဝန်ကြီးဌာနများ အဖွဲ့အစည်း များအား ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်၊ တင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ဖွဲ့ စည်းထားသော စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေး ကော်မတီ၏ သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရေး ကြပ်မတ်ရန်၊ ဦးဆောင်ကော်မတီအနေဖြင့် ရုရှားနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီနှင့် ရေနံ ထွက် ဓာတု ဗေဒပစ္စည်းများအပြင် အခြားလိုအပ်ချက်များ ကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီ၏ ညွှန်ကြားချက်နှင့်အညီအကောင် အထည်ဖော်ဆောင်ရွက်ရန် စသည့်အချက် များကို ဆောင်ရွက်ရမည်ဟု အမိန့်စာတွင် ဖော်ပြထား သည်။
ပြည်တွင်းစက်သုံးဆီစျေးနှုန်းများ မြင့် တက်နေသည့်အချိန်တွင် ဗိုလ်ချုပ်ဇော်မင်း ထွန်းက သတင်းစာရှင်းလင်းပွဲတွင် ရုရှား နိုင်ငံမှ စက်သုံးဆီတင်သွင်းမည်ဆိုသည်ကို တရားဝင် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ် သည်။
ဥရောပတွင် စွမ်းအင်ထုတ်လုပ်မှုအ မြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် လက်ရှိအချိန်တွင် ဆက်ဆံရေးကောင်းများ တည် ဆောက်နေခြင်းကြောင့် ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောကြားသည်။
“ရုရှားနဲ့ မြန်မာကလည်း ကျွန်တော်တို့ ဆက်သွယ်ဆက်ဆံမှု မြင့်မားနေတဲ့အချိန် ဖြစ်တယ်။ နောင်လည်း ဆက်သွယ်ဆက်ဆံမှု ပိုမိုမြင့်မားလာမှာဖြစ်တဲ့အတွက် ဒီစက်သုံး ဆီနဲ့ပတ်သက်ပြီး အာမခံချက်တစ်ခုရရှိပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
စျေးမြင့်တက်နေဆဲ စက်သုံးဆီနှင့် ပြည်တွင်းကုန်စည်စီးဆင်းမှု
လက်ရှိအချိန်တွင် စက်သုံးဆီ စျေးနှုန်း များ ဆက်တိုက်မြင့်တက် လာခဲ့ပြီးနောက် အငှားယာဉ်မောင်းနှင်သူများနှင့် ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများမှာ ထိခိုက်နစ်နာ လျက်ရှိကြောင်း သိရသည်။
“အခုက ဆီစျေးတွေတက်လာတော့ အရင်လို ကားဆွဲရတာအဆင် မပြေတော့ဘူး။ စျေးက မသိမသာနဲ့ တက်လာတာ။ ဟိုးတစ်ခါ လို ဝုန်းခနဲ ဆောင့်တက်တာတော့ မဟုတ် ဘူး။ အဲဒီတုန်းက ဆီစျေးက တက်လိုက်သေး တယ်။ ဒါပေမဲ့ ပြန်ကျတယ်။ အခုက မသိမ သာနဲ့တက်တာ။ ဆီ စျေးတက်လို့ ခရီးသည်က အငှားခကို တိုးပေးလားဆိုတော့ မတိုးပေး ဘူး။ အလုပ်ဖြစ်အောင်ပဲ လိုက်နေရတယ်။ အရင်လို ကားမောင်းပြီး အော်ဒါ ပတ်ရှာလို့ မရတော့ဘူး။ အခုဆီစျေးနဲ့ကတော့ ဘယ်လို မှ မကိုက်တော့ဘူး” ဟု ရန်ကုန်မြို့တွင်း အငှားယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြား သည်။
စက်သုံးဆီစျေး မြင့်တက်လာမှုကြောင့် အချို့သော ကုန်စည်ပို့ဆောင်ရေးယာဉ် လိုင်းအချို့မှာ ပြေးဆွဲခြင်းမပြုနိုင်ဘဲ ရပ်နား ထားရသည့်အခြေအနေများ ရှိလာနေသည် ဟု ပြည်တွင်း စီးပွားရေးအသိုင်းအဝိုင်းမှ သိရသည်။
“ထွက်ရင် ရှုံးမယ့်အနေအထား ဖြစ်နေ တော့ မထွက်နိုင်ဘူးဖြစ်နေတယ်။ ကုန်ရတာ ဘယ်လောက်ရရ မထွက်ရဲဘူး။ ဆီစျေးက တော်တော်တက်နေတော့ ဘယ်လိုမှ မကိုက် ဘူး။ ကျွန်တော်တို့က ကားကြီးတွေဆိုတော့ ဒီဇယ်သုံးရတာ။အခု ဒီဇယ်စျေးက တစ်လီ တာကို ၂၃၀၀ ကျော် နေတာလေ။ ထွက်ဆွဲ လေ ရှုံးလေ ဖြစ်နေတော့ တချို့လိုင်းတွေက မထွက်နိုင်တော့ဘူးဖြစ်နေတယ်” ဟု နယ် မြို့တစ်မြို့ရှိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက သုံးသပ်ပြောကြား သည်။
“ကားခကို အရင်ကထက် ပို ပေးရတယ်။ ကားပိုင်ရှင်ဘက်ကလည်း ဆီစျေးတက်လာ တော့ သူတို့ လည်း ဘယ်လိုမှမကိုက်တော့ဘူး။ ကျွန်တော်တို့ကတော့ ပစ္စည်းပေါ် မှာပဲ ခရီး စရိတ် ထပ်တင်ရတာပေါ့။ အဲဒီတော့ တချို့ ကုန်စိမ်းတွေဆို စျေးနည်းနည်းတက်တယ်” ဟု သီရိမင်္ဂလာစျေးသစ်တွင် ကုန်စိမ်းရောင်း ချသူတစ်ဦးက ပြောကြားသည်။
စက်သုံးဆီစျေး မြင့်တက်မှုဒဏ်ကို ပြည်တွင်းရှိ အသေးစား စီးပွားရေးလုပ်ငန်း များလည်း ရိုက်ချက်ပြင်းပြင်းဖြင့် ခံစားနေရ သည်ဟု သိရသည်။
“အခုက လျှပ်စစ်မီးကလည်း မလာ တစ်ချက် လာတစ်ချက်ဖြစ်နေတာ။ မီးမလာ တော့ မီးစက်မောင်းရတာ ဆီဖိုးနဲ့ မကာမိ ဘူးဖြစ်နေတယ်။ အလုပ်က ရှေ့ဆက်နိုင်ဖို့ နေနေသာသာ မပြိုလဲအောင် ရပ်တည်နေရ တယ်လို့ ဆိုရမယ်။ အခု စက်ဆီစျေးနဲ့က မလွယ်ဘူး” ဟု အသေးစား စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ပြောကြားသည်။
ကမ္ဘာ့စက်သုံးဆီစျေး မြင့်တက်မှု၊ ဒေါ် လာစျေး မြင့်တက်မှုများကြောင့် ပြည်တွင်း စက်သုံးဆီစျေးများ မြင့်တက်လာခြင်းဖြစ် သည်ဟု သုံးသပ်မှုများလည်းရှိသည်။
၂၀၂၂ ခုနှစ်တွင် စက်သုံးဆီစျေး မြင့် တက်မှုများကို ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်က ဒေါ်လာကို စက်သုံးဆီလုပ်ငန်းရှင်များထံ ရောင်းချပေးပြီး စက်သုံးဆီစျေး ကျဆင်း အောင် လုပ်ဆောင်ခဲ့သည်ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ထုတ်ပြန်ခဲ့သည်။
သို့သော် ပြည်တွင်းမှ စက်သုံးဆီထုတ် လုပ်မှုမှာ ပြည်တွင်းသုံးစွဲမှုကို လုံလောက်မှု မရှိသောကြောင့် ပြည်ပမှ မှာယူတင်သွင်း နေရဆဲဖြစ်သည်ဟု ၂၀၂၂ ခုနှစ်က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ပြောကြားထား သည်။
ပြည်တွင်းရှိ စက်သုံးဆီစျေး နှုန်းများမှာ စင်ကာပူ MOPS စျေးနှုန်းအပေါ်တွင် မူတည်ကာ တွက်ချက်ထားခြင်းဖြစ်သဖြင့် စင်ကာပူ စျေးနှုန်းကျဆင်းပါက ပြည်တွင်း သတ်မှတ်ချက်စျေးနှုန်းများ ပြန်လည်ကျ ဆင်းနိုင်မည်ဖြစ်သည်။
သို့သော် ရုရှား- ယူကရိန်းအရေးကဲ့သို့ ကမ္ဘာ့အရေးများကြောင့် ကမ္ဘာ့လောင်စာ စျေးနှုန်းမှာ သိသိသာသာကျဆင်းခြင်းမရှိ သည့်အခြေအနေတွင် ပြည်တွင်းစက်သုံးဆီ စျေးမှာလည်း ပြန်လည်ကျဆင်းမည့်အရိပ် အယောင် မမြင်ရသေးပေ။
ပြည်တွင်းစက်သုံးဆီစျေး မကျဆင်းနိုင် သေးသည့် အခြေအနေ ကြာရှည်လာမည်ဆို ပါက ပြည်တွင်းရှိ ကုန်စည်စျေးနှုန်းများမှာ လည်း တရိပ်ရိပ်မြင့်တက်လာမည်ဖြစ်ပြီး လုပ်ငန်းရှင်များသည်လည်း ရပ်တည်ရန် အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် ဖြေရှင်းရမည့် အခြေအနေလည်းဖြစ်သည်။










