တူရကီတောင်ပိုင်း ဟာတေးပြည်နယ်တွင် ပြိုကျခဲ့သည့် ဆေးရုံတစ်ရုံ၏ အုတ်ကျိုးအပျက်အစီးများအား စိုက်ကြည့်ရင်း ပင်ပန်းဝမ်းနည်းနေပုံရသည့် အမျိုးသားတစ်ဦးက တူမလေးရူကီယယ်ကို ၎င်းတို့ ရှာနေကြခြင်းပါဟု သတင်းထောက်များကို ပြောသည်။
“သူ့အသက်က ၂၃ နှစ်ပါ။ သူနာပြုဆရာမပါ။ ငလျင်ပထမအကြိမ် လှုပ်ပြီးတော့ လူနာတွေကယ်ဖို့ဆိုပြီး ဆေးရုံထဲဝင်သွား တယ်။ ငလျင်ထပ်လှုပ်တော့ ဆေးရုံပြိုကျသွားတယ်။ လူများစွာရဲ့အသက်ကို သူကယ်ခဲ့ပေမဲ့ သူ့ကိုယ်သူ မကယ်နိုင်ခဲ့ဘူး။ သူ ၁၆ နာ ရီကြာတဲ့အထိ မသေသေးဘူးဆိုတာ ကျွန်တော်တို့ သိတယ်။ အုတ်ကျိုးအုတ်ပဲ့တွေ အောက်ကနေ သူ့ယောကျ်ားကို ဖုန်းတောင်ခေါ်ခဲ့သေးတယ်။ ခုတော့ သူသေလောက်ပြီ လို့ ကယ်ဆယ်ရေးသမားတွေက ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၆ ရက်က တူရကီအရှေ့ တောင်ပိုင်းတွင် ကြောက်မက်ဖွယ်မြေငလျင်များ လှုပ်သွားပြီးနောက် အဆောက်အအုံများ ပြိုကျကာ ရူကီယယ်ကဲ့သို့ အပျက်အစီးပုံများအောက် ပိတ်မိနေသူ ထောင်ပေါင်းများစွာ ရှိနေလိမ့်မည်။ တူရကီအစိုးရထုတ်ပြန်ချက်များအရ ငလျင်အပြင်းစား နှစ်ကြိမ်လှုပ်ပြီး နောက်ရာနှင့်ချီသည့် နောက်ဆက်တွဲငလျင်များ ဆက်လှုပ်ခဲ့ပြီး ဒေသ ၁၀ ခုအတွင်းရှိ အဆောက်အအုံ အနည်းဆုံး ၆,၄၄၄ ခု ပျက်စီးခဲ့သည်ဟု သိရသည်။ သေဆုံးသူဦးရေမှာမူ တူရကီနှင့်အိမ်နီးချင်းဆီးရီးယား နှစ်နိုင်ငံပေါင်း ၂၀,၀၀၀ ကျော် ရှိနေပြီဖြစ်သည်။
ဘာကြောင့် အပျက်အစီးများ
အံ့ဖွယ်အသက်ရှင်နေသူများကို ကယ်ဆယ်ရေးအဖွဲ့များက အပူတပြင်းကြိုးစားရှာဖွေနေချိန် ၊တစ်ဖက်တွင်လည်း ယခုကြုံ တွေ့ခဲ့သည့် သဘာဝဘေးကတူရကီ၏ အခြေခံအဆောက်အအုံအပိုင်းကို ဘာကြောင့်ထိခိုက်ပျက်စီးမှု များစေခဲ့သနည်းကို စဉ်းစားစရာဖြစ်လာသည်။
ငလျင်နှစ်ခု (ပထမအကြိမ် ပြင်းအား ၇ ဒသမ ၈ ၊ နောက်တစ်ကြိမ် ရဒသမ ၆) က အဆောက်အအုံအများစု တောင့်မခံနိုင် လောက်အောင်ပင် ပြင်းလွန်းခဲ့သလား ၊ သို့မဟုတ်ထိုအဆောက်အအုံများကပင် ခေတ်မီဆောက်လုပ်ရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိမနေခြင်းလား၊ သို့မဟုတ် အာဏာပိုင်များ၏ ပေါ့ဆမှုပါဝင်နေသလား။
အစ္စတန်ဘူနည်းပညာတက္ကသိုလ်မှ ဘူမိဗေဒဆိုင်ရာအင်ဂျင်နီယာပါမောက္ခ အိုကန်တုဇုစ်ကမူ အထက်ပါအချက်များအားလုံး ပေါင်းစုသွားခြင်းကြောင့် ဖေဖော်ဝါရီ ၆ ရက် အဖြစ်ဆိုးမျိုး ဖြစ်လာရသည်ဟု သုံးသပ်သည်။
မြို့ပြအင်ဂျင်နီယာလည်းဖြစ် ၊ တူရကီ ငလျင်ပြန်လည်ထူထောင်ရေးအသင်း ဥက္ကဋ္ဌလည်းဖြစ်သည့် ဆင်နန်တာကန်ကလည်း အဆောက်အအုံအများစုသည် ပထမငလျင်တွင် ထိခိုက်မှုအနည်းငယ်မှ အသင့်အတင့် အထိသာရှိပြီး ဒုတိယငလျင်လှုပ်တော့မှသာ ပြိုကျသည်ဟု ဆိုသည်။
သို့သော်လည်းငလျင်မည်မျှပြင်းပြင်း အဆောက်အအုံအားလုံး စံချိန်မီမည်ဆိုလျှင် ထိုမျှထိခိုက်ပျက်စီးမှု ကြီးမားစရာအကြောင်း မရှိနိုင်ဟု ၎င်းက ဆိုသည်။
တူရကီသမ္မတအာဒိုဂန်ကမူ ဖေဖော်ဝါ ရီ ၈ ရက်က ငလျင်ဒဏ်သင့်နေရာကို သွားရောက် ကြည့်ရှုစဉ်အတွင်း “ဒီလောက်ကြီး တဲ့ သဘာဝဘေးအတွက် ပြင်ဆင်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”ဟု ၎င်းအစိုးရ၏ပြင်ဆင်ဆောင်ရွက်မှုများနှင့် တုံ့ပြန်မှုများကို ကာကွယ်ပြောဆိုခဲ့သည်။
ထို့ပြင် ငလျင်ကြောင့်ပြိုကျသွားသည့် အဆောက်အအုံအားလုံးကို နိုင်ငံတော်က တစ်နှစ်အတွင်း ပြန်တည်ဆောက်ပေးမည်ဟုလည်း အာဒိုဂန်ကဆိုသည်။
ပြိုကျခဲ့သည့် တိုက်တာအဆောက်အအုံအများစုသည် ၁၉၉၉ ခုနှစ်မတိုင်မီက တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ ငလျင်ကြောင့် တူရကီအနောက်ပိုင်း မာမရာ ဒေသတွင် လူပေါင်း ၁၇,၅၀၀ သေဆုံးခဲ့ပြီး နောက်တွင် အစိုးရက အဆောက်အအုံဆိုင် ရာစည်းမျဉ်းများအား အဆင့်မြှင့်တင်ကာ ၂၀၀၈ ခုနှစ်တွင် (နောက်အင်အားကြီး ငလျင်အတွက် ပြင်ဆင်မှုအဖြစ်) မြို့ပြအသွင် ပြောင်းလဲရေးစီမံကိန်းတစ်ရပ်ကို စတင်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာတွင် ပြင်းအား ၆ အဆင့်ရှိ ငလျင်ကြောင့် တူရကီမြောက်ပိုင်းတွင် အဆောက်အအုံ ၂,၀၀၀ ကျော်ပျက်စီးခဲ့အပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး မူရတ်ခူရမ်က နိုင်ငံအတွင်းရှိ အဆောက်အအုံတိုင်းကို ၂၀၃၅ ခုနှစ်နောက်ဆုံးထားပြီး ငလျင်စိတ်ချရသည့်တိုက်တာများဖြစ်အောင် ၎င်းတို့ ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။
လူဦးရေ၏ ၂၄ သန်းက ငလျင်ဘေးလုံခြုံ သည့်နေရာများတွင် ရှိနေကြသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ သို့သော် ထိုအား ထုတ်မှုများက ဖေဖော်ဝါရီ ၆ ရက်ကပ်ဘေးကို မတားဆီးနိုင်ခဲ့ပေ။
ထို့ကြောင့်လည်း တာကန်က “စာရွက်ပေါ်မှာတော့ တူရကီရဲ့မြေငလျင်စည်းမျဉ်း တွေဟာ ကမ္ဘာ့အဆင့်မီပဲ။ ဒါပေမဲ့ လက်တွေ့မှာ အတော်လေး ကွာခြားနေတယ်” ဟု ဆိုသည်။
အစိုးရက ငွေကြေးမက်လုံးများပေးကမ်း သော်လည်း ၎င်းတို့၏မြို့ပြအသွင်ပြောင်း လဲရေးစီမံကိန်းကို မဖြစ်မနေပါဝင်ရမည် ဆိုသည့်ပုံစံမျိုး မလုပ်ဆောင်ခဲ့သလို၊ ပြည်သူအများစုကလည်း အရေးပေါ်မဟုတ်သည့် အိမ်ရာပြန်လည်တည်ဆောက်မည့်အစီစဉ်မျိုးတွင် ငွေကုန်ခံလိုခြင်း မရှိကြပေ။ ထို့ကြောင့်လည်း မာမရာငလျင်လှုပ်ပြီး အနှစ် ၂၀ ကျော်ကြာပြီးသည့်တိုင် တူရကီတွင် အရည်အသွေးနိမ့်ပစ္စည်းများ၊ နည်းစနစ်များဖြင့် အသုံးပြုတည်ဆောက်ထားသော အဆောက်အအုံများ ရှိနေဆဲဖြစ်ပြီး ငလျင်ကြီးကြီးမားမားနှင့် ကြုံသည့်အခါ ချက်ချင်းပြိုကျ သည်ဟု ကျွမ်းကျင်သူများက သုံးသပ်နေသည်။
တာကန်ဆိုလျှင်လည်း အင်ဂျင်နီယာတစ်ဦးအနေဖြင့် လွန်စွာစိတ်မကောင်းဖြစ် ရပြီး လွန်ခဲ့သည့်အနှစ် ၂၀ အတွင်း ချွတ်ယွင်းနေသည့်အဆောက်အအုံအားလုံးကို ၎င်းတို့ ပြန်ပြုပြင်တည်ဆောက်နိုင်ခဲ့မည်ဆိုလျှင် ဖေဖော်ဝါရီ ၆ ရက်က ပြိုကျခဲ့သည့် အဆောက်အအုံများအနက် အနည်းဆုံး ၅,၀၀၀ ခန့်ကို မပြိုအောင် ကယ်တင်နိုင်ခဲ့လိမ့်မည်၊ လူ့အ သက်ပေါင်းများစွာကို ကယ်နိုင်ခဲ့လိမ့်မည်ဟု ဆိုသည်။
“နှစ်တွေနဲ့ချီ စည်းဝေးပွဲတွေ လုပ်၊ တင်ပြချက်တွေ ရေး၊ ပြီးတော့ ဒေသအာဏာပိုင်တွေဆီ ပို့ပေးခဲ့တယ်။ ဟာတေးနဲ့ ဂါဇီယန်တပ်လို ဒေသကြီးတွေမှာ ပြင်းထန်တဲ့ ငလျင်တွေ သေချာပေါက် လှုပ်လာလိမ့်မယ်လို့လည်း သူတို့ကို ပြောပြီးသား။ ငလျင်ပြင်းရင် ပြတ်ရွေ့ကြောင်းပေါ်တိုက်ရိုက်တည်ဆောက်ထားတဲ့ဘယ်အဆောက်အအုံမှ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ပြိုကျမှာပဲလို့ သူတို့ကို ရှင်းပြထားပြီးသား။ တစ်နိုင်ငံလုံးအတွက် တိကျတဲ့ ပြတ်ရွေ့ကြောမြေပုံတွေထုတ်ဖို့ ၊ ပြီးရင် ပြတ် ရွေ့ကြောပေါ်တိုက်ရိုက်ရှိနေတဲ့ ဒေသတွေကို ဆောက်လုပ်ရေးလုပ်ခွင့်မပြုဘဲ အစိမ်းရောင်နယ်မြေတွေအဖြစ် ပြောင်းလဲဖို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ဘယ်သူမှ နားမထောင်ကြဘူး”ဟု အင်ဂျင်နီယာ ပါမောက္ခတုဇုစ်က ပြောသည်။
တာဝန်ပေါ့လျော့မှုလည်းပါ
ယခုငလျင်တွင် ပြိုခဲ့သည့်အထဲ အဆောက်အအုံအသစ်အချို့လည်း ပါဝင်နေခြင်းက ကန်ထရိုက်ဆောက်လုပ်သူများ၏ ရေသာခိုမှုကို မြင်စေနိုင်ပြီး ဆောက်လုပ်ရေးပရောဂျက်များကို ခွင့်ပြုချက်ပေးရသည့် အာဏာပိုင်များ၏ပေါ့လျော့မှုလည်း ပါသည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၆ ရက်က ဟာတေးဒေသတွင် ပြိုကျသည့်အထဲ စာသင်ကျောင်းများ ၊ အုပ်ချုပ်ရေးရုံးများ၊ ဆေးရုံများနှင့် တူရကီသဘာဝဘေးအရေးပေါ်စီမံခန့်ခွဲရေးရုံးချုပ် တို့လည်းပါသည်။
အစိုးရစည်းမျဉ်းများအရ အများပြည်သူ ပိုင်အဆောက်အအုံများသည် ပုဂ္ဂလိက အဆောက်အအုံများထက်ပင် ပိုမိုခိုင်ခံ့ရမည် ဖြစ်သည်။ “ဆေးရုံ ၊ စာတိုက်ရုံး ၊ ပြည်သူပိုင် အဆောက်အအုံတစ်ခုခု ဆောက်တော့မယ်ဆိုရင် ကွန်ကရစ်ဘိလပ်မြေ ပိုသုံးဖို့ ၊ မြေပြင်လေ့လာမှုကို ပိုအသေးစိတ်ကျကျလုပ်ဖို့ ညွှန်ကြားထားတာပါ။ ဒါမှအဲဒီနေရာတွေဟာ သဘာဝဘေးကြုံလာတဲ့အခါ တောင့်ခံနိုင်ပြီး လူတွေကို ကယ်ထားနိုင်မှာပါ” ဟု တာကန်က ပြောသည်။
ထို့ပြင်အစိုးရက ပြည်သူများ ၎င်းတို့၏တိုက်တာအိုးအိမ်များကို စစ်ဆေးခြင်း၊ ပြုပြင်ခြင်း လိုအပ်ပါက ပြန်တည်ဆောက်ခြင်းတို့ ပြုလုပ်လာအောင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်သင့်ပြီး ပြည်သူများဘက်ကလည်း သေရေးရှင်ရေးဖြစ်သည်ကို သိရန်လိုကြောင်း ၎င်းက ဆိုသည်။
အဆောက်အအုံပြိုကျမှုဖြင့် တူရကီရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်တွင် နိုင်ငံမှထွက်ပြေးရန်ကြိုးစားခဲ့သည့် ကန်ထရိုက်တာ တစ်ဦးကိုလည်း အစ္စတန်ဘူလေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ ယခုငလျင်သည် ၁၉၃၉ ခုနှစ်က နိုင်ငံအရှေ့ပိုင်း အယ်ဇင်ဂျန်ပြည်နယ်တွင် လူပေါင်း ၃၃,၀၀၀ သေ ဆုံးစေခဲ့သည့် ငလျင်ပြီးလျှင် တူရကီအတွက် အပြင်းထန်ဆုံး ငလျင်ဖြစ်သည်။
Ref: AL JAZEERA










