■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 10 February 2023

ဝက်စ်ဟမ်း - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၇:၀၀ နာရီ)

ချယ်လ်ဆီးက နောက်ဆုံးနှစ်ပွဲဆက်တိုက် သရေကစားခဲ့ပြီး ပရိသတ်တွေလည်း စိတ်ပျက်နေကြပြီ။ ငွေတွေအရမ်းသုံးထားပြီး တိုက်စစ်က နှစ်ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တယ်။ ဝက်စ်ဟမ်းက နောက်ဆုံးနှစ်ပွဲမှာ အဲဗာတန်ကိုနိုင်ပြီး၊ နယူးကာဆယ်ကိုသရေကစားခဲ့တယ်။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ပုံမှန်ခြေစွမ်းမှာ မရှိကြဘူး။ ဒါပေမဲ့ ချယ်လ်ဆီးကိုတော့ ပိုမျှော်လင့်ချင်မိတယ်။ 



အာဆင်နယ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၃၀ နာရီ)

ပြီးခဲ့တဲ့တစ်ပတ်က အဲဗာတန်ကိုမထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တဲ့အာဆင်နယ်အတွက် နောက်ထပ်ပွဲကျပ်တစ်ပွဲဖြစ်တယ်။ လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့ ဘရန့်ဖို့ဒ်က အခုအချိန်မှာအသင်းတိုင်းကို ဒုက္ခပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ခံစစ်မှတ်တမ်းက အရမ်းကောင်းသလို၊ တိုက်စစ်ကလည်း ဂိုးတွေသွင်းနိုင်တယ်။ နိုင်ပွဲတွေလည်း အများကြီး ယူူနေနိုင်တာတွေ့ရတယ်။ နောက်ဆုံး (၅)ပွဲမှာ အာဆင်နယ်အသင်းထက်တောင် (၃)မှတ်ပိုယူထားနိုင်တဲ့ အနေအထားဖြစ်တယ်။ အာဆင်နယ်အသင်းက အဲဗာတန်ကို ရှုံးခဲ့ပေမဲ့ ကံကောင်းတာက မန်စီးတီးကလည်း စပါးကို ရှုံးခဲ့တာကြောင့် ဖိအားဝင်ရမယ့်အစား ဖိအားပြန်လျော့သွားတယ်။ ပြီးတော့ ရှုံးပွဲတွေ့ပြီးတဲ့နောက် အိမ်ကွင်းမှာ ပြန်ကစားရတယ်ဆိုတာကလည်း အာဆင်နယ်ကို ဖိအားလျော့စေပါတယ်။ အာဆင်နယ် ကပ်နိုင်သွားလိမ့်မယ်။ 



ခရစ္စတယ်ပဲလေ့စ် - ဘရိုက်တန် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၃၀ နာရီ)

ဗီယာရာရဲ့ပဲလေ့စ်ကလည်း ကစားပုံကောင်းသလိုလိုနဲ့ ရလဒ်တွေ မကောင်းဘူး ဖြစ်နေတယ်။ အသင်းလိုက် မာကျောပြီး၊ မြန်နှုန်းမြင့်ကစားသမားတွေ၊ အရည်အသွေးမြင့် ကစားသမားတွေရှိနေတဲ့အသင်းအနေနဲ့ဆိုရင် ရလဒ်က အားရစရာမရှိဘူး ပြောရမယ်။ ဘရိုက်တန်က ရှေ့၊ လယ်၊ နောက် ဟန်ချက်ညီပြီး ကိုယ်ပိုင်ကစားဟန်နဲ့ ခိုင်မာတဲ့အသင်း တစ်သင်းပါ။ ဘရိုက်တန်ကို ကြိုက်တယ်။ 



ဖူလ်ဟမ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၃၀ နာရီ)

နော်တင်ဟမ်ဖောရက်စ်က တော်တော်လေးအားရစရာကောင်းတယ်။ ဂိုးတွေ သွင်းလာနိုင်သလို၊ ခံစစ်ကလည်း ကျစ်လျစ်လာတယ်။ ဒီရာသီမှာ တန်းဆင်းရမယ့် အသင်းတစ်သင်းလို့ ယူဆခံရတဲ့အခြေအနေကနေ အခုတော့ တန်းဆင်းဖို့ စိတ်မပူရတဲ့ အနေအထား ဖြစ်လာတယ်။ ဖူလ်ဟမ်ကလည်း အသင်းကောင်းတစ်သင်းဖြစ်တယ်။ အိမ်ကွင်းလည်း ဖြစ်နေတယ်။ သရေကျဖို့များတယ်။ 



လက်စတာ - စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၃၀ နာရီ)

လက်စတာအသင်းက နောက်ဆုံးနှစ်ပွဲမှာတော့ တော်တော်လေး ခြေတက်လာတယ်။ တိုက်စစ်ပိုင်းက ဂိုးတွေ ပြန်ရလာတယ်။ ဂိုးတွေကတော့ ပေးနေရဆဲပဲ။ စပါးအသင်းကလည်း ခြေတက်နေတဲ့ ဖူလ်ဟမ်ကို အနိုင်ရခဲ့သလို၊ မန်စီးတီးကိုလည်း အိမ်ကွင်းမှာ ထပ်နိုင်ခဲ့တာကြောင့် အဆင့် (၄)နေရာမျှော်လင့်ချက် ပြန်ရှိလာတယ်။ ဒီပွဲလည်း စပါးကိုပဲ ကြိုက်တယ်။ 



ဆောက်သမ်တန် - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၉:၃၀ နာရီ)

ဝုလ်ဗ်က နောက်ဆုံး (၃)ပွဲမှာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲကို ရှုံးခဲ့ပေမဲ့ ဝက်စ်ဟမ်း နဲ့ လီဗာပူးလ်အသင်းတွေကို အနိုင်ကစားခဲ့တာတွေ့ရတယ်။ လိုပယ်တယ်ဟီလက်ထက်မှာ အသင်းလိုက် ခြေစွမ်းရော၊ စိတ်ဓာတ်ပါ တော်တော်လေး မြင့်တက်လာတယ်။ ဆောက်သမ်တန်ကတော့ တဖြည်းဖြည်းနဲ့ ကျသထက် ကျလာတဲ့အသင်းပါ။ အိမ်ကွင်းမှာလည်း စိတ်ချရတဲ့အသင်းမဟုတ်ဘူး။ ဝုလ်ဗ်ကိုပဲ ကြိုက်တယ်။ 



ဘုန်းမောက် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၁ ရက် ည ၁၂:၀၀ နာရီ)

နယူးကာဆယ်က ဖူလ်ဟမ်ကို နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တာကလွဲပြီး နောက် ပိုင်းပွဲတွေမှာ သရေပွဲတွေဆက်တိုက် ဖြစ်နေတယ်။ နိုင်ပွဲရဖို့ ရုန်းကန်နေရတယ်။ ကစားတာ ကောင်းသလို၊ ခံစစ်ကလည်း တော်တော်လေး ကျစ်လျစ်ပြီး စိတ်ချရတယ်။ ပြဿနာက ဂိုးအရနည်းတာပဲ။ ဘုန်းမောက်ကွင်းမှာလည်း တစ်ဂိုးလောက်တော့ မျှော်လင့်နိုင်မယ်။ ဒါပေမဲ့ Clean Sheet ယူနိုင်ပါဦးမလား ကြည့်ရမယ်။ ရှုံးဖို့တော့ မရှိဘူး။ 

Most Read

Most Recent