■ တူရကီငလျင်အပြီး ပြန်လည်ရှာတွေ့ပြီဟု သတင်းထွက်နေသည့်  အက်ဆုကို ရှာမတွေ့သေးကြောင်း ဟာတေစပေါ်နည်းပြ အတည်ပြု     

■ တူရကီငလျင်အပြီး ပြန်လည်ရှာတွေ့ပြီဟု သတင်းထွက်နေသည့်  အက်ဆုကို ရှာမတွေ့သေးကြောင်း ဟာတေစပေါ်နည်းပြ အတည်ပြု     
Photo: Getty Images
Photo: Getty Images
Published 10 February 2023

တူရကီနှင့် ဆီးရီးယားနိုင်ငံ၌ အင်အားပြင်းထန်သည့် ငလျင်နှစ်ခုလှုပ်ခတ်ပြီးနောက်ပိုင်း ဂါနာတောင်ပံကစားသမား ခရစ္စတီယန်အက်ဆုကို ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တူရကီကလပ် ဟာတေစပေါ်အသင်းနည်းပြဖြစ်သူ ဗော်လ်ကန်ဒီမီရယ်လ်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြောကြားခဲ့သည်။

    

တနင်္လာနေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး နောက် အက်ဆုကို အပျက်အစီးများကြားမှ ကယ်ဆယ်နိုင်ခဲ့ပြီး ဆေးရုံသို့ ရွှေ့ပြောင်းပို့ဆောင်ထားကြောင်း ဟာတေစပေါ်အသင်း ဒုဥက္ကဋ္ဌ မူစတာဖာအိုဇက်နှင့် ဂါနာဘောလုံး အဖွဲ့ချုပ်က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် အခြားမီဒီယာများကလည်း ပြန်လည်ဖော်ပြခဲ့ကြသည်။ 

သို့သော် လက်ရှိအချိန်၌ အက်ဆု မည်သည့်နေရာတွင်ရှိနေသည်ကို မသိရသေးသလို၊ ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ဒီမီရယ်လ်က ဗုဒ္ဓဟူးနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ် သည်။

    

"သူဘယ်မှာရှိနေလဲဆိုတာ သတင်းမရသေးပါဘူး။ သူဘယ်မှာရှိလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး။ သူ့ကို ခေါ် ထုတ်သွားတာ၊ တခြားတစ်နေရာရာကို ခေါ်သွားတာမျိုး မရှိပါဘူး"ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် အက်ဆုနှင့်အတူ ဟာတေစပေါ်အသင်း အားကစားဒါရိုက်တာ တာနာဆာဗက်ကိုလည်း ရှာမတွေ့သေးကြောင်း ဒီမီရယ်လ်က ဆက်လက် ပြောကြားခဲ့သည်။ 

အက်ဆု၏ အေးဂျင့်ဖြစ်သူကလည်း ၎င်းရှိနေသည့်နေရာကို သိရှိနိုင်ရန် အစွမ်းကုန်ကြိုးစားနေပြီး မည်သည့်နေရာတွင်ရှိနေသည်ကို အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၃၁)နှစ်ရှိပြီဖြစ်သည့် အက်ဆုသည် ပေါ်တို၊ ချယ်လ်ဆီး၊ အဲဗာတန်၊ ဘုန်းမောက်၊ နယူးကာဆယ် စသည့်အသင်းများတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် ဟာတေစပေါ်အသင်းသို့ တစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

    

အင်အားပြင်းငလျင်ကြောင့် တူရကီလိဂ်ပြိုင်ပွဲအသီးသီးရှိ ပရော်ဖက်ရှင်နယ်ဘောလုံးပွဲများကို အနည်းဆုံး ဖေဖော်ဝါရီ (၁၇) ရက်အထိ ရွှေ့ဆိုင်းထားကြောင်း သိရသည်။

Most Read

Most Recent