ကိုဗစ်ကင်းစင်ရေး မူဝါဒကို ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှု ပြန်လည်မြင့်တက်လာခဲ့ဟု တရားဝင်ကိန်းဂဏန်းများအရ သိရှိရ

ကိုဗစ်ကင်းစင်ရေး မူဝါဒကို ဖြေလျှော့လိုက်ပြီးနောက် တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှု ပြန်လည်မြင့်တက်လာခဲ့ဟု တရားဝင်ကိန်းဂဏန်းများအရ သိရှိရ
ရှန်ဟိုင်းမြို့ရှိ ရန်ရှန်ရေနက်ဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်သားများ အလုပ်လုပ်နေပုံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်
ရှန်ဟိုင်းမြို့ရှိ ရန်ရှန်ရေနက်ဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်သားများ အလုပ်လုပ်နေပုံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ်
Published 31 January 2023
Ref:AFP

တရုတ်နိုင်ငံရှိ စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်လုပ်မှုသည် လနှင့်ချီကာ ကျဆင်းမှုဖြစ်ပွားခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလထဲတွင် ပြန်လည်မြင့်တက်ခဲ့သည်ဟု ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် တရားဝင်ကိန်းဂဏန်းများအရ သိရသည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နိုင်ငံတွင် အာဏာပိုင်များကတင်းကျပ်သော ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့ပြီးနောက် စီးပွားရေးသည် ပြန်လည်အရှိန်ရလာခဲ့သည်။

တင်းကျပ်သော လော့ဒေါင်းအစီအမံများကြောင့် စီးပွားရေးအပေါ် ထိခိုက်မှုများအကြီးအကျယ် ဖြစ်ပေါ်ခဲ့ကာ အဓိကျသောအိမ်ခြံမြေကဏ္ဍ အကျပ်အတည်းပိုမိုနက်ရှိုင်းလာစဉ် ယမန်နှစ်က အာရှအင်အားကြီး တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် သုံးရာခိုင်နှုန်းသာ ရှိခဲ့သည်။

ယင်းသည် ဆယ်စုနှစ်လေးခုအတွင်း အရှိန်အဟုန်အနှေးကွေးဆုံးဖြစ်ခဲ့သော်လည်း ခန့်မှန်းချက်များထက် ကျော်လွန်နေခဲ့ကာ နယ်နိမိတ်များကို ပြန်ဖွင့်ထားစဉ် ခိုင်မာအားကောင်းစွာဖြင့် နာလန်ပြန်ထူနိုင်ရေး မျှော်လင့်ချက်များကို မြင့်တက်စေခဲ့သည်။

တရုတ်အစိုးရအနေဖြင့် ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာကို တစ်စိုက်မတ်မတ် ကျင့်သုံးကာ တင်းကျပ်သည့် ဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံများကို ချမှတ်ခဲ့ခြင်းကြောင့် အခြားသော ကမ္ဘာ့နိုင်ငံများနှင့် ချိတ်ဆက်မှုပြတ်တောက်ကာ ယမန်နှစ်အတွင်း စီးပွားရေးဆိုင်ရာ လည်ပတ်လှုပ်ရှားမှုများနှင့် ကုန်စည်ထုတ် လုပ်ဖြန့်ဖြူးမှုကွင်းဆက်များအပေါ် သက်ရောက်မှုများ ဖြစ်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် ဂယက်ရိုက်ခဲ့သည်။

သို့ရာတွင် လက်တလော၌ စီးပွားရေး ပြန်လည်အရှိန်ရလာသည့် လက္ခဏာများကို မြင်တွေ့လာရပြီး အဓိက တိုင်းတာမှုတစ်ရပ်ဖြစ်သော စက်ရုံအလုပ်ရုံများ၏ ထုတ်ကုန်ပမာဏသည် ယခုလထဲတွင် မြင့်တက်လာခဲ့ကာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်နိုင်သည်ဟု တိုးမြှင့်ခန့်မှန်းထားသည်။

“ကပ်ရောဂါ တားဆီးကာကွယ်ရေးအစီအမံများသည် အဆင့်သစ်တစ်ခုဆီသို့ ရောက်လာခဲ့ပြီး ပုံမှန်အခြေအနေဆီ တဖြည်းဖြည်း ပြန်ရောက်လာပြီဖြစ်တယ်” ဟု အမျိုးသားစာရင်းအင်းဌာန (NBS) ၏ စာရင်းအင်းပညာရှင် ကျောက်ချင်းဟဲက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရားဝင်ထုတ်ပြန်သော ကုန်ထုတ်လုပ်မှုနှင့်သက်ဆိုင်သော Purchasingers’ index (PMI) အညွှန်းကိန်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလထဲတွင် ၄၇ မှ ယခုလထဲတွင် ၅၀ ဒသမ ၁ သို့ ပြန်လည်မြင့်တက်ခဲ့သည်ဟု သိရသည်။

နိုင်ငံတွင် လက်ရှိကိုဗစ်ကူးစက်လှိုင်း ပြီးဆုံးတော့မည်ဖြစ်ပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှုအရေအတွက် လျော့လာသည်ဟု တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးနှင့်တားဆီးရေးစင်တာ CDC က ကြေညာချက်ထုတ်ပြန်ထားသည်။ တရုတ်မြို့ကြီးမြို့ငယ်များတွင် ဖျားနာကုဆေးခန်းများသို့လာရောက်မှုသည် ဇန်နဝါရီလအတွင်း  ၉၀ ရာခိုင်နှုန်းကျော်၊ ဆေးရုံတက်ရမှုမှာ ၈၅ ရာခိုင်နှုန်းကျော် လျော့ကျသွားခဲ့သည်ဟု သိရသည်။

 

Most Read

Most Recent