စိတ်၊ စိတ်၊ စိတ်

စိတ်၊ စိတ်၊ စိတ်
Published 30 January 2023

စိတ်ကို ဖြစ်စေသော အာရုံတို့မှာ ခြောက်ပါးရှိ၏။ ယင်းတို့မှာ ရူပါရုံ (အဆင်း)၊ သဒ္ဒါရုံ (အသံ)၊ ဂန္ဓာရုံ (အနံ့)၊ ရသာရုံ (အရသာ)၊ ဖောဋ္ဌဗ္ဗာရုံ (အတွေ့)နှင့် ဓမ္မာရုံ (တရားသဘော)တို့ဖြစ်သည်။ ဆိုရလျှင် စိတ် ၈၉ ပါး၊ စေတသိက် ၅၂ ပါး၊ ပသာဒရုပ် ၅ ပါး၊ သုခမရုပ် ၁၆ ပါး၊ ပညတ်နှင့် နိဗ္ဗာန်ဟူသော တရားအပေါင်းသည် ဓမ္မာရုံမည်၏။

စိတ်တို့သည် အမှတ်မဲ့ဖြစ်ကြသည်မဟုတ်။ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံ ဟူသော အာရုံခြောက်ပါးအားလျော်စွာသာ ဖြစ်ကြ၏။ ရူပါရုံကြောင့် စက္ခုဝိညာဏ်စိတ်ဖြစ်၏။ သဒ္ဒါရုံကြောင့် သောတဝိညာဏ်စိတ် ဖြစ်၏။ ဂန္ဓာရုံကြောင့် ဃာနဝိညာဏ်စိတ် ဖြစ်၏။ ရသာရုံကြောင့် ဇိဝှာဝိညာဏ်စိတ်ဖြစ်၏။ ဖောဋ္ဌဗ္ဗာရုံကြောင့် ကာယဝိညာဏ်စိတ်ဖြစ်၏။ ဓမ္မာရုံကြောင့် မနောဝိညာဏ်စိတ်ဖြစ်၏။ အစရှိသည်တို့ ဖြစ်သောအခါ အာဝဇ္ဇန်း၊ သမ္ပဋိစ္ဆိုန်း၊ သန္တီရဏ၊ ဝုဋ္ဌော၊ ဇော၊ တဒါရုံစသော စိတ်တို့သည် အစဉ်အတိုင်း ဖြစ်ကုန်၏။ အာဝဇ္ဇန်းသည် စက္ခုဝိညာဏ်၏ အာရုံကို ဆင်ခြင်၏။ သမ္ပဋိစ္ဆိုန်းသည် ထိုအာရုံကို ခံယူ၏။ သန္တီရဏသည် ထိုအာရုံကို စူးစမ်း၍ ဝုဋ္ဌောသည် ထိုအာရုံကို ပိုင်းခြားဝေဖန်ပြီးလျှင် ဇောသည် ထိုအာရုံကို ကောင်းသည် မကောင်းသည်ကို လျင်မြန်စွာသိ၍ တဒါရုံသည် ထိုဇော၏ အသိကို အတည်ပြု၏။

ထိုစက္ခုဝိညာဏ်စိတ်မှသည် ကာယဝိညာဏ်စိတ်အထိ ငါးပါးတို့သည် ကောင်းသောဣဋ္ဌာရုံကို တွေ့မြင်သောအခါ ကုသလဝိပါက်စက္ခုဝိညာဏ် စသည်ဖြစ်၍ မကောင်းသော အနိဋ္ဌာရုံကိုမြင်သောအခါ၊ အကုသလဝိပါက်စက္ခုဝိညာဏ် စသည်ဖြစ်၏။ စိတ်သည် ကုသိုလ်စိတ်၊ အကုသိုလ်စိတ်၊ ၀ိပါက်စိတ်၊ ကြိယာစိတ်ဟူ၍ ရှိရာ၊ ကုသိုလ် အကုသိုလ် စိတ်သည် ဆန်းကြယ်သော အကြောင်းစိတ်ဖြစ်၏။ ၀ိပါက်စိတ်သည် အကျိုးစိတ်ဖြစ်၏။ ကြိယာစိတ်ကား အကြောင်းအကျိုးဟု မဆိုရသော ပြုကာမတ္တစိတ်ဖြစ်၏။

အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလိုအားဖြင့် “စိတ်တစ်ခု ယုတ်ကိုးဆယ်၊ အကျယ်တစ်ရာ့ နှစ်ဆယ့်တစ်ပါး” ရှိသည်ဟု အချုပ်အားဖြင့် အမှတ်အသားပြုကြသည်။ စိတ်ကို သရုပ်ခွဲရာ၌ လောကီစိတ်၊ လောကုတ္တရာစိတ်ဟူ၍ နှစ်မျိုးကွဲနိုင်၏။ ကာမစိတ် ၅၄ ပါးနှင့် မဟဂ္ဂုတ်စိတ် ၂၇ ပါးတို့ပေါင်းသော် လောကီစိတ် ၈၁ ပါးရ၏။ သောတာပတ္တိမဂ်စသော စိတ်ရှစ်ပါးသည် လောကုတ္တရာစိတ်ဖြစ်၏။ လောကီစိတ်နှင့် လောကုတ္တရာစိတ်တို့ကို နှစ်ရပ်ပေါင်းသော် စိတ် ၈၉ ပါး ဖြစ်၏။ တစ်နည်းအားဖြင့် သရုပ်ခွဲသော် မတင့်တယ်သော အသောဘဏစိတ်နှင့် တင့်တယ်သော သောဘဏစိတ်ဟူ၍ နှစ်မျိုးရပြန်သည်။ အကုသိုလ်စိတ် ၁၂ ပါး၊ အဟိတ်စိတ် ၁၈ ပါး၊ ပေါင်း ၃၀ သော စိတ်တို့သည် အသောဘဏစိတ် မည်၏။ ကာမာဝစရစိတ် ၂၄ ပါး၊ မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ လောကုတ္တရာစိတ် ရှစ်ပါး၊ ပေါင်း ၅၉ ပါးသည် သောဘဏစိတ်မည်၏။ အသောဘဏနှင့် သောဘဏစိတ် နှစ်ရပ်ပေါင်းသော် စိတ် ၈၉ ပါးဖြစ်၏။

တစ်ဖန်၊ စိတ်ကို ကာမဘုံ၌ အဖြစ်များသော ကာမစိတ် ၅၄ ပါး၊ ကာမစိတ်ထက်မြက်သော မဟဂ္ဂုတ်စိတ် ၂၇ ပါး၊ လောကမှ လွန်မြောက်သော လောကုတ္တရာစိတ် ရှစ်ပါး၊ ပေါင်း ၈၉ ပါးဟုလည်း သရုပ်ခွဲနိုင်သည်။ ကာမစိတ် ၅၄ ပါးတို့တွင် မကောင်းသော အကုသိုလ်စိတ် ၁၂ ပါး၊ အရင်းအမြစ် ဟိတ်မရှိသော အဟိတ်စိတ် ၁၈ ပါး၊ ကာမဘုံ၌အဖြစ်များသော ကာမာဝစရစိတ် ၂၄ ပါးတို့ ပါဝင်၏။

အကုသိုလ်စိတ် ၁၂ ပါး ဟူသည် လောဘအရင်းခံဖြစ်သော လောဘမူစိတ် ရှစ်ပါး၊ ဒေါသအရင်းခံဖြစ်သော ဒေါသမူစိတ် နှစ်ပါး၊ မောဟအရင်းခံဖြစ်သော မောဟမူစိတ် နှစ်ပါး၊ ပေါင်း ၁၂ ပါးဖြစ်၏။ အကုသလဝိပါက်စိတ် ခုနစ်ပါး၊ ကုသလဝိပါက်စိတ် ရှစ်ပါး၊ ကြိယာစိတ် သုံးပါး၊ ပေါင်း ၁၈ ပါးသည် အဟိတ်စိတ်မည်၏။ မဟဂ္ဂုတ်စိတ်သည် ရူပဘုံ၌ အဖြစ်များသော ရူပါဝစရစိတ် ၁၅ ပါး၊ အရူပဘုံ၌ အဖြစ်များသော အရူပါဝစရစိတ် ၁၂ ပါး၊ ပေါင်း ၂၇ ပါးရှိ၏။ ကုသိုလ်ငါးပါး၊ ၀ိပါက် ငါးပါး၊ ကြိယာ ငါးပါး၊ ပေါင်း ၁၅ ပါးသည် ရူပါဝစရစိတ်ဖြစ်၏။ ကုသိုလ်လေးပါး၊ ၀ိပါက် လေးပါး၊ ကြိယာ လေးပါး၊ ပေါင်း ၁၂ ပါး သည် အရူပါဝစရစိတ်ဖြစ်၏။ လောကုတ္တရာစိတ်ရှစ်ပါးသည် ကိလေသာကိုသတ်သော မဂ်စိတ်လေးပါးနှင့် မဂ်၏အကျိုးဖြစ်သော ဖိုလ်စိတ် လေးပါးတို့ဖြစ်၏။ မဂ်စိတ်လေးပါး၌ သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်ဟူ၍ ပါဝင်ကြ၏။ ဖိုလ်စိတ်လေးပါး၌ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဘိုလ်၊ အနာဂါမိဘိုလ်၊ အရဟတ္တဖိုလ်ဟူ၍ ပါဝင်ကြ၏။ သောတာပတ္တိသည် အရိယာမဂ်အယဉ်သို့ ရှေးဦးစွာ ဆိုက်ရောက်ခြင်းဖြစ်သည်။ သကဒါဂါမိသည် လူ့ပြည်၌တစ်ကြိမ်သာ ဖြစ်ခွင့်ရှိသည်။ အနာဂါမိကား လူ့ပြည်၌ ဖြစ်ခွင့် မရှိ။ အရဟတ္တမှာမူ ကိလေသာကို အကြွင်းမကျန် မရှိ သတ်ဖြတ်ခြင်း (ရဟန္တာဖြစ်ခြင်း) ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ကုသိုလ်၊ အကုသိုလ်တည်းဟူသော မိမိတို့ပြုသမျှအမှုတို့၏ အကြောင်းရင်းခံမှာ မိမိတို့၏ စိတ်သာ ဖြစ်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဇန်နဝါရီ ၃၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent