စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုများကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုများကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိ
Published 24 January 2023

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုများကြောင့် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီ မိနစ် ၅၀ က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည့် အမျိုးသားတစ်ဦး‌ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့သွားရောက်စစ်ဆေးရာတွင် ကန့်ဘလူမြို့နယ်၊ မယ်ဇာတောကျေးရွာနေ ကိုဇော်လင်းထိုက် (၂၅)နှစ်၏ ခန္ဓာကိုယ်၌ မိုင်းစထိမှန်ဒဏ်ရာ ခြောက်ချက်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီက နေအိမ်မှ ကျေးရွာရှိ စျေးသို့စျေးသွားဝယ်စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအနီး ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁ နာရီက ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ မိုင်းစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦး ထပ်မံရောက်ရှိလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုသို့သွားရောက်စစ်ဆေးရာတွင် ကန့်ဘလူမြို့နယ်၊ ဇာဒီကျေးရွာနေ ဦးအောင်အောင် (၃၃)နှစ်၏ ဦးခေါင်းဝဲဘက်၌ မိုင်းစထိမှန်ဒဏ်ရာ တစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အားစိစစ်ခဲ့ရာ ၎င်းသည် နံနက် ၆ နာရီတွင် ကျေးရွာအပြင်ရှိ ၎င်းပိုင်တောင်ယာသို့သွားစဉ် ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၅၀ တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက် ၇၈-၇၉ လမ်းကြား၊ ၉ လမ်းရှိ အရိပ်မထွက်ဘုရားဝင်းအတွင်းသို့ ဆိုင်ကယ်စီးနင်းလာသည့် အမည်မသိအမျိုးသား နှစ်ဦး (စိစစ်ဆဲ)က PVC ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ဘုရားပုရဝဏ်အတွင်းရှိ ဆွမ်းသပိတ်စင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်သာသနိကအဆောက်အအုံများ ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာ ရီ ၁၅ မိနစ်တွင် ချမ်းအေးသာစံမြို့နယ်၊ ၆၂ ထ ၃၁ လမ်းထောင့်ရှိ ပြည်ကြီးမျက်ရှင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ၆၂ လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသားနှစ်ဦး (စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်များတွင် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent