ရခိုင်ပြည်နယ် ချွတ်ပြင်ကျေးရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရန် အထူးစုံစမ်း စစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

ရခိုင်ပြည်နယ် ချွတ်ပြင်ကျေးရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရန် အထူးစုံစမ်း စစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း
Published 24 January 2023

ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသတွင် အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သည့် ချွတ်ပြင်ကျေးရွာဖြစ်စဉ် စုံစမ်းစစ်ဆေးရန် အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၂၃ ရက်တွင် အတည်ပြုသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့တွင် ဗိုလ်မှူးချုပ်စိုးတင့်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ဗိုလ်မှူးကြီးသန်းလှိုင်နှင့် ဗိုလ်မှူးကြီးမျိုးအောင်တို့က အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့်  ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ချွတ်ပြင်ကျေးရွာနှင့် မောင်နုကျေးရွာဖြစ်စဉ်များနှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရန်အတွက် ဗိုလ်ချုပ်မြတ်ကျောက်က  ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေဖြင့် မောင်နုကျေးရွာဖြစ်စဉ်ကို စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်စဉ်တွင်ပါဝင်သည့်   အရပ်သားများမှာ ချွတ်ပြင်ကျေးရွာတွင်လည်းကောင်း၊ အနီးဝန်းကျင်ရှိ ကျေးရွာများတွင်လည်းကောင်း နေထိုင်မှုမရှိတော့ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့ခြင်းနှင့် သွားလာမှုကန့်သတ်ထိန်းချုပ်ထားရှိခြင်းတို့ကြောင့် ယာယီအမှုပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ချွတ်ပြင်ကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြစ်ရပ်အမှန်ပေါ်ပေါက်စေရေးအတွက် လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရုံးခုံရုံးဥက္ကဋ္ဌ တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်မြတ်ကျော်သည် တပ်မတော်မှ အငြိမ်းစားယူခဲ့ပြီးဖြစ်သည့်အတွက် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြင်ဆင်ဖွဲ့စည်းလိုက်သည့် အထူးစုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့အနေဖြင့် လိုအပ်သည့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent