၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီသွားဧည့်သည်ဝင်ရောက်မှု ၇၈ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့ 

၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီသွားဧည့်သည်ဝင်ရောက်မှု ၇၈ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့ 
Published 24 January 2023

၂၀၂၁ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီသွားဧည့်သည်ဝင်ရောက်မှု ၇၈ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက်က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ယင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ်များအလိုက် ဟိုတယ်ဇုန်များနှင့် ခရီးသွားအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရေတိုရေရှည်စီမံကိန်းများ၊ မူဝါဒများ၊ စံသတ်မှတ်ချက်များ၊ ဆောင်ရန်ရှောင်ရန်များကို နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းလုပ်ကိုင်သူများက မိမိတို့လုပ်ငန်းအောင်မြင်အောင် ကိုယ်တိုင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယမန်နှစ်ဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း ပိုမိုတိုးတက်ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း၊ အဓိကလာရောက်ကြသော လူမျိုးများမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ အမေရိကန် ဗြိတိန်နှင့် ရုရှားတို့ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပခရီးသွားတိုးတက်ဝင်ရောက်လာရန် ပြည်ပနိုင်ငံများ၏ ခရီးသွားစျေးကွက်ရရှိအောင် နိုင်ငံအစိုးရများအကြားသာမက ကမ္ဘာ့ခရီသွားလုပ်ငန်းအဖွဲ့ချုပ်ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းအများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိကအသင်းအဖွဲ့များက အင်တိုက် အားတိုက် လိုက်ပါဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ပြည်ပနိုင်ငံများ၌ ကျင်းပလေ့ရှိသော နိုင်ငံတကာခရီးသွားပြပွဲများ၊ ခရီးသွားမြှင့်တင်ရေး ညီလာခံများတွင်သာမက ယင်းနိုင်ငံများရှိ လေကြောင်းလိုင်းများတွင်ပါ မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများအား မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် လိုအပ်သောအစီအမံများအား ဝန်ကြီးဌာနက ရေးဆွဲထားရှိပြီးဖြစ်သည့်အတွက် ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့များ၊ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေမှုအခြေအနေများ၊ ဝန်ကြီးဌာနက ရေးဆွဲထားရှိသော အစီအမံများတွင် ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။

Most Read

Most Recent