တပို့တွဲသည် မြန်မာပြက္ခဒိန်၏ ဧကဒသမလဖြစ်ပြီး တပို့တွဲလတွင် ၂၉ ရက်ရှိသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီအတွင်း ကျရောက်သည်။ “တပိုဝ်” သည် “ထန်းဖူး” ကို ဆိုလိုပြီး “တွဲ” သည် “အသီးခိုင် တွဲလောင်းကျသည်” ကို ရည်ညွှန်းခြင်းကြောင့် တပို့တွဲလတွင် ထန်းဖူးများအား အောက်ရောက်အောင် ဆွဲချပြီး ထန်းရည်ခံသည့် ကာလဖြစ်သည်မှာ ထင်ရှားသည်။ အထိမ်းအမှတ်ပန်းမှာ ပေါက်ပန်းဖြစ်သည်။ တပို့တွဲလတွင် ထင်ရှားသော ပွဲတော်မှာ ထမနဲပွဲဖြစ်သည်။ ဗုဒ္ဓဘုရားကို နံသာများ မီးရှို့ပူဇော်သော မီးပုံပွဲရှိသည်။
တပို့တွဲလသည် အချမ်းပိုသည်။ မြတ်စွာဘုရားရှင်လက်ထက်၌ တပို့တွဲလမှ တပေါင်းလသို့အကူး ကြားရှစ်ရက်သည် အလွန်အေးမြသည်။ ၀ိနည်းတော်အရ မြတ်စွာဘုရားသည် ရဟန်းတို့ကို မီးမလှုံရန် တားမြစ်ပိတ်ပင်သည်။ တားမြစ်ရသည့်အကြောင်းမှာ မီးနှင့် မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့် အဆင်းပျက်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့် မွေ့လျော်နေခြင်း၊ ၎င်းတို့နှင့် အကျိုးမရှိသော စကားများကို ပြောဆိုခြင်းတို့ကြောင့်ဖြစ်သည်။ သို့သော်တပို့တွဲလကုန် တပေါင်းလအကူးကြား ရှစ်ရက်သည် အလွန်တရာ အေးမြသောကြောင့် ထိုရက်များအတွင်း ရဟန်းများ မီးလှုံရန် ခွင့်ပြုတော်မူရုံမျှမက ကိုယ်တော်တိုင်သည်လည်း မီးလှုံတော်မူလေ့ရှိ၏။ ဤသည်ကို အစွဲပြု၍ တပို့တွဲလ၌ မီးပုံသဘင်ကို ဆင်ယင်ကျင်းပကြသည်။
ရှေးခေတ်က ကျင်းပသော မီးပုံပွဲတွင် ယာဂုအိုး ၁,၀၀၀ လှူဒါန်းလေ့ရှိိသည်။ ယင်းကို ထောက်ရှုလျှင် မီးပုံပွဲနှင့် ယာဂုဆက်စပ်နေသည်ကို တွေ့ရမည်။ စင်စစ်ဤအလှူနှစ်မျိုးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်၍ တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။ ယာဂုပူဇော်ပွဲအစဉ်အလာကို ၀ိနည်းပိဋကတ် မဟာဝဂ်ပါဠိတော်၌ ပြဆိုထားသည်။ တစ်ရံခါသော် မြတ်စွာဘုရားသည် များစွာသော သံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူရာ ဇနပုဒ်၌နေသော သူတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေးစသော လှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်၍ မြတ်စွာဘုရား ကြွချီရာသို့ လိုက်ပြီးလျှင် ဆွမ်းဘောဇဉ် အာဟာရတို့ကို ကပ်လှူပူဇော်ကြလေသည်။ ထိုအခါပုဏ္ဏားတစ်ဦးသည် အလားတူ ဆွမ်းကျွေးလိုပါသော်လည်း မိမိအလှည့်မကျနိုင်သောကြောင့် အရှင်အာနန္ဒာကို ချဉ်းကပ်၍ ယာဂုနှင့်တကွ ပျားသကာမုန့်တို့ကို မြတ်စွာဘုရားနှင့်တကွ သံဃာတော်တို့အား ဆက်ကပ်ခွင့်ရပါရန် လျှောက်ထားတောင်းပန်လေ၏။ အရှင်အာနန္ဒာသည် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားလည်း ပုဏ္ဏားအလိုရှိသည့်အတိုင်း ကပ်လှူပူဇော်စေရန် သည်းခံတော်မူလေသည်။ ယင်းမှစ၍ ယာဂုအလှူပွဲအစဉ်အလာ ပေါ်ပေါက်လာလေသည်။
ယာဂုဟူသည် ခေတ်စကားနှင့်ပြောလျှင် ဆန်ပြုတ်ပင်ဖြစ်သည်။ သို့သော်လုံးတော ဆရာတော်၏ အာဘော်အရ မြတ်စွာဘုရားသည် လေနာနှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာအား ယာဂုဆွမ်းခံချေဟု မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံ အလှူခံရာ ထိုမာတုဂါမက ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကို ကပ်သဖြင့် လေနာငြိမ်းသည်ဟုဆိုသောကြောင့် ယာဂုသည် ငရုတ်၊ ကြက်သွန်စသည်တို့ပါသော ဆန်ပြုတ်တစ်မျိုးဟု ယူဆနိုင်သည်။ မင်းတုန်းမင်းလက်ထက် ယာဂုအလှူပွဲအကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး၌ ဖတ်ရှုနိုင်သည်။ ယင်းအလှူပွဲအကြောင်း၌ ရွှေမြို့တော်လေးပြင်လေးရပ် တိုင်းသူပြည်သားအားလုံးတို့သည် လူတစ်ကိုယ်ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ ယင်းယာဂု၌ ကောက်ညှင်း၊ ဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီး စသည်တို့ကို ထည့်၍ ကျိုသည်ဟုဆိုသည်။ ယင်းယာဂုကျိုခြင်းကိုပင်လျှင် ယခုခေတ်၌ ထမနဲထိုးသည်ဟု ဆိုကြောင်း မှတ်သားရသည်။ ထမနဲ (၀ါ) ထမင်းနှဲ ဟူသောစကားသည် (ကောက်ညှင်း) ထမင်းကို နှဲခြင်းဟူသော အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည်။ ရှေးအရေးအသားအချို့တွင် ထမင်းနှဲဟူ၍ပင် ရေးကြသည်။ အချို့ကလည်း နှမ်းကိုကဲ၍ ထည့်ခြင်းကြောင့် နှမ်းမနဲဟူ၍လည်း ခေါ်ကြသည်။
မည်သို့ပင်ဆိုစေ၊ ဗုဒ္ဓဘာသာ မြန်မာတို့၏စေတနာကို ထမနဲပွဲဖြင့်ဆင်ခြင်နိုင်သကဲ့သို့ ထမနဲသည် တရားမဟောဘဲ ညီညွတ်မှု၊ ချစ်ကြည်မှုတို့၏ လက်တွေ့ကောင်းကျိုးကို ပြသနေသကဲ့သို့ရှိပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(ဇန်နဝါရီ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)