၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် နစကက လမ်းညွှန်ခွင့်ပြုခဲ့ပြီးဖြစ်၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရမည်       ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် နစကက လမ်းညွှန်ခွင့်ပြုခဲ့ပြီးဖြစ်၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရမည်       ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌ ပြောကြား
Published 21 January 2023

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နစကက လမ်းညွှန်ခွင့်ပြုခဲ့ပြီးဖြစ်၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်က  နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ၊ ဗဟိုသန်း ခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဒုတိယဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့်ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိ ရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူရမည်ဖြစ်ကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ အန္တရာယ်ဆိုးကြီး၏ အကျိုးဆက်များကို ဆန်းစစ်လေ့လာ သုံးသပ်ရန်နှင့် ပြန်လည်ကုစားရေးအစီအစဉ်များကို စနစ်တကျရေးဆွဲနိုင်ရန် တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များလည်း လိုအပ်ကြောင်း၊ ထို့ကြောင့်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်များအနေဖြင့် မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိ ရန်၊ ၂၀၁၄ ခုနှစ်နှင့်၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့်နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတို့ကို အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများကို နောက်ဆုံးအခြေအနေ နှင့်အညီပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသားစာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အထောက်အပံ့ပြုနိုင်ရန်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် သန်းခေါင်စာရင်းကရရှိလာသည့် အချက်အလက်များသည် နိုင်ငံတော်အစိုးရ၊ ဝန်ကြီးဌာနများအားလုံး၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်သူပြည်သားအားလုံးနှင့်သက်ဆိုင်ကြောင်း၊ သန်းခေါင်စာရင်းကသာလျှင် နိုင်ငံအတွင်း နေထိုင်သူများ၏ လူတစ်ဦးချင်းစီမှအဖွဲ့ အစည်းအုပ်စုလိုက် ၊  တစ်နိုင်လုံးအတိုင်းအတာအရ နိုင်ငံရေး၊ စီးပွားရေး၊ကာကွယ်ရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲရေးများအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သူများ ကယ်ဆယ်ရေးစသည့် အခြားသော ဘက်စုံကဏ္ဍများအတွက်ပါ လိုအပ်သည့်အချက်အလက်များရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက အဓိက ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့်လည်း ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း နစကဒုတိယဥက္ကဋ္ဌက ဆိုသည်။

ယင်းအပြင် ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ခြင်းကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် နည်းပညာအပါအဝင် ရှိနှင့်ပြီး ဖြစ်သည့် ရင်းမြစ်များကိုမျှဝေသုံးစွဲရန်နှင့် ၀ိုင်းဝန်းကူညီပံ့ပိုးရန် အလေးအနက် မှာကြား လိုကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် အချိန်နှင့်ငွေကြေးများစွာ ရင်း နှီးစိုက်ထုတ်ရသည့်အပြင် သန်းခေါင်စာ ရင်းရလဒ်များသည် နိုင်ငံအဆင့်အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များဖြစ်သည့် အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်ကို နိုင်ငံတော်၏အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းကြောင်း အခြေအနေကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည်ဆိုလျှင် လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်၊ ၁၈၈၁ ခုနှစ်၊ ၁၈၉၁ ခုနှစ်၊ ၁၉၀၁ ခုနှစ်၊ ၁၉၁၁ ခုနှစ်၊ ၁၉၂၁ ခုနှစ်၊ ၁၉၃၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်တို့တွင်  ရှစ်ကြိမ်ကောက်ယူခဲ့ သည်ကို တွေ့ရကြောင်း၊  သန်းခေါင်စာရင်းအချက်အလက်များကို ယနေ့အထိ အသုံးပြုနေရဆဲဖြစ်ကြောင်း၊ ယနေ့မိမိတို့နိုင်ငံအပေါ် မလိုလားသည့် ပြည်ပနိုင်ငံတစ်ချို့၏ စွပ်စွဲထိုးနှက်နေသည့် ရိုဟင်ဂျာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးလုံးဝ မရှိခဲ့ကြောင်းကို ဗြိတိသျှကိုလိုနီ လက်အောက် ၁၈၈၁ ခုနှစ်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအစီရင်ခံစာပါ လူမျိုးစာရင်းများအရ အခိုင်အမာသက်သေပြနိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက် ၁၉၅၃ ခုနှစ် မတ်လတွင် မြို့နယ်ပေါင်း (၂၅၂) မြို့နယ်နှင့် ချင်းပြည်နယ်ကိုလည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် မြန်မာပြည် ပြည်မကျေးရွာအုပ်စု(၂၁၄၃)ခုနှင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု (၁၀၁၆) ခုတွင် လည်းကောင်း၊  လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့ကြောင်း မှတ်တမ်းများအရ သိရကြောင်း၊  တစ်နိုင်ငံလုံး အတိုင်းအတာနှင့်ကောက်ယူနိုင်ခဲ့သည့် ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်၌တစ်ကြိမ် စုစုပေါင်းသုံးကြိမ်ကောက် ယူနိုင်ခဲ့ကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း(၃၀)ကြာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိခဲ့သည့် ၁၉၈၃ ခုနှစ်စာရင်းပေါ်တွင် အခြေခံပြီး လူဦးရေအပါအဝင် လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိမှုနှင့်အသုံးပြုမှုများကြောင့်လည်း အားနည်းချက်များအနည်းနှင့်အများ ဖြစ်ခဲ့သည်ကို အားလုံးအသိပင် ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၄ ခုနှစ်ရောက်မှသာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီး နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက်အတော်များများရရှိခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံအတွင်း လူဦးရေဆိုင်ရာ ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်နေချိန်တွင် စာရင်းအင်းအချက်အလက် လိုအပ်နေမှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းနိုင်ရန် ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းကို ၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြောင်း၊ လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ အချက်အလက်များစွာကိုပံ့ပိုးပေးနိုင်ခဲ့ပြီး စာရင်းအင်းအချက်အလက် အသုံးပြုမှု ပိုမိုအားကောင်းလာသည်ကို တွေ့ရကြောင်း ၎င်းကဆိုသည်။

ထို့ပြင် နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်း ကောက်ယူခြင်းအတွေ့အကြုံများအရ လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ်လျှင် တစ်ကြိမ်သာ လူဦးရေသန်းခေါင် စာရင်းများကို ကောက်ယူလေ့ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လူဦးရေစာရင်း ကောက်ယူနိုင်သည့်အတွက်လည်း တစ်ကမ္ဘာလုံးနှင့်ယှဉ်ပြီး နိုင်ငံအချို့၏ လူဦးရေစာရင်းအတိအကျ မကောက်ယူနိုင်သော်လည်း ပျမ်းမျှလူဦးရေ တိုးပွားနှုန်းနှင့်လျော့ကျမှုနှုန်းကို မူတည်၍ ကမ္ဘာ့လူဦးရေကို နှစ်အလိုက် လိုအပ်သလို ထုတ်ပြန်နိုင်ခြင်းဖြင့် နောက်ဆက်တွဲ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့်လူမှုရေးဆိုင်ရာ အချက်အလက်ကိန်းဂဏန်းများကို ရရှိစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၉၉ ခုနှစ်တွင် တစ်ကမ္ဘာလုံးလူဦးရေသည် ခြောက်ဘီလျံခန့် ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ခန့်မှန်းခုနစ်ဘီလျံ ခန့်၊ ၂၀၂၂-၂၀၂၃ တွင် ရှစ်ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းချက်များတွက်ချက် ထွက်ပေါ်လာခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ကြောင့်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်သည့်အတွက် မှတ်ပုံတင်စာရင်းအင်းအချက်အလက်များ အပြည့်အစုံရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် သန်းခေါင်စာရင်းကို ပုံမှန်ကောက်ယူနေဆဲဖြစ်၍ မြန် မာနိုင်ငံတွင်လည်း ၂၀၁၄ သန်းခေါင်စာ ရင်း အပြီး (၁၀)နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ်သန်းခေါင်စာရင်း ကောက် ယူရမည် ဖြစ်ကြောင်း နစကဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူရန်လျာထားဆောင်ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းကို လုပ်ငန်းအဆင့်တိုင်းတွင် အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေအရ  ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၂ ခုနှစ် ဇွန် ၂၇ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၂ ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအမိန့် ကြော်ငြာစာအရ မိမိအနေဖြင့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယကအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း နစကဒုတိယ ဥက္ကဋ္ဌကပြောကြားသည်။

Most Read

Most Recent