ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာအတွက် ဂျက်ဆင်ဒါအာဒန် နယူးဇီလန်ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ရန်ကြေညာ လိုက်ခြင်းသည် အံ့သြစရာဖြစ်ပေလိမ့်မည်။ခေါင်းဆောင်မှုအယူအဆတွင် ကြင်နာစိတ်ကိုအရင်းခံသည့် နယူးဇီလန်ဝန်ကြီးချုပ်သည် ထောက်ခံသူများပြားခဲ့ပြီး ၎င်းကို သဘောကျထောက်ခံသူအများစုမှာ အမျိုးသမီးများဖြစ်သည်။
တိုင်းပြည်ကိုဦးဆောင်ရင်း မိခင်တာဝန်ပါ တွဲယူထားသည့် ရှားရှားပါးပါးအနေအထားတစ်ခုကို အာဒန်ကဆုပ်ကိုင်ထားခြင်း ဖြစ်ပြီး ၎င်းသည် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဘန်နဇီယာဘူတိုပြီးလျှင် တာဝန်ထမ်းဆောင်ရင်း မိခင်ဘဝကို ခံယူလိုက်သည့် ဒုတိယမြောက်ကမ္ဘာ့ခေါင်းဆောင်ဖြစ်သည်။
ကလေးတစ်ဖက်နှင့် တာဝန်ယူရမှု မြင့်မားသည့်အလုပ်တစ်ဖက်ကို အမျိုးသမီးတစ်ဦးက လုပ်နိုင်ပါ့မလားဆိုသည့်မေးခွန်းသည် အာဒန်အတွက် ရယ်စရာဖြစ်နေနိုင်သည်။ ထိုတာဝန်နှစ်ခုစလုံးကို အာဒန်ကယူ ပြခဲ့သည်။ သို့သော် လက်တွဲဖော်၏ ပံ့ပိုးမှုတော့လိုသည်။
အာဒန်သည် အသက် ၃၇ နှစ်အရွယ်တွင် ပထမဆုံးအကြိမ် မိခင်ဖြစ်လာပြီး ၎င်းလက်ထက်နယူးဇီလန်နိုင်ငံသည် ဝရုန်းသုန်း ကားနှစ်သုံးနှစ် ကြုံခဲ့ရသည်။
နိုင်ငံ၏အဆိုးဆုံးအကြမ်းဖက်တိုက်ခိုက်မှု၊ ဆိုးရွားသည့်မီးတောင်ပေါက်ကွဲမှုနှင့် ကမ္ဘာ့ကပ်ရောဂါတို့ကို ထိုသုံးနှစ်အတွင်း ရင် ဆိုင်ခဲ့ရသည်။
အာဒန်၏ဦးဆောင်ကောင်းမှုကို ပြည်တွင်း၌သာမက နိုင်ငံတကာကပါ ချီးကျူးခဲ့ပြီး အထူးသဖြင့် သေနတ်သမားတစ်ဦးက အစ္စလာမ်ဘာသာဝင် ၅၁ ဦးကို သတ်ဖြတ်ခဲ့သည့် ၂၀၁၉ ခရိုက်စ်ချာ့ချ်ဗလီတိုက်ခိုက်မှုအပေါ်အာဒန်၏ ကိုင်တွယ်မှုမှာ ချီးကျူးစရာဖြစ်ခဲ့သည်။
သို့သော် အရာအားလုံး ဖြောင့်ဖြူးခဲ့သည်ချည်း မဟုတ်ပေ။ အချို့ကကလေးသူငယ်များ ဆင်းရဲချို့တဲ့မှုကိုလျော့အောင် လုပ် မည်ဆိုသည့် အချက်အပါအဝင် အဓိကရွေးကောက်ပွဲကတိကဝတ်များကို အာဒန်က ကျေပွန်အောင်မလုပ်ဆောင်ဟု ပြစ်တင်ကြသည်။ အာဒန်သည် ကမ္ဘာ့ခေါင်းဆောင်များထဲတွင် နယူးယောက်ရှိ ကုလသမဂ္ဂအစည်းအဝေးပွဲကို ကလေးငယ် ခေါ်လာသည့် ပထမဆုံး အမျိုးသမီးခေါင်းဆောင်၊ မီးဖွားခွင့်သီတင်းပတ်ခြောက်ပတ်သာယူပြီး အလုပ်ပြန်ဝင်သည့် ကမ္ဘာ့ခေါင်းဆောင်လည်း ဖြစ်သည်။
၎င်းသည် အလွန်စည်းလုံးသည့်မိသားစုမှ ဆင်းသက်လာပြီး ငယ်စဉ်ကလေးဘဝက ကျေးလက်မြို့လေးများတွင် နေထိုင်ခဲ့ကာ ဖခင်ရော့စ်က ရဲအရာရှိ ၊ မိခင်လော်ရယ်က ကျောင်းတွင်ထမင်းချက်အဖြစ် လုပ်ကိုင်သည်။
ထိုမြို့လေးများတွင် မြင်ခဲ့ကြုံခဲ့ရသည့် ဆင်းရဲနုံချာမှုတို့က ၎င်းကို နိုင်ငံရေး အတွေးအမြင်များ ပေါ်လာစေသည်ဟု အာဒန်က ဆိုသည်။ အသက် ၁၇ နှစ်အရွယ်တွင် ၎င်းသည် လေဘာပါတီကို ထောက်ခံသူဖြစ်နှင့်လေပြီ။Waikato တက္ကသိုလ်တွင် နိုင်ငံရေးနှင့်ပြည်သူ့ဆက်ဆံရေးကို တက်ရောက်သင်ယူခဲ့ပြီးနောက် အာဒန်သည် နယူးဇီလန်ဝန်ကြီးချုပ်ဟောင်း ဟယ်လင်ကလာ့ခ်အတွက် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုနီဘလဲလက်ထက် ဗြိတိန်အစိုးရအတွက်လည်း အ လုပ်လုပ်ပေးခဲ့သည်။
၂၀၀၈ ခုနှစ်တွင် ၎င်းသည် နယူးဇီလန် သို့ပြန်ရောက်လာကာ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရသည်။ ပါလီမန် လွှတ်တော်တွင် ထမ်းဆောင်စဉ်အတွင်း ၎င်းသည် ကလေးများဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် လိင်တူချစ်သူအခွင့်အရေးကို အားပေးခဲ့သည်။
၂၀၁၇ ခုနှစ်၊ မတ်တွင် အာဒန်သည် လေဘာပါတီ၏လက်ထောက်အကြီးအကဲအဖြစ် တင်မြှောက်ခံရသည်။ထိုအချိန်အထိ ၎င်းဝန်ကြီးချုပ်မဖြစ်ချင်ဟု အကြောက်အကန် ပြောနေသေးသည်။ ၂၀၁၇ ရွေးကောက်ပွဲမတိုင်မီ ခုနစ်ပတ်အလိုတွင် ပါတီခေါင်းဆောင်နေရာကို အာဒန်ရလိုက်သည်။
၎င်းသည် ၂၀၁၈ ခုနှစ်၊ ဧပြီတွင် ဗြိတိန်အဲလစ်ဇဘတ်ဘုရင်မကြီးနှင့်တွေ့စဉ် မောက်ရီတိုင်းရင်းသားခြုံထည်ကို ဝတ်လာသည့်အတွက် ချီးကျူးခံရသည်။ ထိုနှစ်မှာပင် ၎င်းရင်သွေးလွယ်ထားရသည့် သတင်းထွက်လာသည်။ ၎င်း၏အလုပ်တာဝန်များကို လုပ်နိုင်ရသည့် တစ်ခုတည်းသောအကြောင်းရင်းက အချိန်ပြည့်ဘေးမှ ပံ့ပိုးပေးနေသည့် လက်တွဲဖော်ရှိ၍ဟုလည်း အာဒန်က Financial သတင်းတိုက်ကို ၂၀၁၈ ခုနှစ်က ပြောခဲ့သည်။
ဂျက်ဆင်ဒါအာဒန်၏ ဆုံးဖြတ်ချက် အချို့ကို မကျေမနပ် ဝေဖန်ကြသူများလည်းရှိသည်။ ကမ်းလွန်ရေနံရှာဖွေမှုကို တားမြစ် ရန် ၎င်းက ဆုံးဖြတ်လိုက်ခြင်းကို အချို့ကဒေါသဖြစ်ခဲ့ကြပြီး စီးပွားရေးကိုဖျက်လိုဖျက်ဆီးလုပ်သည်ဟု ဆိုကြသည်။
၂၀၁၉ ခုနှစ်၊ မတ်က ခရိုက်စ်ချာ့ချ် ဗလီတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်အပေါ် ဝန်ကြီးချုပ်က သေနတ်သမားသည် အကြမ်းဖက် သမားဖြစ်ပြီး နယူးဇီလန်ပြည်သူများကို ကိုယ်စားမပြုဟု ပြတ်ပြတ်သားသားပြောခဲ့သည်။
နောက်ရက်များတွင်လည်း ၎င်းက ကျန်ရစ်သူမိသားစုဝင်များအား အားပေးနှစ်သိမ့်ခဲ့ပြီး နိုင်ငံ၏သေနတ်ဥပဒေများကို ပြင် ဆင်ခဲ့သည်။ မောင်းပြန်သေနတ်များ ချေမှုန်းရေးရိုင်ဖယ်များ ရောင်းချမှုကို တားမြစ်ခဲ့သည်။
ပြီးနောက် ထိုနှစ်ဒီဇင်ဘာတွင် နောက်ထပ်အဖြစ်ဆိုးတစ်ခုကို နယူးဇီလန်ကြုံခဲ့ရသည်။ White Island ကျွန်းတွင် မီးတောင် ပေါက်မှုကြောင့် လူ ၁၇ ဦး သေဆုံးခဲ့ပြီး အများစုသည် အမေရိကန်နှင့် သြစတြေးလျမှ ကမ္ဘာလှည့်ခရီးသွားများ ဖြစ်ကြသည်။ ထိုသို့ တိုင်းပြည် ပူဆွေးနေချိန် ဦးဆောင်သူမှာ အာဒန်ပင်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာရွေးကောက်ပွဲတွင်လည်း အာဒန်နှင့်၎င်း၏ပါတီသာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ရွေးကောက်ပွဲအောင်နိုင်အပြီး နှစ်နှစ်အတွင်း နိုင်ငံ၏တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ရန် အာဒန်ကအမှတ်မထင် ကြေညာလိုက်ခြင်းဖြစ်သည်။
အာဒန်သည် လာမည့်ဖေဖော်ဝါရီ ၇ ရက်အထိ နောက်ဆုံးတာဝန်ယူမည်ဖြစ်ပြီး လေဘာပါတီက ပါတီခေါင်းဆောင်နေရာဆက်ခံမည့်သူကို ဇန်နဝါရီ ၂၂ ရက်တွင် မဲခွဲဆုံးဖြတ်မည်။
ကနဦးတွင် ဂျက်ဆင်ဒါအာဒန်၏ ကိုဗစ်အရေးကိုင်တွယ်မှုကြောင့် ၂၀၂၀ ရွေး ကောက်ပွဲတွင် လေဘာပါတီကို ရှေ့ဆုံး ရောက်စေခဲ့သော်လည်း အလွန်တရာ ပြင်းထန်သည့် လော့ဒေါင်းများချမှုနှင့် နယ်စပ်အဝင်အထွက်များ ပိတ်လိုက်မှုတို့ကြောင့် ၎င်းကို လူထုထောက်ခံသဘောကျမှု စတင်ကျဆင်းလာတော့သည်။
ထို့ပြင် ကိုဗစ်ကာကွယ်ဆေး ဆန့်ကျင်သူများ၏ အတိုက်အခံလုပ်မှုများလည်း ရှိခဲ့သည်။ မနှစ်က ဇွန်တွင်ထွက်လာသည့် ဒေတာများအရ (ရဲတပ်ဖွဲ့က မှတ်တမ်းတင်ထားသည့်) ဝန်ကြီးချုပ်ကို ခြိမ်းခြောက်မှုများသည် သုံးနှစ်အတွင်း သုံးဆနီးပါး တက်လာခဲ့သည်။
၂၀၂၂ ခုနှစ်တွင် အာဒန်က၎င်းကို လူထုထောက်ခံမှု လျော့လာခြင်းကိုဝန်ခံခဲ့ပြီး ပြည်သူများကို ဗိုင်းရပ်စ်ရန်မှ ကာကွယ်ပေး လိုသည့် အစိုးရ၏ စီမံချက်များကြောင့် ဆိုသည်ကို ၎င်းကိုယ်တိုင်ကလည်း သိနေခဲ့သည်။
လစ်လပ်သွားမည့် ဝန်ကြီးချုပ်နေရာအတွက် အလားအလာရှိသူများထဲတွင် လက်ရှိပညာရေးဌာနနှင့် ရဲဌာနကိုတာဝန်ယူထားသည့် ခရစ္စဟစ်ပ်ကင် ပါဝင်နေပြီး တရားရေးဝန်ကြီး ကီရီအယ်လန်လည်းပါသည်ဆိုသည့် သတင်းများ ထွက်ခဲ့သည်။ ကီရီအယ်လန်သာ ရွေးချယ်ခံရပါက နယူးဇီလန်၏ မောက်ရီတိုင်းရင်းသားမျိုးရိုးပါသည့် ပထမဆုံး ဝန်ကြီးချုပ်၊ နိုင်ငံ၏ပထမဆုံး ဂေးခေါင်းဆောင်ဖြစ်လာပေမည်။
ထို့ပြင် သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းခွင်ဘေးကင်းရေးဆိုင်ရာဝန်ကြီး မိုက်ကယ်ဝုဒ်ကိုလည်း အလားအလာရှိသူတစ်ဦး အဖြစ်ဖော်ပြကြသည်။ သို့သော် ခရစ္စဟစ်ပ်ကင်တစ်ဦးတည်းသာ လေဘာပါတီခေါင်း ဆောင်နေရာအတွက် အဆိုပြုခံရသူဖြစ်လာသည့်အတွက် ဝန်ကြီးချုပ်နေရာကိုလည်း ၎င်းသာ အစားဝင်ယူဖွယ်ရှိသည်။ ဇန်နဝါရီ ၂၂ ရက် ပါတီအစည်းအဝေးမှ တရားဝင်ထောက်ခံမှုတော့ ယူရလိမ့်ဦးမည်။
ဂျက်ဆင်ဒါအာဒန်ကို လူထုအားပေးထောက်ခံမှုသည် ၂၀၁၇ ခုနှစ်တွင် ၎င်းအာဏာရလာပြီးကတည်းက အနိမ့်ဆုံးအ ဆင့်သို့ ရောက်လာသည်ဟု နောက်ဆုံးစစ်တမ်းများက ညွှန်ပြနေသည်။ နယူးဇီလန် အစိုးရသည် ကပ်ရောဂါအလွန် စီးပွားရေးစိန်ခေါ်မှုများ (ဥပမာ - လူနေမှုစရိတ်ကြီး မြင့်လာခြင်း) ၊ ရာဇဝတ်မှုပြဿနာများနှင့် လူတန်းစားမညီမျှမှု ပိုဆိုးလာခြင်းတို့ကို ပဲ့ကိုင်ဖြေရှင်းနိုင်အောင် လုံးပန်းနေရသည်။
Ref: BBC/AFP










