တင့်ကားအစွမ်းချင်းပြိုင်ကြမည့် ယူကရိန်းစစ်ပွဲ နောက်တစ်ဆင့်

တင့်ကားအစွမ်းချင်းပြိုင်ကြမည့် ယူကရိန်းစစ်ပွဲ နောက်တစ်ဆင့်
ဗြိတိန်နိုင်ငံ စစ်ရေးပြချီတက်မှုတစ်ရပ်၌ Challenger 2 ပင်မတိုက်ပွဲဝင်တင့်ကားတစ်စီးကို တွေ့ရစဉ် (Photo: Getty Images )
ဗြိတိန်နိုင်ငံ စစ်ရေးပြချီတက်မှုတစ်ရပ်၌ Challenger 2 ပင်မတိုက်ပွဲဝင်တင့်ကားတစ်စီးကို တွေ့ရစဉ် (Photo: Getty Images )
Published 20 January 2023
TRANSLATED BY- ဖြိုးဟိန်းကျော်

လတ်တလောအခြေအနေများအရ ယူကရိန်းအရှေ့ပိုင်းတွင် ပြင်းထန်သော သံချပ်ကာယာဉ်တိုက်ပွဲများဆီသို့ မကြာမီ ဦးတည်လာဖွယ်ရှိနေပြီး စစ်ပွဲ၏ အစောပိုင်းအဆင့်များတွင် မျှော်လင့်ထားခဲ့သော တင့်ကားချင်းအားပြိုင်တိုက်ခိုက်ကြမည့် ရှေ့ပြေးနိမိတ်ကို ပြသနေသည်။

အနောက်နိုင်ငံများက ယူကရိန်းအပေါ် အထောက်အပံ့ပေးမှု သိသိသာသာ တိုးမြှင့်လာသည့်အနေဖြင့် ဗြိတိန်က ယူကရိန်းအား Challenger 2 ပင်မတိုက်ပွဲဝင်တင့်ကား ၁၄ စီးနှင့် AS90 ၁၅၅  မမ သံချပ်ကာ ယာဉ်တင် အမြောက် အလက် ၃၀ ပေးပို့သွားမည်ဟု ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လတ်တလော စစ်ရေးအကူအညီသည် ထောက်ပံ့မှုများကို အရှိန်မြှင့်ရန် ဗြိတိန်၏မျှော်မှန်းချက်ကို ပြသနေသည်ဟုလည်း ဘီဘီစီက ဆိုသည်။

ယင်းအကူအညီများကို လွှဲပြောင်းပေးအပ်ပြီးပါက ဗြိတိန်သည် ယူကရိန်းသို့ တင့်ကားများ ပေးပို့သည့် ပထမဆုံး အနောက် နိုင်ငံဖြစ်လာမည်ဖြစ်ကာ ဗြိတိန်အနေဖြင့် ဂျာမနီကဲ့သို့ အခြားနေတိုးအဖွဲ့ဝင် နိုင်ငံများကိုလည်း Leopard 2 တင့်ကားများ ပေးပို့ရန် တွန်းအားပေးဖွယ်ရှိသည်။

သို့ရာတွင် ဂျာမနီသည် အစောဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်တွင် Leopard 2 တင့်ကားများ ပေးပို့နိုင်လိမ့်မည်ဟု Euronews က ဖော်ပြခဲ့ပြီး ဂျာမနီ၏ စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်း Rheinmetall ကမူ ၎င်းတို့လက်ဝယ်ရှိ Leopard 2 တင့်ကားအစီးရေ ၃၅၀ အနက်မှ အချို့ကို ယူကရိန်းအတွက် ပြုပြင်မှုများ စတင်လုပ်ဆောင်ရန် အတည်ပြု ညွှန်ကြားချက် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

အခြားတစ်ဖက်တွင်လည်း ယူကရိန်းစစ်ပွဲ၌ ရုရှား၏ခေါင်းဆောင်ပိုင်းကို ကြီးကြီးမားမား အပြောင်းအလဲလုပ်မှုအဖြစ် ရုရှား စစ်တပ်၏ စစ်ဦးစီးချုပ် ဗယ်လရီဂရာစီမော့ဗ်ကို ယူကရိန်းရှိ ရုရှားတပ်ဖွဲ့ဝင်များ၏ တပ်မှူးသစ်အဖြစ် ခန့်အပ်ခဲ့ကာ အစားထိုးခံခဲ့ရသည့် လေကြောင်းနှင့်အာကာသတပ်ဖွဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ကြီး ဆာဂေးဆူရိုဗီကင်ကမူ ဂရာစီမော့ဗ်၏ လက်ထောက်အဖြစ် တာဝန်ယူသွားမည်ဖြစ်ကြောင်း အမှီအခိုကင်းသော မီဒီယာတစ်ခုဖြစ်သည့် Meduza က ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ဖော်ပြခဲ့သည်။

ယင်းကဲ့သို့ ခေါင်းဆောင်ပိုင်း အပြောင်း အလဲလုပ်ဆောင်ခဲ့ခြင်းသည် ရုရှားစစ်တပ်ထမ်းဆောင်ရမည့် ထပ်တိုးတာဝန်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် မတူကွဲပြားသည့် တပ်ဖွဲ့ခွဲများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး သေချာမှုရှိစေရန် ဖြစ်ကြောင်းလည်းရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ၎င်းသတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှား၏နောက်ဆုံးထုတ် T-90M Proryv-3 တင့်ကားတစ်သုတ်သည် ယူကရိန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာပြီဟု ရုရှားအစိုးရပိုင် မီဒီယာဖြစ်သည့် TASS က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဖော်ပြခဲ့သည်။ ယင်းသံချပ်ကာယာဉ် အမျိုးအစားသည် ဆိုဗီယက်ခေတ် T-72 မှ ဆင်းသက်လာသော T-90 တင့်မျိုးကွဲများအနက် အဆင့် အမြင့်ဆုံးဖြစ်ကြောင်းလည်း TASS က ဆိုသည်။ ၎င်းတင့်ကားများ ရောက်ရှိလာသည့်နှင့်တစ်ပြိုင်နက် တပ်ဖွဲ့ဝင်များသည် လက်နက်စနစ်နှင့် ယာဉ်ထိန်းချုပ်မှုဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် စစ်ဆင်ရေးများတွင် ပူးပေါင်းပါဝင်မည်ဖြစ်သည်။

ထိုအခြင်းအရာများကို ထောက်ရှုလျှင် ရုရှားအနေဖြင့် သွေးထွက်သံယိုများသော အချိန်ကြာမြင့်စွာ ဝန်းရံပိတ်ဆို့မှုအပြီးတွင် ဒွန်းဘတ်စ်ဒေသရှိ ဆိုလီဒါနှင့် ဘက်ခ်မွတ်မြို့တို့ကို သိမ်းယူနိုင်ခဲ့ပြီးနောက် နီပရိုမြို့တွင် သံချပ်ကာယာဉ် စစ်ဆင်ရေးကို အကြီးအကျယ်ဆင်နွှဲရန် ပြင်ဆင်နေပုံရသည်။

Le Monde သတင်းစာမှ ယွန်ဖိလစ် လီဖီကမူ ဆိုလီဒါမြို့ကို သိမ်းယူနိုင်ခြင်းသည် ယူကရိန်း၏ ထောက်ပံ့ပို့ဆောင်ရေးလမ်း ကြောင်းများကို ဖြတ်တောက်နိုင်မည် ဖြစ်သကဲ့သို့ အဆိုပါမြို့နှစ်မြို့ကို သိမ်းယူပြီး သည့်နှင့်တစ်ပြိုင်နက် ရုရှားအနေဖြင့် ဒွန်း ဘတ်စ်ဒေသကို အခိုင်အမာထိန်းချုပ်မည့် ၎င်းတို့၏ စီမံချက်အတွက် အခရာကျသော ဆလိုဗီယန့်မြို့ကို သိမ်းယူရန် ထိုးစစ်ဆင်မှုများ လုပ်ဆောင်နိုင်လိမ့်မည်ဟု ဆိုသည်။

ဆလိုဗီယန့်မြို့ကိုသာ သိမ်းယူနိုင်မည်ဆိုလျှင် ယင်းနှင့်ထိစပ်နေသော နီပရိုမြို့ကို ထိုးစစ်ဆင်ရန် ရုရှားအတွက် လမ်းပွင့်သွားနိုင်သည်။ နီပရိုမြို့သည် စစ်ပွဲကာလ အစောပိုင်းတွင် ရုရှား၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း မြေပြင်တိုက်ပွဲများကိုရှောင်လွှဲနိုင်ခဲ့ပြီး ယူကရိန်းတို့၏ ထိန်းချုပ်မှု အောက်၌ပင် ဆက်ရှိနေသေးသည်။

နီပရိုမြို့၏ မြက်ခင်းလွင်ပြင်ဒေသသည် သံချပ်ကာယာဉ် အလုံးအရင်းဖြင့် လှုပ်ရှားစစ်ကစားနိုင်သည့် အရေးပါသော သွင်ပြင် လက္ခဏာများ ရှိနေသည်။ မြင့်မားသော အပင်များနှင့် ထင်ရှားသော မြေမျက်နှာသွင်ပြင် လက္ခဏာများမရှိဘဲ အကာအကွယ်မဲ့နေသည့် မြက်ခင်းပြင်ကျယ်တို့သည် မြင်ကွင်းရှင်းကာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားစစ် ကစားနိုင်သည့်အတွက် တင့်ကားအသုံးပြု စစ်ဆင်နိုင်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်သည်။

ရုရှား၏ တပ်မှူးအပြောင်းအလဲ ပြုလုပ်ခြင်းသည်လည်း ခြေလျင်တပ်များအတွက် လေကြောင်းပစ်ကူပေးမှုကို အဓိကထားလျက် တပ်ပေါင်းစုစစ်ဆင်ရေးအတွက် အရှိန်မြှင့်ပြင်ဆင်လာသည့် အခြေအနေကို သွယ်ဝိုက်ညွှန်ပြနေသည်။ ဂရာစီမော့ဗ်သည် ၁၉၇၇ ခုနှစ်တွင် Kazan Higher Tank Command School မှ ကျောင်းဆင်းပြီးနောက် လျင်လျင်မြန်မြန် ရာထူးတက်လာခဲ့သူဖြစ်သည်။ ဆူရိုဗီကင်သည်လည်း ဆီးရီးယား ပြည်တွင်းစစ်တွင် သမ္မတ ဘာရှားအယ်-အာဆတ်ကို အ သာရစေခဲ့သည့် ရုရှား၏လေကြောင်းပစ်ကူပေးမှုကို အဓိက စီစဉ်ညွှန်ကြားသူဖြစ်သည်။

ယူကရိန်းစစ်မြေပြင်သည် ရုရှားနှင့် အနောက်နိုင်ငံများအကြား စစ်ဘက်ဆိုင်ရာ အယူအဆ၊ နည်းဗျူဟာနှင့် နည်းပညာပိုင်း အားပြိုင်သည့်နေရာ ဖြစ်လာစဉ် နီပရိုမြို့ တင့်တိုက်ပွဲသည်လည်း ရုရှားနှင့် အနောက်နိုင်ငံများ၏ နောက်ဆုံးပေါ် တင့်ကားဒီဇိုင်းများအတွက် အစမ်းသပ်ခံ ဖြစ်လာနိုင်သည်။

Challenger-2 တင့်ကားအမျိုးအစားသည် အခြားတင့်များကို ချေမှုန်းရန် ဒီဇိုင်းဖန်တီးထားပြီး လက်ရှိအချိန်အထိ ရန်သူ့လက်ချက်ကြောင့် ဖျက်ဆီးခံရဖူးခြင်း မရှိသေးကြောင်း ဗြိတိန်စစ်တပ်က အခိုင်အမာဆိုထားသည်။

Challenger-2 တင့်ကားတွင် ချေမှုန်းရေးနှင့် တင့်ဖျက်စွမ်းရည်အတွက် ဟက်ရှ်တင့်ဖျက်ကျည်နှင့် သံချပ်ကာခွင်းကျည်များကို ပစ်ခတ်နိုင်သည့် L30 ပြောင်းရစ်ပါ တင့်ကားအမြောက် တပ်ဆင်ထားသည်။

အရန်လက်နက်ကြီးအနေဖြင့် ၎င်းတင့်ကားတွင် ၇ ဒသမ ၆၂ မမ စက်သေနတ်တစ်လက်နှင့် ၇ ဒသမ ၆၂ မမ စက်သေနတ် တစ်လက်တို့ကိုလည်း တပ်ဆင်ထားသည်ဟု သိရသည်။ ထို့အပြင် အဆိုပါတင့်ကားအား T-72 တင့်ကား၏ ၁၂၅ မမ ပင်မအမြောက်ဖြင့် တိုက်ရိုက်ပစ်ခတ်မှုဒဏ်ကို ခံနိုင်စွမ်းရှိသည့် ဒုတိယမျိုးဆက် ချော့ဘမ်းသံချပ်ကာဖြင့် အကာအကွယ်ပေးထားသည်။

၎င်းတင့်ကားတွင် ကွပ်ကဲသူအတွက်ရော အမြောက်ပစ်သမားအတွက်ပါ အပူပုံရိပ်ဖော်ချိန်ခွက်ပါရှိသည့်အတွက် တင့် အဖွဲ့သားနှစ်ဦးစလုံးက သီးခြားပစ်မှတ်နှစ်ခုကို တစ်ပြိုင်နက်တည်း ခြေရာခံမိထားသည့် အခြေအနေတွင် ပစ်မှတ်ရှာချေမှုန်းရေးစွမ်းရည်ကို အထောက်အပ့ံ ဖြစ်စေမည်ဖြစ်သကဲ့သို့ ဆလင်ဒါ ၁၂ လုံး ပါရှိပြီး မြင်းကောင်ရေအား ၁ယ၂၀၀ ရှိသည့် Perkins ဒီဇယ်အင်ဂျင်ကိုလည်း အသုံးပြုထားသည်။

Global Security အဖွဲ့၏အဆိုအရ Challenger-2 ကိုယှဉ်ပြိုင်ရန် ရုရှားအနေဖြင့် ၎င်း၏စစ်တပ်အတွက် T-14 Armata တင့် ကားများကို လုံလုံလောက်လောက် မထုတ်လုပ်နိုင်မီအထိ T-90M Proryv-3 တင့်ကား အမျိုးအစားကို ယာယီအသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရသည်။

T-90M Proryv-3 သည် T-14 Armata ကဲ့သို့ပင် ၁၂၅ မမ 2A 82-1M အမြောက်ကို အသုံးပြုထားပြီး ပြောင်းဝပိုကျယ်ကာ ပစ်ခတ်မှုဆိုင်ရာ ထိန်းချုပ်စနစ်အသစ်ကို ထည့်သွင်းထားသည်ဟုလည်း Global Security က ဆိုသည်။

၎င်းအမြောက်သည် သံချပ်ကာခွင်း ကျည်နှင့်အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲနိုင်သော ခွင်းအားပြင်း Telnik ကျည်တို့ကို ပစ် ခတ်နိုင်သည့်အပြင် ပင်မအမြောက်ဖြင့် ပစ်ခတ်နိုင်စွမ်းမရှိသည့် ပစ်မှတ်များနှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များကိုချေမှုန်းရာတွင် အသုံးပြုနိုင်သော စပရင်တာတင့်ဖျက်ဒုံး ကျည်များကိုလည်း ပစ်ခတ်နိုင်သည်ဟု သိ ရသည်။

ထိို့အပြင် အဆိုပါ တင့်ကားအမျိုးအစားအား ရန်သူ့တင့်ဖျက်ကျည်ကို တင့်ကားကိုယ်ထည် သံချပ်ကာနှင့် တစ်မီတာအကွာ၌ တန်ပြန်ဖောက်ခွဲ ဖျက်ဆီးနိုင်သည့် အပြင်ကာ သံချပ်လွှာ (ERA) ဖြင့် အကာအကွယ် ပေးထားကာ အမြောက်တင်ဆုံလည် အောက်ခြေနှင့် ယာဉ်အနောက်ဘက်ကိုလည်း သံချပ်ကာဖြင့် ကာကွယ်ထားသည့်အပြင် ရန်သူ့ရေဒါမှ အလွယ်တကူ ခြေရာမခံမိစေသည့် စနစ်လည်း ပါဝင်သည်။ T-90M  သည်  Challenger ကဲ့သို့ပင် အပူပုံရိပ်ဖော်ချိန်ခွက်ပါရှိကာ ပစ် မှတ်ရှာဖွေ ချေမှုန်းရေး စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။            

                                        Ref: Asia Times

 

Most Read

Most Recent