ပိတ်ဆို့မှုများ ချမှတ်ထားသော်လည်း အမေရိကန်ပြည်ထောင်စု၊ ဥရောပ၊ အာရှနှင့်မြောက်အမေရိကတို့မှ အနည်းဆုံး ကုမ္ပဏီ ၁၃ ခုသည် နစကအစိုးရကို လက်နက်များ ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများနှင့် နည်းပညာများ ထောက်ပ့ံလျက်ရှိသည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ ထိပ်တန်းအရာရှိဟောင်းက အစီရင်ခံစာအသစ်တစ်စောင်၌ ပြောကြားထားသည်။
အဆိုပါအစီရင်ခံစာတွင် နစကအစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် (အဓိကအားဖြင့် ၎င်းတို့အစိုးရအား ဆန့်ကျင်နေသူများအပေါ်) အသုံးပြုနေကြောင်း ဖော်ပြထားသည်။
ယင်းအစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇန်နဝါရီ ၁၆ ရက်တွင် ပြင်ဆင်တင်ပြခြင်းဖြစ်ပြီး သြစတြီးယား၊ ပြင်သစ်၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်း၊ ဂျာမဏီ၊ ထိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ကုမ္ပဏီများကို ဖော်ထုတ်ထားသည်။
ယင်းကုမ္ပဏီများသည် ကုန်ကြမ်းများ၊ အစိတ်အပိုင်းများနှင့် ပါဝင်သည့်အရာများ အချောသပ်ပစ္စည်းများအပြင် အလွန်တိကျသည့် ကွန်ပျူတာအရေအတွက်ဆိုင်ရာ ထိန်းချုပ်မှုစနစ် (CNC) စက်များနှင့် သက်ဆိုင်သည့် နည်းပညာများကို ‘ကပစ’ ဟု အလွယ်ခေါ်ဝေါ်သည့် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးစက်မှုဦးစီးဌာန (DDI) သို့ ထောက်ပံ့လျက်ရှိသည်ဟု SAC-M ၏ အစီရင်ခံစာက ပြောကြားထားသည်။
အဆိုပါကုမ္ပဏီများသည် လက်နက်များအတွက် လိုင်စင်ရှိသောနှင့် လိုင်စင်မရှိသော ထုတ်ကုန်များကို ထောက်ပံ့နေသည်ဟု ဆိုသည်။
“လူကို သေစေနိုင်သည့် လုပ်ငန်း-မြန်မာတပ်မတော်၏ လက်နက်ထုတ်လုပ်မှုကို ထောက်ပံ့ခြင်း” ဟု အမည်တပ်ထားသော ယင်းအစီရင်ခံစာက မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် လက်နက်များကို တပ်မတော်က နိုင်ငံတကာဥပဒေအောက်၌ အကြီးလေးဆုံးရာဇဝတ်မှုမြောက်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ရန် အသုံးပြုခဲ့ပြီး ဆက်လက်အသုံးပြုနေဆဲလည်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာတပ်မတော်သည် ညဘ လက်နက်အများအပြားထုတ်လုပ်နေသည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေရပ်များဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်ဟောင်းနှင့် SAC-M အဖွဲ့ဝင်ဖြစ်သူ ယန်ဟီးလီက ပြောကြားခဲ့သည်။
နိုင်ငံခြားကုမ္ပဏီများနှင့် ၎င်းတို့၏မိခင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်သည် မြန်မာနိုင်ငံရှိ အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်ရေးအား အထောက်အကူမဖြစ်စေရေး သေချာစေရန် ကိုယ်ကျင့်တ ရားဆိုင်ရာနှင့် ဥပဒေဆိုင်ရာ တာဝန်ယူမှုရှိရမည်ဖြစ်ကြောင်းနှင့် ပျက်ကွက်ပါက ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၌ ကြံရာပါဖြစ်ကြောင်း ယန်ဟီးလီက ပြောကြားခဲ့သည်။
အရေးကြီးသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီဖြစ်သော တရုတ်မြောက်ပိုင်းစက်မှုအုပ်စု ကော်ပိုရေးရှင်းလီမိတက်ကတစ်ဆင့် တရုတ်နိုင်ငံမှတင်ပို့ကြောင်း တွေ့ရှိရသည်ဟု အစီရင်ခံစာက ဆိုသည်။
ယင်းအစိတ်အပိုင်းများနှင့် ပါဝင်သည့်ပစ္စည်းများ အများအပြားသည် အိန္ဒိယနှင့် တရုတ်အခြေစိုက်ကုမ္ပဏီများမှ လာကြောင်း ရရှိနိုင်သည့်အချက်အလက်များက ညွှန်ပြနေသည်ဟု ဆိုသည်။
သြစတြီးယား၊ ဂျာမနီ၊ ဂျပန်၊ ထိုင်ဝမ်နှင့် အမေရိကန်ပြည်ထောင်စုတို့၌ တရားဝင်အခြေစိုက်သည့် ကုမ္ပဏီများက ဖော်ပြပါစက်များကို ထုတ်လုပ်သည်ကို တွေ့ရှိရသည်ဟုလည်း SAC-M က ဖော်ထုတ်ထားသည်။
‘ကပစ’ ၏ CNC စက်အချို့တွင် လက်ရှိအသုံးပြုနေသည့် Software အမျိုးမျိုးကို ပြင်သစ်၊ အစ္စရေးနှင့် ဂျာမနီနိုင်ငံတို့၌ တရားဝင်အခြေစိုက်သည့် ကုမ္ပဏီများက ပြုလုပ်သည်ဟုလည်း SAC-M က ဆိုသည်။
မြန်မာတပ်မတော်၏ လက်နက်ထုတ်လုပ်ရေးကို အားဖြည့်ပေးသည့် ကုန်ကြမ်းအချို့အပါအဝင် အရေးပါဖွယ်ရှိသော ပစ္စည်းအများအပြားအတွက် စင်ကာပူသည် မဟာဗျူဟာမြောက်ကူးပြောင်းရာနေရာအဖြစ် ဆောင်ရွက်ပေးနေသည်ဟု ဖော်ပြသည်။















