အိန္ဒိယသမုဒ္ဒရာကို စိုးမိုးနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယရေတပ်၏ အားပြိုင်မှုများ

အိန္ဒိယသမုဒ္ဒရာကို စိုးမိုးနိုင်ရေးအတွက် တရုတ်နှင့် အိန္ဒိယရေတပ်၏ အားပြိုင်မှုများ
Published 16 January 2023
Translate by ဖြိုးဟိန်းကျော်

တိတိကျကျ အမှတ်အသားမလုပ်ထားသော နှစ်နိုင်ငံကုန်းမြေနယ်စပ်တစ်လျှောက်တွင် တရုတ်နှင့် အိန္ဒိယစစ်သားများ ပဋိပက္ခဖြစ်ပွားနေသည့်ကြားတွင် ၎င်းနှစ်နိုင်ငံ၏ ရေတပ်တို့သည်လည်း အိန္ဒိယသမုဒ္ဒရာကို စိုးမိုးနိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိသည်။

လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သည် ၎င်းဒေသသို့ ရေတပ်ကင်းလှည့်စောင့်ကြည့်ရေး  သင်္ဘောများသာမက အိန္ဒိယသမုဒ္ဒရာပိုင်း နိုင်ငံများနှင့်လည်း ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းလုပ်ရပ်များသည် ၎င်း၏ သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်ကာ အိန္ဒိယကို ချောင်ပိတ်မိအောင် လုပ်ဆောင်ရန် ကြိုးပမ်းမှုများအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ခံထားရသည်။

အိန္ဒိယအနေဖြင့်လည်း ယင်းအပေါ်တန်ပြန်ရေးအစီအမံများကို ဆက်တိုက်လုပ်ဆောင်ကာ ၎င်း၏ စွမ်းပကားကို ခိုင်မာအားကောင်းစေရန် လုပ်ဆောင်ခဲ့သည်။ ယခုလအစောပိုင်းက အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းသည် မဟာဗျူဟာအချက်အချာကျသည့် အန်ဒမန်နှင့် နီကိုဘာ ကျွန်းစုများရှိ INS Baaz ရေတပ်အခြေစိုက်စခန်းသို့ သွားရောက်စစ်ဆေးခဲ့သည်။

ထိုရေတပ်အခြေစိုက်စခန်းသည် အာရှဒေသအနောက်ပိုင်းနှင့် အာဖရိကဆီသို့ တရုတ်၏ ပင်လယ်ဝင်ပေါက်ထွက်ပေါက်ဖြစ်သည့် အလွန်အရေးပါသော မလက္ကာရေလက်ကြားတစ်လျှောက်ကို စောင့်ကြည့်ရာတွင် အိန္ဒိယ၏ ကင်းမျှော်စင်အဖြစ်တည်ရှိနေသည်။ လတ်တလောတွင် အိန္ဒိယအစိုးရသည် ဒေသတွင်း၌ ၎င်း၏တည်ရှိမှု ခိုင်မာအားကောင်းစေရန် ကြိုးပမ်းသည့် နည်းလမ်းတစ်ခုအဖြစ် အဆိုပါကျွန်းစုများမှတစ်ဆင့် အင်ဒိုနီးရှားနှင့် ပင်လယ်ရေကြောင်း ချိတ်ဆက်မှုကို အခိုင်အမာတည်ဆောက်ရန် တွန်းအားပေးလုပ်ဆောင်လာခဲ့သည်။

၎င်းတို့၏ ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော INS Vikrant ကို တပ်တော်ဝင်ခဲ့ပြီး သုံးလအကြာ ဒီဇင်ဘာလထဲတွင် အိန္ဒိယရေတပ်သည် တန်ချိန် ၇,၅၀၀ ရှိ ပဲ့ထိန်းဒုံးကျည်တင် ရေဒါပျောက်ဖျက် သင်္ဘော INS Mormugao ကို တပ်တော်ဝင်ခဲ့သည်။ ထို့ပြင် အိန္ဒိယသည် ရေပေါ်နှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးတို့အတွက် တာဝန်ထမ်းဆောင်နိုင်သည့် Scorpene အတန်းအစား INS Vagir ရေငုပ်သင်္ဘောကိုလည်း လက်ခံရရှိခဲ့ပြီဖြစ်သည်။

လာမည့်သီတင်းပတ်အနည်းငယ်အတွင်း အိန္ဒိယသည် ဒေသတွင်း၌ ၎င်း၏စွမ်းပကားကို ထိထိရောက်ရောက် ဖြည့်တင်းမှုဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားသည့် လုပ်ဆောင်မှုအဖြစ် နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောတစ်စင်းကိုလည်း တပ်တော်ဝင်နိုင်ဖွယ်ရှိနေသည်။ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ အစိုးရသည်လည်း စစ်လက်နက်ပစ္စည်းအသစ်များ ဝယ်ယူရေးနှင့် တည်ဆောက်ရေးတို့အတွက် ယမန်နှစ် ဖေဖော်ဝါရီလထဲတွင် အိန္ဒိယရေတပ်၏ အသုံးစရိတ်ကို ၄၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။

သို့ဖြစ်ရာ အိန္ဒိယသမုဒ္ဒရာ၌ အိန္ဒိယနှင့် တရုတ်အကြား အငြင်းပွားမှုများ မကြာခဏဖြစ်ပေါ်လာနိုင်သည်ဟု လေ့လာသုံးသပ်သူများက ယူဆလျက်ရှိသည်။

အိန္ဒိယသမုဒ္ဒရာသည် ယင်းနှစ်နိုင်ငံလုံးအတွက်လည်း အလွန်ပင်အရေးပါနေသည်။ အိန္ဒိယသည် ၎င်းသမုဒ္ဒရာ၏ အလယ်ဗဟိုတွင် တည်ရှိကာ ကုန်သွယ်မှုပမာဏ၏ ၉၅ ရာခိုင်နှုန်းကို အိန္ဒိယသမုဒ္ဒရာအတွင်း ၎င်း၏ ကီလိုမီတာ ၇,၅၀၀ ရှိသော ကမ်းရိုးတန်းမှတစ်ဆင့် ပြုလုပ်နေသည်။ ထိုနည်းတူစွာပင် အဆိုပါရေလမ်းကြောင်းသည် တရုတ်၏ စီးပွားရေးနှင့် လုံခြုံရေးမျှော်မှန်းချက်များအတွက်လည်း အဓိကကျနေကာ ၎င်းကို ရေနံစိမ်းတင်ပို့ရောင်းချနေသည့် ထိပ်တန်း ၁၀ နိုင်ငံအနက်မှ ကိုးနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာမှ ဖြတ်သန်းပို့ဆောင်လျက်ရှိသည်။

“အိန္ဒိယသမုဒ္ဒရာဟာ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းကနေ ရေကြောင်းပိုးလမ်းမအထိ တရုတ်ရဲ့ သြဇာချဲ့ထွင်မှုအတွက် အဓိကကျတဲ့ ဒေသတစ်ခုပဲဖြစ်တယ်” ဟု အိန္ဒိယရေတပ်၏ အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်းဖြစ်ကာ လက်ရှိတွင် Chennai Centre for China Studies ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ အာရ်အက်စ်ဗာဆန်က ဆိုသည်။

တရုတ်က သြဇာချဲ့ထွင်မှု တိုးမြှင့်လာ

ယမန်နှစ် သြဂုတ်လကတည်းကပင် နှစ်နိုင်ငံနယ်နိမိတ်ကို ပိုင်းခြားထားသော နယ်သတ်မျဉ်းတစ်လျှောက်ရှိ အိန္ဒိယ၏ လာဒက်ဒေသနှင့် အရူနာချယ်ပရာဒေ့ရှ် ပြည်နယ်တို့တွင် နှစ်ဖက်အကြား နယ်စပ်ပြဿနာများ ဖြစ်ပွားခဲ့စဉ်၌ပင် တရုတ်သင်္ဘောများ အိန္ဒိယသမုဒ္ဒရာသို့ သွားရောက်ခဲ့သည့် ဖြစ်စဉ်နှစ်ခုထက်မနည်း ပေါ်ပေါက်ခဲ့ခြင်းကြောင့် အိန္ဒိယအတွက် အမျက်ဒေါသထွက်စရာ ဖြစ်စေသကဲ့သို့ သံသယများကိုလည်း ကြီးထွားစေခဲ့သည်။  

ကင်းလှည့်စောင့်ကြည့်မှုများ ပြုလုပ်ရာတွင် အသုံးပြုသည်ဟု အိန္ဒိယက သံသယရှိနေသည့် တရုတ်သုတေသနသင်္ဘော ယွမ်ဝမ်-၅ သည် အိန္ဒိယက ကန့်ကွက်နေသည့်ကြား၌ပင် ယမန်နှစ် သြဂုတ်လက သီရိလင်္ကာ၏ ဟမ်ဘန်တိုတာ ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့သည်။ ပြီးခဲ့သည့်လတွင် အိန္ဒိယက တာဝေးပစ် ပဲ့ထိန်းဒုံးကျည် မစမ်းသပ်မီရက်ပိုင်းအလို၌လည်း အဆိုပါသင်္ဘောကို အိန္ဒိယသမုဒ္ဒရာထဲတွင် ထပ်မံတွေ့ရှိခဲ့သည်ဟု အိန္ဒိယပြည်တွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

အိန္ဒိယရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး အာရ်ဟာရီကူးမားက အိန္ဒိယသမုဒ္ဒရာထဲတွင် တရုတ်သင်္ဘောအများအပြား ခုတ်မောင်းသွားလာလျက်ရှိသည်ဟု ဒီဇင်ဘာလအစောပိုင်းက ပြောကြားခဲ့သည်။ အိန္ဒိယရေတပ်၏ တောင်ပိုင်းကွပ်ကဲမှုဌာနချုပ် အကြီးအကဲဖြစ်သူ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး အမ်.အေ. ဟမ်ဖီယိုလီကလည်း ယင်းသို့တရုတ်သင်္ဘောများ ကျူးကျော်ဝင်ရောက်လာခြင်းမှာ ကြုံခေါင့်ကြုံခဲဖြစ်စဉ် မဟုတ်ဟု ဆိုသည်။

တရုတ်၏ ရေကြောင်းသွားလာလှုပ်ရှားမှုများသည် ပင်လယ်ရေကြောင်း သံခင်းတမန်ခင်းနှင့်လည်း ဆက်စပ်လျက်ရှိသည်။ တရုတ်သည် ပါကစ္စတန်၌ ဂွာဒါဆိပ်ကမ်းနှင့် သီရိလင်္ကာ၌ ဟမ်ဘန်တိုတာ ဆိပ်ကမ်းတို့ကို တည်ဆောက်ခဲ့သည့်အပြင် ၎င်းတို့၏ ပထမဆုံး ပင်လယ်ရပ်ခြား စစ်အခြေစိုက်စခန်းကို ဂျီဘူတီနိုင်ငံ၌ ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့သည်။ သီရိလင်္ကာသည် ဟမ်ဘန်တိုတာဆိပ်ကမ်းကို ၉၉ နှစ် သက်တမ်းရှိသည့်စာချုပ်နှင့် တရုတ်ကို ငှားရမ်းထားခြင်းဖြစ်သည်။

သို့သော် တရုတ်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီသည် တရုတ်-အိန္ဒိယ သမုဒ္ဒရာပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နိုဝင်ဘာလနှောင်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းနိုင်ငံ ၁၉ နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ကာ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ သြစတြေးလျနှင့် အာဖရိကနိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

“အိန္ဒိယသမုဒ္ဒရာဟာ အိန္ဒိယနိုင်ငံရဲ့ သမုဒ္ဒရာမဟုတ်သလို အိန္ဒိယအနေနဲ့ သူတို့ကိုယ်သူတို့ အဲဒီဒေသရဲ့ အရှင်သခင်လိုမျိုး မပြုမူသင့်ဘူးလို့ တရုတ်ဘက်က ပြောကြားမှုတချို့ ရှိခဲ့တာကို ပြန်အမှတ်စေရတယ်” ဟု စင်ကာပူအခြေစိုက် S Rajaratnam School of International Studies မှ သုတေသီတစ်ဦးဖြစ်သူ ကောလင်း ခိုဆဝီလင်းန်က ဆိုသည်။

အိန္ဒိယ၏တန်ပြန်မှုများ

မကြာသေးမီက အိန္ဒိယသည် ၎င်းတို့၏ ရေတပ်အင်အားကို အခိုင်အမာတည်ဆောက်ရန် ငွေကြေးအလုံးအရင်း မြှုပ်နှံအသုံးပြုလာခဲ့့ကာ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ရေတပ်နှင့် ကမ်းခြေစောင့်တပ်အတွက် သင်္ဘောဖျက်ဒုံးကျည်များ၊ ဘက်စုံသုံးယာဉ်များနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်နိုင်စွမ်းကို ကြီးကြီးမားမား မြှင့်တင်ပေးနိုင်မည့် အကြမ်းခံနိုင်သော နည်းပညာမြင့်ရေအောက်သုံးယာဉ်များအပါအဝင် စုစုပေါင်း အသုံးအဆောင်ပစ္စည်းသစ် ၁၂ မျိုး ဝယ်ယူရန် အတည်ပြုခဲ့သည်။

လတ်တလော ထွက်ပေါ်နေသည့် သတင်းများအရ အိန္ဒိယရေတပ်သည် ချန်နိုင်းမြို့မြောက်ဘက်ရှိ ပုဂ္ဂလိကပိုင် ဆိပ်ကမ်းတစ်ခု၏ ဆိပ်ခံတံတားကို ငှားရမ်းကာ အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတွင် ရေကြောင်းတပ်ဖွဲ့ဝင်များ ထပ်တိုးဖြန့်ကြက်နိုင်ခြေရှိနေပြီး အရှေ့တောင်အာရှတစ်ခွင်၌ ၎င်းတို့၏ လှုပ်ရှားမှုများကို အထောက်အကူ ပေးသွားမည်ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာ၌ တရုတ်၏ ရပ်တည်မှုကို ထောက်ပြလျက် ယင်းကို ၂၀၁၇ ခုနှစ်က ဒေါက်ကလမ် ကုန်းမြင့်ဒေသတွင် အိန္ဒိယနှင့် လိပ်ခဲတည်းလည်း ဖြစ်ပေါ်ခဲ့စဉ်က ၎င်းရေ လမ်းကြောင်း၌ ရေတပ်အင်အား ဖြန့်ကြက်မှုတိုးမြှင့်ခဲ့ခြင်းကို နှိုင်းယှဉ်ပြောဆိုမှု အများအပြားရှိနေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယသမုဒ္ဒရာဒေသဆီ တရုတ်ဝင်မလာနိုင်အောင် ရပ်တန်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက်တစ်ရပ်ရှိနေပါတယ်။ အိန္ဒိယဟာ ဒေါက်ကလမ်ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် တားဆီးနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်” ဟု အငြင်းပွားနယ်စပ်ဒေသ၌ လမ်းဖောက်ရန် ကြိုးပမ်းနေသည့် တရုတ်တပ်ဖွဲ့ဝင်များနှင့် စစ်ရေးတင်းမာမှုဖြစ်ပွားခဲ့သည့် အခြေအနေကို ခိုဆဝီလင်းန်က ရည်ညွှန်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဗြိတိန်တော်ဝင်ရေတပ်၏ ကမ်းဝေးကင်းလှည့်ရေယာဉ် HMS Tamar သည် အိန္ဒိယရေတပ်နှင့် ပင်လယ်ရေကြောင်းဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် အိန္ဒိယသမုဒ္ဒရာရှိ အန်ဒမန်နှင့် နီကိုဘာကျွန်းစုများဆီသို့ ခုတ်မောင်းလာခဲ့ကာ ယင်းစစ်ရေးလေ့ကျင့်မှုသည် ၎င်းဒေသ၌ အိန္ဒိယ၏ ခြေကုပ်ယူမှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု ခိုဆဝီလင်းန်က သုံးသပ်ခဲ့သည်။

Ref:South China Morning Post

Most Read

Most Recent