အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုပုံစံအသစ်

အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာ့အရေး ချဉ်းကပ်မှုပုံစံအသစ်
Photo – Setad.go.id
Photo – Setad.go.id
Published 15 January 2023

အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တစ်နှစ်စီထမ်းဆောင်ရတဲ့ အာဆီယံမူကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာပါတယ်။

၂၀၂၁ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဘရူနိုင်းနိုင်ငံက ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူခဲ့တာပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့ကြတဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားလက်ထက်မှာ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့တဲ့ မြန်မာ့အရေးကိစ္စဟာ အင်ဒိုနီးရှားနိုင်ငံအပေါ် ကျရောက်လို့ လာခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကမကထပြုမှုနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ထိုင်းနိုင်ငံမှာ အစောဆုံးတွေ့တဲ့အထိ မြန်မာ့အရေးကို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခဲ့တဲ့ နိုင်ငံဖြစ်တဲ့အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတဲ့အပေါ် နိုင်ငံတကာအရေး လေ့လာသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ရရှိခဲ့တဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ဂျကာတာမြို့မှာ ကျင်းပပေးနိုင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အထူးအစည်းအဝေးကို အာဆီယံဒေသတွင်း ခေါင်းဆောင်များနဲ့အတူ နစကဥက္ကဋ္ဌလည်း တက်ရောက်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာက အာဆီယံဌာနချုပ်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး အာဆီယံ ခေါင်းဆောင်တွေရဲ့အထူးအစည်းအဝေးကနေ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့ပါတယ်။

ဒီအချက်ငါးချက်ကတော့ (၁) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး သက်ဆိုင်သူအား လုံး ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ကြဖို့၊ (၂) သက်ဆိုင်သူတွေကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးကြပြီး ငြိမ်းချမ်းစွာ အဖြေရှာကြ ဖို့၊ (၃) အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အကူအညီကိုရယူပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စား လှယ်တစ်ယောက်က ဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို ကြားဝင်ညှိနှိုင်းပေးဖို့၊ (၄) အာဆီယံဘက်က လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းကူညီပေးရေးဌာနကတစ်ဆင့် မြန်မာနိုင်ငံကို လူသားချင်း စာနာမှုအကူအညီတွေပေးဖို့နဲ့ (၅) အာဆီယံ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့အဖွဲ့က မြန်မာနိုင်ငံကို သွားရောက်ပြီး သက်ဆိုင်သူ ဘက်ပေါင်းစုံနဲ့ တွေ့ဆုံဖို့ စတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ 

ဒီလို ဘုံသဘောတူညီချက်ငါးချက်ကိုရရှိရာမှာ အချိန်နှစ်နှစ်နီးပါးရှိလာပေမဲ့ ဘာတစ်ခုမှ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးတဲ့အတွက် အာဆီယံရဲ့ လုပ်ဆောင်မှုတွေအပေါ် ဝေဖန်မှုတွေအများအပြားရှိခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး တက်တက်ကြွကြွ လှုပ်ရှားတတ်တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားလက်ထက်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာကို နိုင်ငံတကာအရေး လေ့လာသူတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ အထူးကိုယ်စားလှယ်ဖွဲ့မယ်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ကိုဖွဲ့စည်းပြီး သူကိုယ်တိုင် ဦးဆောင်မယ်လို့ ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ဇန်နဝါရီ ၁၁ ရက် ဂျကာတာမှာပြောကြားတဲ့ နှစ်သစ်မိန့်ခွန်းမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ထည့်သွင်းပြောဆိုသွားတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူရမယ့် သူ့အနေနဲ့ မကြာမီလုပ်ဆောင် မယ့်ကိစ္စရပ်တွေထဲမှာ တစ်ခုက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့ဖို့ဖြစ်တယ်လို့ သူကဆိုပါတယ်။ 

ဒါဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာ့အရေး အာဆီယံကဖြေရှင်းဖို့ သံတမန်တစ်ဦးတည်းခန့်ပြီးတော့ ဖြေရှင်းရာကနေ အဖွဲ့လိုက်စုစည်းပြီး ဖြေရှင်းဖို့ အင်ဒိုနီးရှားအနေနဲ့ နည်းလမ်းအသစ် ရှာလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက် ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း အင်ဒိုနီးရှားက လုပ်ဆောင်မှာဖြစ်သလို မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံးနဲ့လည်း ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရုံးကို အင်ဒိုနီးရှားနိုင်ငံမှာဖွင့်မှာ ဖြစ်ပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အဓိကသက်ဆိုင်သူအားလုံးနဲ့ တွေ့ခွင့်ရဖို့ ကြိုးစားမယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

“အထူးကိုယ်စားလှယ်ရုံးကိုထူထောင်မှာဖြစ်ပြီး ဒါကို နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်မှာ ဖြစ်ပါတယ်” လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကနေ ထွက်ပေါက်ရအောင် အင်ဒိုနီးရှားအနေနဲ့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပြုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ နစကအနေနဲ့ လူသားစာနာမှုဆိုင်ရာအကူအညီတွေကို ခွင့်ပြုပေးဖို့ အင်ဒိုနီးရှားက ဆက်လက်တောင်းဆိုလိုက်ပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ် အင်ဒိုနီးရှားအနေနဲ့ အာဆီယံ အသိုက်အဝန်း တိုးတက်ဖွံ့ဖြိုးရေးကလည်း အဓိကဦးတည်ချက်အဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ အင်ဒိုနီး ရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

မြန်မာဘက်က တုံ့ပြန်မှု

မြန်မာ့အရေးနဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီရဲ့ ဇန်နဝါရီ ၁၁ ရက်က ပြောကြားခဲ့တဲ့အချက်တွေအပေါ် နစကရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်မှာ အချက်သုံးချက်ထုတ်ပြန်ပြီး တုံ့ပြန် လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဘုံ သဘောထားငါးရပ်ကို အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုက မစွက်ဖက်ရေး စတဲ့အခြေခံမူတွေနဲ့ အကောင်အထည်ဖော်မှာဖြစ်ပြီး မြန်မာမှာ ပါတီစုံဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ နစကရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဒါ့အပြင် အာဆီယံအဖွဲ့အနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်၊ အာဆီယံအခြေခံမူ တွေနဲ့အညီ တိတိကျကျ လေးစားလိုက်နာဖို့ လိုအပ်ပြီး မြန်မာအစိုးရက ကြေညာထားတဲ့ မည်သည့်အကြမ်းဖက်အဖွဲ့၊ မတရားအသင်းတွေနဲ့မှ ထိတွေ့ဆက်ဆံခြင်းမပြုဖို့ လိုအပ်တယ်လို့လည်း ထပ်လောင်းသတိပေးလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စောင့်ကြည့်ရမယ်

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာ့အရေးနဲ့ပတ်သက်ရင် အာဆီယံနိုင်ငံတွေထဲမှာ သံတမန်နည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ အတက်ကြွဆုံး လှုပ်ရှားခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက သူကိုယ်တိုင် မြန်မာ့အရေး အဖြေရှာနိုင်ဖို့ ‘လွန်းပျံ ဒီပလိုမေစီ’ လို့ခေါ်တဲ့ မတူညီတဲ့အဖွဲ့အစည်းတွေကြားမှာ လူးလာခေါက်တုံ့သွားလာပြီး သတင်းစကားနဲ့ ညှိနှိုင်းပေးတာမျိုးတွေ ပြုလုပ်နေတယ်လို့ ပြောကြားဖူးပါတယ်။

သံတမန်တွေရဲ့သချုႋင်းလို့ ခေါ်ဝေါ်ခြင်းခံရတဲ့ မြန်မာ့အရေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တာဝန်ကို ထမ်းဆောင်တော့ မှာ ဖြစ်ပါတယ်။

နစကနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ခက်ခဲတဲ့အတွက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာလည်း ဘရူနိုင်း၊ ကမ္ဘောဒီးယားက သံတမန်တွေလိုပဲ မြန်မာ့အရေး ဖြေရှင်းရာမှာ အခက်တွေ့နိုင်ဖွယ်ရှိနေတယ်လို့ နိုင်ငံတကာအရေး လေ့လာသူတွေက သုံး သပ်ကြပါတယ်။

လက်ရှိမှာလည်း မြန်မာဘက်က ဆတ်ဆတ်ထိမခံတဲ့အခြေအနေပါ။ ဘာကြောင့်လဲဆို ဇန်နဝါရီ ၁၁ ရက်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်နဲ့ပတ်သက်လို့ ချက်ချင်းတုံ့ပြန်တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့်လည်း အာဆီယံအထူး ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်မယ့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးအတွက် ရှေ့မှာ စိန်ခေါ်မှုတွေက စောင့်ဆိုင်းလို့ နေပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ရှိတယ်ဆိုပေမဲ့ အာဆီယံ နိုင်ငံတွေအကြား မြန်မာ့အရေးချဉ်းကပ်မှုတွေက မတူညီကြပါဘူး။

ထိုင်း၊ ကမ္ဘောဒီယား စတဲ့ နိုင်ငံတွေက နစကကို နီးနီးကပ်ကပ်ဆက်ဆံပြီး အပြောင်းအလဲဖြစ်စေဖို့ လိုလားသလို မလေးရှားလို နိုင်ငံမျိုးကတော့ နစကအပြင် NUG၊ NUCC တို့နဲ့ပါ ညှိနှိုင်းဆွေးနွေးဖို့ လိုလားတဲ့ အခြေအနေဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘော ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွန်းဝီးနိုင်း၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရက်ဆော့ခွန်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နဲ့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာဒိုဟုန်ဗီယက်တို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော် နဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

ထူးခြားချက်အနေနဲ့ ဒီအလွတ်သဘောဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ အပါအဝင် မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းနိုင်ငံတို့က တက်ရောက်ခြင်း မရှိခဲ့ပါဘူး။

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲဟာ တိကျတဲ့ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်းလည်း မရှိခဲ့ပါဘူး။ အာဆီယံရဲ့ အဓိကကျတဲ့ နိုင်ငံအချို့တက်ရောက်မှုမရှိတဲ့အတွက် တိကျတဲ့ရလဒ် ထွက်လာခြင်းမရှိဘူးလို့ သုံးသပ်မှုတွေရှိခဲ့ပါတယ်။

ဒါကြောင့်လည်း အင်ဒိုနီးရှား နိုင်ငံအနေနဲ့ မြန်မာ့အရေးကို ကိုင်တွယ်ရာမှာ ဘရူနိုင်း၊ ကမ္ဘေားဒီးယားတို့လို အလုပ်မဖြစ်ခဲ့တဲ့ ဘုံသဘော တူညီချက်ငါးရပ်ကိုပဲ ဆက်လက်စွဲကိုင်မှာလား ဒါမှမဟုတ် တခြားနည်းလမ်းတွေနဲ့ ချဉ်းကပ်အဖြေရှာမလားဆိုတာကို အားလုံးက စောင့်ကြည့်နေကြပါတယ်။

လက်ရှိမှာတော့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ အင်ဒိုနီးရှားအနေနဲ့ ရှေ့ကတာဝန်ယူခဲ့တဲ့ ဘရူနိုင်းနဲ့ ကမ္ဘောဒီးယားထက် နစကအပေါ် ပိုပြီးတော့ ဖိအားပေးမှာ သေချာတယ်လို့ နိုင်ငံတကာအရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာ့အရေး အာဆီယံက ဖြေရှင်းဖို့ သံတမန်တစ်ဦးတည်း ခန့်ပြီးခဲ့ပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့ ဖွဲ့မယ်ဆိုတဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ချဉ်းကပ်မှုပုံစံအသစ်က မြန်မာ့အရေးမှာ အဆင်ပြေနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Most Read

Most Recent