တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ်  အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၅)

တရုတ်၏ အိမ်နီးချင်းနိုင်ငံများအပေါ်  အမေရိကန်က ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် စစ်ပွဲဆင်နွှဲမှုများ (၅)
အမေရိကန်က ထောက်ခံခဲ့သည်ဆိုသော အာဏာသိမ်းမှုများအပြီး သေဒဏ်စီရင်ချက်များ အသီးသီးချမှတ်ခြင်းခံခဲ့ကြရသည့် အီဂျစ်သမ္မတ မိုဟာမက်မော်စီ (ပုံကြီး) နှင့် ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတို (ပုံသေး) (Photo: AFP and Britannica)        (ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုသည် သေဒဏ်စီရင်ခြင်းခံခဲ့ရသော်လည်း မော်စီမှာမူ သေဒဏ်ကိုဖယ်ရှားလျက် အမှုပြန်လည်စစ်ဆေးနေစဉ် တရားရုံး၌ လဲကျသေဆုံးခဲ့ရသည်။ အကျဉ်းထောင်အတွင်း နေထိုင်ရသည့် အခြေ အနေရပ်များမှာ ဆိုးရွားလွန်းလှသည့်အပြင် ဆေးကုသမှုခံယူရန် တောင်းဆိုမှုလည်း ငြင်းပယ်ခံရသောကြောင့်ဟု ဆိုကြသည်။)
အမေရိကန်က ထောက်ခံခဲ့သည်ဆိုသော အာဏာသိမ်းမှုများအပြီး သေဒဏ်စီရင်ချက်များ အသီးသီးချမှတ်ခြင်းခံခဲ့ကြရသည့် အီဂျစ်သမ္မတ မိုဟာမက်မော်စီ (ပုံကြီး) နှင့် ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတို (ပုံသေး) (Photo: AFP and Britannica) (ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုသည် သေဒဏ်စီရင်ခြင်းခံခဲ့ရသော်လည်း မော်စီမှာမူ သေဒဏ်ကိုဖယ်ရှားလျက် အမှုပြန်လည်စစ်ဆေးနေစဉ် တရားရုံး၌ လဲကျသေဆုံးခဲ့ရသည်။ အကျဉ်းထောင်အတွင်း နေထိုင်ရသည့် အခြေ အနေရပ်များမှာ ဆိုးရွားလွန်းလှသည့်အပြင် ဆေးကုသမှုခံယူရန် တောင်းဆိုမှုလည်း ငြင်းပယ်ခံရသောကြောင့်ဟု ဆိုကြသည်။)
Published 15 January 2023
နရီမင်း၊ မိုးဧအောင်

ပါကစ္စတန်နိုင်ငံ

တရုတ်၏ အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သော ပါကစ္စတန်၏ နိုင်ငံရေး၊ စစ်ရေးနှင့် ပြည်ပဆက်ဆံရေးဆိုင်ရာ အတိုးအဆုတ်၊ အတက်အကျများစွာတွင် အမေရိကန်ပြည်ထောင်စု၏ ပါဝင်ပတ်သက်မှုမှာ သြဇာကြီးမားခဲ့သည်။ အထင်ရှားဆုံးမှာ ပါကစ္စတန်နိုင်ငံတွင် အာဏာသိမ်းမှုများ ဖြစ်ပွားခဲ့ရာ၌ အမေရိကန်တို့ သိသိသာသာ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော အာဏာသိမ်းမှုအများစုသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများက ကြိုတင်မီးစိမ်းပြမှသာ အကောင်အထည်ဖော်နိုင်ခဲ့သည်က များ၏။ ဥပမာအားဖြင့် ဆိုဗီယက်/ရုရှားနှင့် တရုတ်တို့သည်လည်း အာဏာသိမ်းမူများတွင် ပါဝင်ပတ်သက်ခဲ့ကြဖူးသည်။ သို့သော် ဆိုဗီယက်/ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ မူဝါဒအတိုင်း ဘက်တစ်ဖက်သို့သာ လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပေမည်။ အမေရိကန်သည်ကား မူဝါဒနှင့် ဘက်အသေမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားကိုသာကြည့်လျက် မလိုတစ်မျိုး လိုတစ်မျိုး ပြုခဲ့သည်သာဖြစ်၏။ ထို့ပြင် အမေရိကန်၏အကြိုက် အာဏာသိမ်းမှုများမှာ အားပေးအားမြှောက်ပြုခံရခြင်းနှင့် မသိချင်ယောင်ဆောင် မျက်နှာလွှဲခြင်းတို့ ကြုံရပြီး အမေရိကန်၏ အကြိုက်မဟုတ်သည့် အာဏာသိမ်းမှုများမှသာ ပြင်းထန်စွာ ဆန့်ကျင်ခံရလေသည်။ အကျိုးတရားအနေဖြင့် နိုင်ငံမတည်မငြိမ်ဖြစ်ခြင်းမှသည် ပြည်တွင်းစစ်ဖြစ်ပွားခြင်းအထိ ရလဒ်များကို ကြုံတွေ့ရသည်။

‘ဒီမိုကရေစီ’ဟု တတွင်တွင် အော်နေသည့် အမေရိကန်သည် အာဏာသိမ်းမှုတိုင်းကို ဆန့်ကျင်ခဲ့သည်မဟုတ်ကြောင်း အနီးစပ်ဆုံးအနေဖြင့် ထိုင်းနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့မှ အာဏာသိမ်းမှုများကို ဥပမာအနေဖြင့် ကြည့်နိုင်သည်။ ၂၀၁၄ ခုနှစ် မေ ၂၂ ရက်တွင် ထိုင်းတော်ဝင် လက်နက်ကိုင်တပ်မတော်မှ ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချာသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရထံမှ အာဏာသိမ်းခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အစောပိုင်းတွင် ရှုတ်ချစကားကို ဝတ်ကျေတန်းကျေ ဆိုခဲ့ပါသေးသည်။ သို့သော် ထိုအချိန်၌ပင် ထိုင်းစစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်သော Cobra Gold ကို မဖျက်သိမ်းဘဲ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ထိုင်းအာဏာသိမ်းအစိုးရအပေါ် ပြင်းထန်သော အရေးယူမှုများ မပြုလုပ်ခဲ့ရုံသာမက နောက်ပိုင်းတွင် ပရာရွတ်အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်သာ ဖြစ်ပါ၏။

အီဂျစ်နိုင်ငံ အာဏာသိမ်းမှု၌ကား အမေရိကန်၏ ရပ်တည်ချက်က သာ၍ပင်ဆိုးရွားလှပါသေးသည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် အီဂျစ်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာအယ်စီစီသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော သမ္မတ မိုဟာမက်မော်စီထံမှ အာဏာသိမ်းယူခဲ့ပြီး အီဂျစ်နိုင်ငံ၏ ၂၀၁၂ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်ဆိုင်းခဲ့သည်။ စစ်တပ်က မော်စီနှင့် မွတ်စလင်ဘရားသားဟုဒ်မှ ခေါင်းဆောင်များကိုလည်း ဖမ်းဆီးလိုက်သည်။ ရယ်စရာကောင်းပုံမှာ “အီဂျစ်စစ်တပ်သည် မော်စီကို အာဏာမှ ဖယ်ရှားခြင်းဖြင့် ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းလိုက်သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အရှက်မဲ့စွာ ပြောကြားခဲ့ခြင်းဖြစ်ပါ၏။

ထိုင်းနှင့် အီဂျစ် နိုင်ငံနှစ်ခုစလုံး၌ အာဏာသိမ်းမှုနှစ်ရပ်စလုံးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲဖြင့်တက်လာသော အစိုးရများကို ဖြုတ်ချခဲ့ခြင်းဖြစ်သည်။ ယင်လက်ရှင်နာဝပ်ထရာ ခေါင်းဆောင်သော ဖြူထိုင်းပါတီသည် ၂၀၁၁ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အဘီဆစ် ဦးဆောင်သော ဒီမိုကရက်ပါတီကို အမတ်နေရာ ၂၆၅ - ၁၅၉ ဖြင့် အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သကဲ့သို့ မဲသမာမှုများ ဖြစ် ပေါ်ခဲ့သည်ဟု စိုးစိမျှပင်အသံမထွက်ခဲ့ပါ။ ထို့အတူ မွတ်စလင်ဘရားသားဟုဒ်မှ မိုဟာမက်မော်စီသည်လည်း ၂၀၁၂ ခုနှစ် အီဂျစ်သမ္မတရွေးကောက်ပွဲတွင် မဲ ၁၃.၂ သန်း (၅၁ ရာခိုင်နှုန်း) ဖြင့် အာဏာရခဲ့ခြင်းဖြစ်သည်။ အကြောင်းပြချက် မည်မည်ရရမရှိခဲ့သည့် ယင်းအာဏာသိမ်းမှုနှစ်ရပ်စလုံးသည် အမေရိကန်၌ ဒီမိုကရက်တစ်ပါတီမှ သမ္မတ ဘာရက်အိုဘားမားနှင့် ဒုတိယသမ္မတ ဂျိုးဘိုင်ဒင် (ယခု သမ္မတ) တို့ အာဏာရစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းအာဏာသိမ်းမှုများကို အမေရိကန် ဒီမိုကရက်များက (ထိုင်းကိစ္စ၌ ဝတ်ကျေတန်းကျေ ပြောရုံမှတစ်ပါး) နှာစေးခဲ့ကြပြီး ဖိအားမပေးရုံမျှမက အားပေးအားမြှောက်ပင် ပြုခဲ့ကြသေး၏။

အီဂျစ်သမ္မတ မော်စီသည် (ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုကဲ့သို့ပင်) အာဏာသိမ်းခံရရုံမက သေဒဏ်ပါ အပြစ်ပေးခံခဲ့ရသည်။ သို့သော် အမေရိကန်က မလိုလားသူများဖြစ်သောကြောင့် ၎င်းတို့အား လွှတ်ပေးရန် သို့မဟုတ် အပြစ်ဒဏ် လျှော့ပေါ့ပေးရန် အမေရိကန်က ဖိအားပေးခဲ့ခြင်းမျိုး မရှိခဲ့ပါ။ (ပါကစ္စတန်ဝန်ကြီးချုပ် အလီဘူတိုသည် သေဒဏ်စီရင်ခြင်း ခံခဲ့ရသော်လည်း မော်စီမှာမူ သေဒဏ်ကို ဖယ်ရှားလျက် အမှုပြန်လည်စစ်ဆေးနေစဉ် တရားရုံး၌ လဲကျသေဆုံးခဲ့ရသည်။ အကျဉ်းထောင်အတွင်း နေထိုင်ရသည့် အခြေအနေရပ်များမှာ ဆိုးရွားလွန်းလှသည့်အပြင် ဆေးကုသမှုခံယူရန် တောင်းဆိုမှုလည်း ငြင်းပယ်ခံရသောကြောင့်ဟု ဆိုကြသည်။)

ဒီမိုကရေစီဟူသည် ...

(၁) လူထုရွေးကောက်ပွဲနှင့် တက်လာခဲ့သောအစိုးရကို လက်ခုပ်တီးကြိုဆိုလျက် စစ်အာဏာသိမ်းခြင်း သို့မဟုတ် ထိုသို့သော အာဏာ ရှင်မျိုး နှစ်ရှည်လများ အုပ်စိုးခြင်းကို ကန့်ကွက်သည်ဟု အမှန်တရားတစ်ရပ်သဖွယ် နားလည်လက်ခံထားသည်ဟု ဆိုကြပါစို့။

(၂) မိမိအချုပ်အခြာအာဏာပိုင်နိုင်ငံအတွက် ကာကွယ်ရေးအင်အား၊ အခြေခံအဆောက်အအုံတည်ဆောက်ခြင်းကိုလည်း လွတ်လပ်စွာ စီမံခန့်ခွဲမှုအပေါ် ကန့်ကွက်ရန် အကြောင်းမရှိဟု ဆိုကြပါစို့။

(၃) ထိုသို့သော ဆောင်ရွက်မှုမျိုးကို ကမ္ဘာ့ဒီမိုကရေစီအရေးအား ဦးဆောင်ဦးရွက်ပြုနေသော အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက် ဆောင်ရွက်နေကြောင်း ယုံကြည်သည်ဟု ဆိုကြပါစို့။

ယခုဖော်ပြခဲ့သော ထင်မြင်ချက်၊ ယူဆချက်၊ ယုံကြည်ချက်အားလုံးကို ပါကစ္စတန်နိုင်ငံနှင့် ဆက်သွယ်ဆက်ဆံသောအခါ အဆိုအားလုံး ပြောင်းပြန်လုပ်ခဲ့သူမှာ အမေရိကန်ပြည်ထောင်စုပင်ဖြစ်ကြောင်း သမိုင်းအထင်အရှားရှိခဲ့ပါ၏။

အိန္ဒိယမှ ကွဲထွက်လာခဲ့သော ပါကစ္စတန်စစ်တပ်ကို စစ်အေးကာလအစောပိုင်းမှသည် အမေရိကန် ပုံစံသွတ်သွင်းပေးရင်း ထိုအဆက်အနွှယ်များ၏ အာဏာအထိုင်ကိုပါ တောက်လျှောက်အားပေးခဲ့သည်မှာ အမေရိကန်ဖြစ်သည်။ ကိုယ့် နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်သူအတွက် ဦးတည်ဆောင်ရွက်လိုသော ရွေးကောက်ပွဲအနိုင်ရ ပါကစ္စတန် အရပ်သားအစိုးရများကို တည်ငြိမ်သောဆက်ဆံရေး မပြုခဲ့သည်မှာလည်း အမေရိကန်ပင်ဖြစ်သည်။

ပါကစ္စတန်သမိုင်းတွင် ၁၉၅၁ ခုနှစ်မှစ၍ စစ်အာဏာသိမ်းမှု သို့မဟုတ် မာရှယ်လောကာလ သုံးကြိမ် ရှိခဲ့သည်။ ၁၉၅၈ - ၁၉၇၁ ခုနှစ် (တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အရွတ်ခန် ပထမအကြိမ် အာဏာသိမ်းခြင်း)၊ ၁၉၇၇ - ၁၉၈၈ ခုနှစ် (ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဇီယာအူဟတ် ဒုတိယ အကြိမ် အာဏာသိမ်းခြင်း) နှင့် ၁၉၉၉ - ၂၀၀၈ ခုနှစ် (ဗိုလ်ချုပ်ကြီး ပါဗက် မူရှာရက် တတိယအကြိမ် အာဏာသိမ်းခြင်း) တို့ ပေါ်ပေါက်ခဲ့သည်။ အဆိုပါ စစ်အာဏာသိမ်းမှု အားလုံးကို အမေရိကန်ပြည်ထောင်စုအနေနှင့် ကန့်ကွက်မှုတစ်စုံတစ်ရာ မပြုခဲ့သည့်အပြင် ကာလရှည် အုပ်စိုးခဲ့သော အဆိုပါ အာဏာရှင် ဗိုလ်ချုပ်ကြီးများလက်ထက်၌ ပါကစ္စတန် - အမေရိကန်ဆက်ဆံရေး အထူးကောင်းမွန်ကာ နှစ်ပြည့်တစ်ပြည် ရွှေလမ်းငွေလမ်း ဖောက်ခဲ့ကြကြောင်း တွေ့ကြရပါမည်။

၁၉၉၈ ခုနှစ် ပါကစ္စတန်၏ နျူကလီးယားစမ်းသပ်မှုအပြီး ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဇူဖီကာ အလီဘူတို၏သမီး၊ ဘင်နစ်ဇာဘူတိုက သူ၏ဖခင်သည် “စူပါပါ၀ါ တိုင်းပြည်ကြီးက ပါကစ္စတန်ရဲ့ နျူကလီးယားစွမ်းရည်ကို မဖော်ထုတ်ဖို့ ဖျောင်းဖျတာကို မလိုက်နာတဲ့အတွက် သူ့ကို ကြိုးစင်ပို့လိုက်တာပါ” ဟု လူသိရှင်ကြား ပြောကြားခဲ့သည်။ သို့သော် အဆိုပါစူပါပါ၀ါသည် မည်သည့်နိုင်ငံဖြစ်ကြောင်းကိုမူ အမည်တပ်၍ မဖော်ထုတ်ခဲ့ပါ။

ပါကစ္စတန်၌ အမေရိကန် ဆင်နွှဲခဲ့သော ပါ၀ါအပျော့၊ အမာ စစ်ပွဲ ပုံသဏ္ဌာန်အမျိုးမျိုးကို လေ့လာကြည့်မည်ဆိုလျှင် အမေရိကန်၏ ဒီမိုကရေစီပေတံမှာ “ကြိုက်လျှင် တစ်မျိုး၊ မကြိုက်လျှင် နောက်တစ်မျိုး” နှစ်မျိုးသာရှိကြောင်း အထင်းသား ပေါ်လွင်လျက်ရှိသည်။

ပထဝီဝင်နှင့် သမိုင်းကြောင်း

ပါကစ္စတန်နိုင်ငံသည် ၈၈၁,၉၁၃ စတုရန်းကီလိုမီတာ (၃၄၀,၅၀၉ စတုရန်းမိုင်) ကျယ်ဝန်းပြီး ပထဝီဝင်အရ တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့် ဗဟိုအာရှတို့ ဖြတ်သန်းရာ မဟာဗျူဟာအရ အရေးပါသော တည်နေရာ၌ ရှိသည်။ တောင်ဘက်တွင် ၁,၀၆၄ ကီလိုမီတာ (၆၅၀ မိုင်) ရှည်လျားသော ကမ်းရိုးတန်းက အာရေဗျပင်လယ်၊ အိုမန်ပင်လယ်ကွေ့တို့နှင့် ဆက်စပ်နေသည်။ ကုန်းမြေ နယ်နိမိတ်ဆက်စပ်မှုအဖြစ် အရှေ့ဘက်တွင် အိန္ဒိယနှင့် ၂,၉၁၂ ကီလိုမီတာ (၁ç၈၀၉ မိုင်)၊ အနောက်တောင်ဘက်တွင် အီရန်နှင့် ၉၀၉ ကီလိုမီတာ (၅၆၅ မိုင်)၊ အနောက်ဘက်တွင် အာဖဂန်နစ္စတန်နှင့် ၂,၄၃၀ ကီလိုမီတာ (၁,၅၁၀ မိုင်)၊ အရှေ့ မြောက်ဘက်တွင် တရုတ်နှင့် ၅၂၃ ကီလိုမီတာ (၃၂၅ မိုင်) အသီးသီး ဆက်စပ်လျက်ရှိသည်။ တာဂျစ်ကစ္စတန်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် အလွန်နီးကပ်စွာ တည်ရှိသော်လည်း ကျဉ်းမြောင်းသော ၀ါ့ခ်ဟမ်ကုန်းမြောင်က ပိုင်းခြားထားသည်။

ဗြိတိသျှတို့က အိန္ဒိယအင်ပါယာကို လွတ်လပ်ရေးပြန်ပေးချိန်၌ ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ လွတ်လပ်သော ဒိုမီနီယံ နှစ်နိုင်ငံအဖြစ် ခွဲပေးရန် ဆုံးဖြတ်ခဲ့သည်။ မွတ်စလင်အဖွဲ့ချုပ်အနေနှင့် သီးခြားနိုင်ငံအဖြစ် တောင်းဆိုခဲ့ပြီး အိန္ဒိယကွန်ဂရက်အနေနှင့် ထိုသို့ လွတ်လပ်သော နိုင်ငံအဖြစ် လိုက်လျောခဲ့သည့်တိုင် ပါကစ္စတန်၏ အကျယ်အဝန်းကို တတ်နိုင်သမျှ ကျဉ်းမြောင်းသေးကွေးစေလိုသည်။ အဆိုပါ အိန္ဒိယ - ပါကစ္စတန် ပိုင်းခြား ကန့်သတ်ခြင်းကို ကမကထပြုခဲ့ရသော မောင့်ဘက်တန်က သူ့ဖော်မျူလာအရ အိန္ဒိယကို ပိုင်းခြားရမည် ဖြစ်သော်ငြား ရနိုင်သမျှ စည်းလုံးမှုကိုလည်း လိုအင်ဆန္ဒရှိခဲ့သည်။ ပြင်း ထန်သော အဓိကရုဏ်းများ ပေါ်ပေါက်လာနိုင်ခြေကို မေးမြန်းသောအခါ မောင့်ဘက်တန်က “အနည်းဆုံး ဒီမေးခွန်းနဲ့ပတ်သက်ပြီး ခင်ဗျားကို ကျွန်တော် အပြည့်အဝအာမခံနိုင်တာ ပြောမယ်။ သွေးထွက်သံယိုတွေ၊ အဓိကရုဏ်းတွေ မဖြစ်တာမျိုးကိုပဲ ကျွန်တော် မြင်ချင်ပါတယ်။ ကျွန်တော်က စစ်သားပါ၊ အရပ်ဘက် ဝန်ထမ်း မဟုတ်ပါဘူး။ ခုလို ပိုင်းခြားမှုအပေါ် မူအရ လက်ခံလိုက်ပြီဆိုတာနဲ့ ကျွန်တော်က အမိန့်ထုတ်လိုက်မှာပဲ။ တိုင်းပြည်အတွင်း ဘယ်ဒေသမှာမှ အုပ်စုလိုက် သောင်း ကျန်းတာမျိုး မမြင်ချင်ဘူး။ အနိမ့်ဆုံး ပါချည်ပါချဲ့ လှုံ့ဆော်မှုမျိုး ဖြစ်လာရင်တောင်မှ ပိုဆိုးတဲ့အခြေအနေ ရောက်မသွားဖို့ ကျွန်တော် ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမှာပဲ” ဟု ဖြေကြားခဲ့သည်။ သူမျှော်လင့်သည့် အတိုင်း ဖြစ်မလာခဲ့ဘဲ သူစကားဦး သန်းခဲ့သည့်အတိုင်း သွေးထွက်သံယိုမှုများ ကြီးကြီးမားမား ဖြစ်ပွားခဲ့သည်။

မွတ်စလင်နှင့် ဟိန္ဒူ၊ ဆစ်ခ်များအကြား အဓိကရုဏ်းများ၊ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ပန် ဂျပ်ပြည်နယ်တစ်ခုတည်း၌ပင် လူ ၂၀၀,၀၀၀ မှ ၂၀,၀၀၀,၀၀၀ အထိ သေဆုံးခဲ့သည်။ မွတ်စလင်အမျိုးသမီး ၅၀,၀၀၀ နှင့် ဟိန္ဒူ၊ ဆစ်ခ်အမျိုးသမီး ၃၃,၀၀၀ တို့ အဓမ္မပြုကျင့် ခံခဲ့ကြရသည်။ အိန္ဒိယမှ မွတ်စလင် ၆.၅  သန်းသည် အနောက်ပါကစ္စတန်သို့လည်းကောင်း၊ အနောက်ပါကစ္စတန်မှ ဟိန္ဒူနှင့် ဆစ်ခ် ၄.၇ သန်းသည် အိန္ဒိယသို့လည်းကောင်း ရွှေ့ပြောင်းခဲ့ရသဖြင့် ကမ္ဘာ့သမိုင်း၌ အကြီးမားဆုံးသော လူအရွှေ့အပြောင်းဟု ဆိုကြသည်။

ပါကစ္စတန်သည် ဗြိတိသျှ၏ ဓနသဟာယအဖွဲ့ဝင် ဒိုမီနီယံအဖြစ် နေထိုင်ခဲ့ပြီး ၁၉၅၆ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကာ ‘ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံ’ အဖြစ် ရောက်ရှိခဲ့သည်။ ၁၉၇၁ ခုနှစ်၌ ကိုးလတာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အရှေ့ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံသစ်အဖြစ် ခွဲထွက်သွားခဲ့သည်။ ကုန်လွန်ခဲ့သော ဆယ်စုလေးခုအတွင်း ပါကစ္စတန်သည် ရှုပ်ထွေးလှသော နိုင်ငံရေးအခင်းအကျင်းနှင့်အတူ အရပ်သားအစိုးရနှင့် စစ်အစိုးရ၊ ဒီမိုကရေစီနှင့် အာဏာရှင်၊ ဘာသာရေးကင်းရှင်းခြင်းနှင့် အစ္စလာမ္မစ် အစရှိသဖြင့် ‘တူဖြစ်လိုက် ပေဖြစ်လိုက်’ အခြေအနေကို ပြည်သူပြည်သားတို့ ခံစားခဲ့ကြရသည်။

အမေရိကန် - ပါကစ္စတန် ဆက်ဆံရေး နှစ် ၇၀

ဤနှစ်နိုင်ငံဆက်ဆံရေး၏ အတက်အကျကြမ်းပုံကို အချို့သော နိုင်ငံရေးအကဲခတ်များက ‘ရိုလာကိုစတာ ဆက်ဆံရေး’ ဟု အမည်ပေးကြသည်။

၁၉၄၈ မှ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်သည် ပါကစ္စတန်ကို စုစုပေါင်း ဒေါ်လာ ၃၀ ဘီလျံ ထောက်ပံ့ခဲ့ရာ ဤပမာဏ၏ ထက်ဝက်မှာ စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်အ တွက်ဖြစ်သည်။ ၁၉၇၉ မှ ၁၉၈၉ ခုနှစ်ကာလ၊ ဆိုဗီယက် - အာဖဂန်စစ်ပွဲအတွင်း အမေရိကန်နှင့် ပါကစ္စတန်တို့ပူးပေါင်းကာ အာဖဂန်မူဂျာ ဟစ်ဒင်များကို ထောက်ပံ့ခဲ့ကြသည်။ ၂၀၀၁ ခုနှစ်၊ နှစ်ကုန်တွင် အမေရိကန်က အာဖဂန်နစ္စတန်ကို စစ်ပွဲဆင်နွှဲသည့်အခါ ပါကစ္စတန်သည် အရေးအပါဆုံး ပထဝီနိုင်ငံရေးနှင့် စစ်ရေးထောက်ပံ့မှုလမ်းကြောင်း ဖြစ်လာခဲ့သဖြင့် ၂၀၀၂ ခုနှစ်၌ ပါကစ္စတန်ကို NATO အဖွဲ့ဝင် မဟုတ်သော မဟာမိတ်နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သည်။ အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါကစ္စတန်တို့ ပါဝင်ခဲ့ပြီး ၂၀၂၁ ခုနှစ်အတွင်း တာလီဘန်တို့ ပြန်လည်အာဏာရသွားချိန်၌ အမေရိကန်မူဝါဒရေးရာကျွမ်းကျင်သူတို့က အမေရိကန် - ပါကစ္စတန်ဆက်ဆံရေးကို ပြန်လည်ဆန်းစစ်ခဲ့ကြသည်။

၁၉၄၇ - ၁၉၅၈ ခုနှစ်၊ စစ်ဘက်ဆက်ဆံရေး

ဝန်ကြီးချုပ် လီယာကွက်အလီခန်လက်ထက် အစပိုင်းတွင် စစ်အေးကာလ ထိပ်သီးနှစ်နိုင်ငံဖြစ်သော ဆိုဗီယက်၊ အမေရိကန်တို့နှင့် မိတ်ဝတ်မပျက် ဆက်ဆံခဲ့သည်။ စစ်ရေးအပါအဝင် စီးပွားရေးနှင့်နည်းပညာနယ်ပယ်၌ပါ ပါကစ္စတန်၏အကျိုးအတွက် ရည်မျှော်ခဲ့သည်။ ဆိုဗီယက်နှင့် မိမိပြိုင်ဘက် အိန္ဒိယတို့ အလွမ်းသင့်နေခြင်းကို ပါကစ္စတန်က မလိုလားပေ။

၁၉၅၀ ပြည့်နှစ်အတွင်း ဝန်ကြီးချုပ်ခန်ကို အမေရိကန်က ၂၃ ရက် ကြာ ချစ်ကြည်ရေးခရီး ဖိတ်ကြားဧည့်ခံခဲ့ပြီး အမေရိကန်သမ္မတ ထရူးမင်းက ပါကစ္စတန်နိုင်ငံအတွင်း CIA ၏ အခြေခံစခန်းဖွင့်လှစ်ရန် တောင်းဆိုခဲ့၏။ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ဤအကြိမ်တွင် အနာဂတ်ကာလ ပါကစ္စတန်၏ စစ်အာဏာရှင်ဖြစ်လာမည့် စစ်တပ်အကြီးအကဲ အရွတ်ခန်လည်း ပါဝင်ခဲ့သည်။ အမေရိကန်သို့ အရွတ်ခန် သွားရောက်လည်ပတ်ပြီးနောက် နှစ်နိုင်ငံ စစ်ရေးနီးစပ်မှုမှာ အချိန်တိုအတွင်း တိုးတက်လာခဲ့သည်။ ၁၉၅၄ ခုနှစ် မေလ၌ နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ပါကစ္စတန် စစ်ဘက်အရာရှိများ ရာနှင့်ချီကာ အမေရိကန်ပြည်ထောင်စု၌ စစ်ရေးလေ့ကျင့်မှုသင်တန်းများ တက်ရောက်ခဲ့ကြသည်။ အမေရိကန် စစ်ထောက်ပံ့ရေး အကြံပေးအုပ်စု (MAAG) ကို ရာဝေါပင်ဒီတွင် တည်ထောင်ခဲ့သည်။ ပါကစ္စတန် စစ်အရာရှိများကို သင်တန်းပေးရာတွင် စစ်နည်းဗျူဟာသာမက ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုပညာနှင့် စီးပွားရေးသီဝရီများကိုပါ ပို့ချပေးခဲ့သည်။

၁၉၅၆ ခုနှစ်၌ သမ္မတ ဒွိုက်အိုက်ဆင်ဟောင်ဝါက ပါကစ္စတန်ဝန်ကြီးချုပ်သစ် ဟူစိန် ဆူရာဗာဒီထံ ပက်ရ်ှဝါ လေယာဉ်အခြေစိုက်စခန်း (Peshawar Air Station – PAS) ငှားရမ်းရန် အဆိုပြုခဲ့ရာ သဘောတူခဲ့သည်။ ဆိုဗီယက်၏ တိုက်ချင်းပစ် ဒုံးပျံများကို ထောက်လှမ်းရန်ဖြစ်သည်။

၁၉၅၈ ခုနှစ် စစ်အာဏာသိမ်း ပြီးနောက် အရွတ်ခန်သည် ဒေသတွင်းရှိ အမေရိကန်၏ အကျိုးစီးပွားကို မထိခိုက်စေရန် ပါကစ္စတန်ရှိ လက်ဝဲတက်ကြွလှုပ်ရှားမှုများကို နှိပ်ကွပ်ခဲ့သည်။ ပါကစ္စတန်စစ်တပ်သည်သာ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်းရှိသည့် အင်အားအကောင်းဆုံး၊ စွမ်းရည်အပြည့်ဝဆုံး အင်စတီကျူးရှင်းဖြစ်ကြောင်း အရွတ်ခန်က အမေရိကန်တာဝန်ရှိသူများကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။

၁၉၅၈ - ၁၉၇၁ ခုနှစ်၊ စစ်ဘက်ဆက်ဆံရေး

၁၉၆၁ ခုနှစ်၌ အရွတ်ခန်သည် နိုင်ငံ့အကြီးအကဲအဖြစ် အမေရိကန်ပြည်ထောင်စုသို့ ပထမအကြိမ် သွားရောက်လည်ပတ်ခဲ့ရာ နိုင်ငံတော်ညစာစားပွဲ၊ ဂုဏ်ပြုတပ်ဖွဲ့အလေးပြုခြင်းတို့ဖြင့် ကြိုဆိုခံခဲ့ရသည်။

သမ္မတ နစ်ဆင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာတို့သည် ပါကစ္စတန်နှင့် နီးကပ်သော ဆက်ဆံရေးရှိနေသည့် တစ်ချိန်တည်း၌ပင် တရုတ်နှင့် လျှို့ဝှက်ဆက်သွယ်ကာ နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍသစ်အတွက် ပြင်ဆင်နေခဲ့သည်။ ၁၉၇၂ ခုနှစ်အတွင်း နစ်ဆင်သည် တရုတ်ပြည်သို့  ပထမဆုံးသွားရောက်ခဲ့သည်။

၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိန္ဒိယနှင့် ပါကစ္စတန်အကြား သီတင်းနှစ်ပတ်ကြာ စစ်ပွဲဖြစ်ပွားခဲ့သည်။ အမေရိကန်သမ္မတ နစ်ဆင်က စစ်ပွဲကြီးထွားမှု ဖြစ်မလာရန်နှင့် ပါကစ္စတန်၏ အကျိုးစီးပွားအတွက် ပါကစ္စတန်တပ်ဖွဲ့များအား ထိန်းသိမ်းရန် တိုက်တွန်းခဲ့၏။ နစ်ဆင်၏ သောကမှာ အိန္ဒိယက အနောက်ပါကစ္စတန်ကို ဝင်သိမ်းလိုက်ပါက အာရှတိုက်အတွင်း ဆိုရှယ်လစ်အိန္ဒိယ၏ နယ်ပယ်ကျယ်ပြန့်သွားသည် သာမက ဆိုဗီယက်၏အနေအထားပါ ခိုင်မာသွားမည်ကို စိုးရိမ်ခြင်းဖြစ်သည်။ ပါကစ္စတန်ဝန်ကြီးချုပ် ယာဟာခန်အနေနှင့်မူ အနောက်ပါကစ္စတန်အပြို၌ ဘင်္ဂလားဒေ့ရှ် စင်ပေါ်ရောက်သွားမည်ကို စိုးရွံ့ခြင်းဖြစ်သည်။

အမေရိကန်သည် ပါကစ္စတန်အတွက် စစ်ရေးဆိုင်ရာ အကူအညီများပါရှိသောသင်္ဘောကို ရှားဘုရင်၏ အီရန်၊ တူရကီနှင့် ဂျော်ဒန်တို့မှ တစ်ဆင့် ပါကစ္စတန်သို့ လျှို့ဝှက်ပို့ဆောင်ပေးခဲ့သည်။ ကွန်ဂရက်က ကန့်ကွက်နေသည့်ကြားမှ သင်္ဘောခကုန်ကျစရိတ်ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပေးချေခဲ့သည်။ စစ်ပွဲပြီးကာနီး၌ ပါကစ္စတန်တို့ အရေးမလှဘဲ ရှုံးနိမ့်နိုင်ခြေကို သဘောပေါက်သွားသော နစ်ဆင်အစိုးရသည် USS Enterprise နှင့် သတ္တမတပ်မတော်၏ Task Force - 74  တို့အား အိန္ဒိယသမုဒ္ဒရာအတွင်း စေလွှတ်ခဲ့သည်။

၁၉၇၁ - ၁၉၇၇ ခုနှစ်၊ စစ်ဘက်ဆက်ဆံရေး

၁၉၇၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ ရလဒ်အရ ဇူဖီကာ အလီဘူတို အနိုင်ရခဲ့ပြီး ၁၉၇၁ - ၇၄ ခုနှစ်အတွင်း သမ္မတတာဝန်နှင့် ၁၉၇၄ ခုနှစ် နောက်ပိုင်း ဝန်ကြီးချုပ်တာဝန်တို့ကို ထမ်းဆောင်ခဲ့သည်။ အလီဘူတိုသည် ဆိုရှယ်ဒီမိုကရက်တစ်ဦးဖြစ်ပြီး အတွေးအခေါ်အရ ကွန်မြူနစ်တို့နှင့် ဆက်စပ်နေသည့်တိုင် သူသည် ကွန်မြူနစ်ဝါဒနှင့် သဟဇာတ မဖြစ်လှပေ။ ဘူတိုသည် လက်ဝဲစွန်းအမှားများကို ရှောင်ရှားခဲ့သည့်တိုင် လက်ဝဲနိုင်ငံရေးအတွက် ကိုယ်စားလှယ်တော်ကြီးဖြစ်လာသည်ကို အမေရိကန်က မရှုစိမ့်နိုင်သည်မှာ ‘ချီကတည်းက ယဉ်သကို’ ဟု ဆိုရမည် ဖြစ်ပေသည်။

အမေရိကန်သမ္မတအဖြစ် ဂျင်မီကာတာ တက်လာချိန်၌ ကာတာသည် ဆိုရှယ်လစ် ဆန့်ကျင်ရေးဝါဒီ တစ်ဦးဖြစ်သည့်အားလျော်စွာ ပါကစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးမှတစ်ဆင့် ဘူတိုအစိုးရအပေါ် အကြီးအကျယ်ဖိအားပေးခဲ့သည်။ တစ်ဖန်၊ အလီဘူတို၏ သူ့နိုင်ငံအတွက် နျူကလီးယားစွမ်းအင် ပိုင်ဆိုင်ခွင့်ရရှိရေးမှာ စွဲမြဲလျက်ရှိသော မျှော်မှန်းအိပ်မက် ဖြစ်နေပြန်သည်။ သမ္မတကာတာကလည်း သူ့လက်ထက်၌ ကမ္ဘာအနှံ့ သိုဝှက်ထားသော နျူကလီးယားလက်နက်များကို ရှာဖွေသွားမည်ဟု လူသိရှင်ကြား ပြောဆိုထားသည်။ ဘူတို၏ နျူကလီးယားအစီအစဉ်ကို ကာတာအစိုးရ အဖြေထုတ်လိုက်ချိန်တွင် အခြေအနေမှာ Advanced Stage သို့ ရောက်နေပြီဖြစ်သည်။

၁၉၇၄ ခုနှစ်၌ ပါကစ္စတန်၏ အရှေ့ဘက်နယ်နိမိတ်အစပ်တွင် အိန္ဒိယက နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည်။ ထိုကိစ္စအတွက် အိန္ဒိယအား စီးပွားရေးပိတ်ဆို့အရေးယူပေးရန် ဘူတိုက အမေရိကန် ပြည်ထောင်စုကို တောင်းဆိုခဲ့သည်။ ၁၉၇၆ ခုနှစ်၌ ဟင်နရီ ကစ်ဆင်ဂျာနှင့် အလီဘူတိုတို့ နျူကလီးယား လက်နက်ကိစ္စနှင့်ပတ်သက်၍ အချေအတင် အငြင်းပွားခဲ့ကြသည်။ “ကျွန်တော့်တိုင်းပြည်အတွက်၊ ကျွန်တော့် ပါကစ္စတန် ပြည်သူလူထုအတွက် ဘယ်လိုခြိမ်းခြောက်တာ၊ နှုတ်ပိတ်တာကိုမဆို ကျွန်တော် အလျှော့ပေးမှာ မဟုတ်ဘူး” ဟု အလီဘူတိုက တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ၁၉၇၈ ခုနှစ်၌ အက်တမ်ဗုံးပရော့ဂျက်မှာ ပိုမိုကောင်းမွန်ပြည့်စုံလာခဲ့ပြီး ပထမဆုံး စမ်းသပ်မှုကို ၁၉၈၃ ခုနှစ်၌ ပြုလုပ်နိုင်ခဲ့သည်။

၁၉၇၇ - ၁၉၈၈ ခုနှစ်၊ စစ်ဘက်ဆက်ဆံရေး

အကျင့်ပျက်ခြစားမှုဟု စွဲချက်တင်ကာ အလီဘူတိုအား ဖယ်ရှားသုတ်သင်ပြီးနောက် ပါကစ္စတန်သည် အမေရိကန်နှင့် တစ်ဖန်ပြန်လည် သင့်မြတ်လာခဲ့သည်။ ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ဆိုဗီယက် အမှတ် ၄၀ တပ်မသည် အာဖဂန်နစ္စတန်ကို ကျူးကျော်ဝင်ရောက်ခဲ့သည့်အတွက် အမေရိကန်အနေနှင့် ဒေသတွင်း ဟန်ချက်ထိန်းညှိရန် ပါကစ္စတန်ကို အရေးတကြီး လိုအပ်လာပြန်သည်။ ပါကစ္စတန်ထောက်လှမ်းရေး (ISI) နှင့် အမေရိကန် ပြည်ပထောက်လှမ်းရေး (CIA) တို့သည် ဘီလျံများစွာ တန်ဖိုးရှိသော ဆိုင်ကလုန်းစစ်ဆင်ရေးကို ပူးတွဲဖော်ဆောင်ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး ဇီယာအူဟတ်၏ စစ်အစိုးရလက်ထက်တွင် နှစ်နိုင်ငံရင်းနှီးမှုမှာ အမြင့်ဆုံးရေချိန်သို့ ရောက်ရှိခဲ့သည်။ သမ္မတကာတာလက်ထက်က ဒေါ်လာ ၃၂၅ သန်းတန် အကူအညီကို သုံးနှစ်စာ ပေးမည်ဟု ကမ်းလှမ်းခဲ့သော်လည်း ဇီယာအူဟတ်က ငြင်းပယ်ခဲ့သည်။ ၁၉၈၁ ခုနှစ် ရော်နယ်ရီဂင် သမ္မတဖြစ်လာသောအခါ အ မေရိကန်ဒေါ်လာ ၃.၂ ဘီလျံ တန် ဖိုးရှိ စစ်ရေးနှင့် စီးပွားရေးအကူအညီကို သဘောတူခဲ့ကြလေသည်။ ရီဂင်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ ဟောင်ဝှစ်ဇာအမြောက်များ၊ တစ်ကိုယ်တော်ချေမှုန်းရေး လက်နက်များ၊ F 16 တိုက်လေယာဉ် များ၊ နျူကလီးယားနည်းပညာ၊ ရေတပ်တိုက်ပွဲဝင် အစုအဖွဲ့၊ ထောက်လှမ်းရေးပစ္စည်းများနှင့် လိုအပ်သော သင်တန်းများကို ပါကစ္စတန်သို့ ရောင်းချပေးခဲ့သည်။

၁၉၈၈ - ၁၉၉၈ ခုနှစ်၊ စစ်ဘက်ဆက်ဆံရေး

ဇီယာအူဟတ်နှင့် အမေရိကန်သံအမတ်ကြီးတို့  လေကြောင်းမတော်တဆမှုကြောင့် ထူးဆန်းစွာ သေဆုံးပြီးနောက် ဝန်ကြီးချုပ်များ ဖြစ်လာကြသော ဘင်နစ်ဇာဘူတိုနှင့် နာဝပ်ရှရစ်တို့လက်ထက်တွင် အမေရိကန် - ပါကစ္စတန်ဆက်ဆံရေးမှာ အခြေအနေ ဆိုးရွား၍လာသည်။

၁၉၉၂ ခုနှစ်၌ အမေရိကန်သံအမတ်ကြီး နီကိုလပ်ပလက်က အကယ်၍ ပါကစ္စတန်သည် အိန္ဒိယနိုင်ငံ သို့မဟုတ် အိန္ဒိယ သြဇာသက်ရောက်ရာ နယ်မြေအတွင်းရှိ အကြမ်းဖက်သမားများကို ဆက်လက်ထောက်ပံ့နေမည်ဆိုပါက “နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ပါကစ္စတန်ကို အကြမ်းဖက်ဝါဒကို အားပေးအားမြှောက်ပြုသော အစိုးရအဖြစ် ဥပဒေအရ စာရင်းသွင်းရမည် ဖြစ်ကြောင်း” ပါကစ္စတန်ခေါင်းဆောင်များအား ပြောကြားခဲ့သည်။

တစ်ဖန်၊ ၁၉၉၈ ခုနှစ်တွင် အာဖရိကရှိ အမေရိကန်သံရုံး ဗုံးခွဲမှုအား လက်တုံ့ပြန်သည့်အနေနှင့် တာလီဘန်တို့ ထိန်းချုပ်ထားသော အာဖဂန်နစ္စတန်ရှိ အယ်ကေဒါး အခြေစိုက် စခန်းတစ်ခုကို ဒုံးကျည်နှင့်ပစ်ခတ်ရာ အဆိုပါစခန်းသို့ ရောက်ရှိနေကြသည့် ပါကစ္စတန်ထောက်လှမ်းရေး ငါးဦး သေဆုံးခဲ့သည်။

၉/၁၁ တိုက်ခိုက်ခံရပြီးနောက် နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်၌ နယူးယောက် မျှော်စင်ညီနောင်ကို အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုက ဆင်နွှဲသည့် ‘အကြမ်းဖက်မှု တန်ပြန်ဆန့်ကျင်ရေး စစ်ပွဲ’ ၌ ပါကစ္စတန်သည် အဓိက မဟာမိတ်အဖြစ် ပါဝင်လာရသည်။

၂၀၀၁ ခုနှစ်မှစ၍ ပါကစ္စတန်သည် အယ်ကေဒါးအဖွဲ့ဝင် ၅၀၀ ကျော်ကို ဖမ်းဆီးကာ အမေရိကန်လက်သို့ အပ်ခဲ့သည်။ အာဖဂန်ကို အမေရိကန်က စစ်ပြုသည့်အခါ ပါကစ္စတန်၏ လေဆိပ်များစွာ၊ အခြေစိုက်စခန်းများစွာကို အမေရိကန်တို့အား အသုံးပြုခွင့်ပေးခဲ့သည်။ အပြန်အလှန်အားဖြင့် ပါကစ္စတန်အပေါ် ချမှတ်ထားသော အမေရိကန် ဆန်ရှင်များကိုရုပ်သိမ်းကာ အခြေခံစစ်ရေးအတွက် ဒေါ်လာ ၁၀ ဘီလျံ လက်ခံရရှိခဲ့သည်။

သမ္မတ အိုဘားမားလက်ထက်၌ စစ်ရေးမဟုတ်သော အကူအညီအဖြစ် တစ်နှစ်လျှင် ၁.၅ ဘီလျံနှုန်း ဖြင့် ၁၀ နှစ်တာ ထောက်ပံ့ရန်အပြင် စစ်သွေးကြွများ နှိမ်နင်းရေးအတွက် စစ်ရေးအကူအညီများ ပေးအပ်ရန်လည်း စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၀၂ မှ ၂၀၁၃ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံက အမေရိကန်ထံမှ လက်ခံရရှိခဲ့သော စစ်လက်နက် ပစ္စည်းအချို့မှာ F-16 တိုက်လေယာဉ်အသစ် ၁၈ စင်း၊ P-3C ရေပြင် ဝေဟင် ကင်းထောက်လေယာဉ် ရှစ်စီး၊ TOW တင့်ကားပစ်ဒုံးကျည် ၆,၀၀၀၊ ဝေဟင်မှ ဝေဟင်ပစ် AMRAM ဒုံးကျည် ၅၀၀၊ C-130 ပို့ဆောင်ရေးလေယာဉ် ခြောက်စီး၊ Cobra  တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၀၊ Perry-class ဒုံးပစ်သင်္ဘော တစ်စင်းတို့ ပါဝင်သည်။

၂၀၀၈ ခုနှစ် ဇွန် ၁၁ ရက် အာ ဖဂန်နှင့် ပါကစ္စတန်နယ်စပ်၊ ဂိုရာပရိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း နယ်ခြားဒေသ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက် တွင် ပါကစ္စတန်နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်စစ်သား ၂၈ ဦး သေဆုံးရာ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တင်းမာသွားခဲ့သည်။

၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၄ ရက်၌ ပါကစ္စတန်သမ္မတ ပါဗက် မူရှာရက်က “ပါကစ္စတန်ကို ခြိမ်းခြောက်လာရင်တော့ ခြိမ်းခြောက်တဲ့နေရာမှာ ဒီလက်နက်တွေကို ကျုပ်တို့ သုံးမှာပဲ။ အယ်ကေးဒါး ဒါမှမဟုတ် တာလီဘန်တွေဆီက ခြိမ်းခြောက်မှုလာရင် အဲဒီမှာ သုံးမယ်။ တကယ်လို့များ အိန္ဒိယက ခြိမ်းခြောက်လာခဲ့ရင်တော့ အဲဒီမှာပဲ ဒီလက်နက်တွေကို ကျုပ်တို့ သေချာ ပေါက်သုံးမှာပါ” ဟု ပြောကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် အယ်ကေးဒါး ချေမှုန်းရေးအတွက် အိုဘားမားက ပါကစ္စတန်သို့ ဒေါ်လာ ၃.၁ ဘီလျံ ပံ့ပိုးခဲ့သည်။ ၂၀၀၂ ခုနှစ် မှ စတင်သော ပူးတွဲစစ်ဆင်ရေး ရှစ်နှစ်တာအတွင်း စစ်သွေးကြွများနှင့် တိုက်ပွဲဝင်ရာတွင် ပါကစ္စတန်၏ ဆုံးရှုံးမှုတန်ဖိုးမှာ ၃၅ ဘီလျံကျော်ရှိ ကြောင်း ပါကစ္စတန်သမ္မတက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်သည် ပါကစ္စတန် - အမေရိကန် ဆက်ဆံရေး၌ ‘ဂြိုဟ် မွှေသောနှစ်’ဟု ဘီဘီစီသတင်းဌာနက ကင်ပွန်းတပ်ခဲ့သည်။

၂၀၁၁ ခုနှစ် မေ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁ နာရီ၌ အမေရိကန် Navy SEALs အထူးတပ်ဖွဲ့က အယ်ကေးဒါး စစ်သွေးကြွခေါင်းဆောင် အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံ အဘော့တာဘက်မြို့တွင် ဝင်ရောက်သုတ်သင်ခဲ့လေသည်။ အိုဘားမားအစိုးရက အဆိုပါသတင်းအချက်အလက်အား ပါကစ္စတန်အစိုးရထံ အသိပေးခြင်း မရှိခဲ့ပေ။ စစ်ဆင်ရေးဦးစီးချုပ်များ၏ဥက္ကဋ္ဌ မိုက်ကယ်မူလန်က ပါကစ္စတန်စစ်တပ်အကြီးအကဲ အက်ရ်ှဖက် ပါဗက်ကယာနီထံ ဒေသစံတော်ချိန် နံနက် ၃ နာရီကျမှသာ ဖုန်းခေါ်၍ အသိပေးခဲ့သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း သက်ဆိုင်ရာအစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့ စသည်တို့ကို တစ်ပြားသားမှ အသိမပေးဘဲ အထူးတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး စစ်ဆင်ရေးလုပ်သွားသော အမေရိကန်ကို ဤတစ်ကြိမ်တွင်တော့ ပါကစ္စတန်လူထုကပါ အော့ကြောလန်သွားကြသည်။

ပါကစ္စတန်တွင် CIA ၏ လှုပ်ရှားမှုများ

ဤသည်မှာ ပါကစ္စတန်နိုင်ငံတွင် အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) က ဆောင်ရွက်ခဲ့သည့် ထင်ရှားသည့် လှုပ်ရှားမှုများ စာရင်းဖြစ်သည်။ CIA နှင့် ISI (Inter-Services Intelligence – Pakistan’s Primer Intelligence Agency)  တို့သည် လျှို့ဝှက်စစ်ပွဲ ဆင်နွှဲနေကြသည်ဟု အာမက်ရာရှစ် (Ahmed Rashid) ကဲ့သို့သော စာရေးဆရာများက စွပ်စွဲကြသည်။ အမေရိကန်နှင့် တရားဝင် ပဋိပက္ခ ဖြစ်ပွားနေသည့် အာဖဂန်တာလီ ဘန်အဖွဲ့သည် ပါကစ္စတန်၏ ဖက်ဒရယ်အုပ်ချုပ်ခွင့်ရ လူမျိုးစုနယ်မြေများတွင် ဌာနချုပ်ရှိပြီး အချို့သော အစီရင်ခံစာများအရ ISI က ငွေကြေးထောက်ပံ့မှု အများအပြားရှိကြောင်း သိရသည်။ သို့သော် ယင်းကို ပါကစ္စတန်အစိုးရက ငြင်းဆိုခဲ့သည်။

၂၀၀၅ ခုနှစ်

၂၀၀၅ ခုနှစ် မေလ ၁၅ ရက်တွင် ပါကစ္စတန်နိုင်ငံအတွင်း ပစ်မှတ်ထား သတ်ဖြတ်မှုတစ်ခုတွင် အယ်ကေးဒါးအဖွဲ့မှ ထင်ရှားသူ တစ်ဦးဖြစ်သော ဟေသမ်အယ်ယီ မင်နီကို သတ်ဖြတ်ရန်အတွက် Predator ဒရုန်းများကို အသုံးပြုခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

၂၀၀၆ ခုနှစ်

၂၀၀၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် CIA သည် အေမင်အယ်ဇာ ၀ါဟီရီတည်ရှိရာ အာဖဂန်နယ်စပ်အနီးရှိ ပါကစ္စတန်ရွာတစ်ရွာဖြစ်သော ဒါမာဒိုလာအား လေကြောင်း တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့သည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သားအများအပြား သေဆုံးခဲ့သော်လည်း အယ်ဇာဝါ ဟီရီမှာ ၎င်းတို့ထဲတွင် မပါဝင်ခဲ့ပေ။ ပါကစ္စတန်အစိုးရသည် ပါကစ္စတန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်သည်ဟု ယူဆသည့် အမေရိကန်၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော် အယ်ဇာဝါဟီရီကို အကြမ်းဖက်သမားနှင့် ရန်သူတိုက်ခိုက်ရေးသမားအဖြစ် အမေရိကန်က အမည်တပ်ထားသည့်အတွက် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဟု မယူဆနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူအချို့က စောဒကတက်ကာ လုပ်ကြံသတ်ဖြတ်ခြင်းကို တားမြစ်ထားသည့် အမိန့်ကြော်ငြာစာ ၁၂၃၃၃ အောက်တွင် အကျုံးမဝင်ကြောင်း ငြင်းခုံခဲ့ကြသည်။ မည်သို့ပင်ဆိုစေ၊ ယင်းသည် နိုင်ငံတကာဥပဒေအရ ပါကစ္စတန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။

၂၀၀၇ ခုနှစ်

‘အမေရိကန်ပြည်တွင်းသို့ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု’ ဟု ခေါင်းစဉ်တပ်ထားသော သုံးနှစ်အတွင်းကို အာရုံစိုက်ထားသည့် အမျိုးသားထောက်လှမ်းရေး ခန့်မှန်းတွက်ချက်မှုအသစ် (NIE) က  “အယ်ကေးဒါးသည် ၉/၁၁ တိုက်ခိုက်မှု အကြိုအင်အားအဖြစ် ပြန်လည်ဖွဲ့စည်းထားပြီး ကြီးမားသော အမေရိကန်တိုက်ခိုက်မှုအတွက် ပြင်ဆင်နေခဲ့သည်” ဟူသည့်အချက်က ဘုရှ်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒနှင့် အကြမ်းဖက်မှုတန်ပြန်ရေးကြိုး ပမ်းမှုများနှင့်ပတ်သက်၍ အစိုးရအရာရှိများနှင့် လေ့လာသူများအကြား အငြင်းအခုံများ ဖြစ်စေခဲ့သည်။ ယင်းက “အီရတ်စစ်ပွဲနှင့် ပါကစ္စတန်လူမျိုးစုနယ်မြေများ၌ အစွန်းရောက်ဝါဒကို တန်ပြန်ရန် ပျက်ကွက်မှုတို့က အစ္စလာမ္မစ်အကြမ်းဖက်အဖွဲ့ကို အားကောင်းလာစေခဲ့ကြောင်း” ဖော်ပြနေသည်။

၂၀၀၈ ခုနှစ်

Operation Cannonball အမည်ရှိ CIA စစ်ဆင်ရေးတစ်ခုကို ၂၀၀၈ ခုနှစ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းသည် ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၎င်းင်းသည် အို စမာဘင်လာဒင်အား ဖမ်းဆီးရန်နှင့် ပါကစ္စတန်ရှိ အယ်ကေးဒါးတပ်ဖွဲ့များကို ချေမှုန်းရန် ကြိုးပမ်းမှုတစ် စိတ်တစ်ပိုင်းအဖြစ် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါစစ်ဆင်ရေးသည် CIA ရုံးများအကြား ပဋိပက္ခများကြောင့် အဟန့်အတားဖြစ်ခဲ့ရပြီး စီမံချက် ဖြန့်ကြက်ရာတွင် ကြီးမားသော နှောင့်နှေးမှုများ ဖြစ်ခဲ့ရသည်။

၂၀၀၈ ခုနှစ် ဇူလိုင်တွင် CIA အရာရှိများသည် ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့ ISI နှင့် အာဖဂန် သူပုန်ခေါင်းဆောင် ဂျာလာလူဒင် ဟက်ကာနီတို့အကြား ဆက်ဆံရေးဆိုင်ရာ အထောက်အထားများကိုပြကာ ပါကစ္စတန်အရာရှိများကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ ISI ကမူ ယင်းကို ငြင်းဆိုခဲ့သည်။

၂၀၁၀ ပြည့်နှစ် - ပါကစ္စတန်ရှိ CIA အကြီးအကဲကို ဖယ်ရှားခြင်း

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၁၆ ရက်တွင် CIA သည် ၎င်း၏ ပါကစ္စတန်အခြေစိုက်အကြီးအကဲ ဂျိုနသန်ဘန့်ကို ပါကစ္စတန်မှ ဖယ်ရှားခဲ့သည်။ သူ့အား ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ဒရုန်းဖြင့် တိုက်ခိုက်မှုတွင် တာဝန်ရှိသူအဖြစ် သေဆုံးခဲ့သူ၏ ဆွေမျိုးသားချင်းများက တရားစွဲခဲ့ပြီးနောက် ရာထူးမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။ CIA သည် ဒေသအထိုင် အကြီးအကဲကို ပြောင်းရွှေ့ကာ ပြန်လည်ခေါ်ယူမှု အလွန်နည်းပါးသော်လည်း သူ့အား ‘လုံခြုံရေးစိုးရိမ်ရမှုများ’ နှင့် ၎င်း၏ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်ရမှုများကို အကြောင်းပြကာ ပြန်လည်ခေါ်ယူခဲ့သည်။ CIA ရော အမေရိကန်အစိုးရကပါ ဒေသအထိုင်အကြီးအကဲများအား တရားဝင် အသိအမှတ်ပြုမထားသော်လည်း ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုအရ ရှိနေခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် ဧပြီတွင် လူသတ်မှု၊ ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်မှုနှင့် ပါကစ္စတန်နိုင်ငံအား စစ်ဆင်နွှဲမှုများအတွက် ဂျိုနသန်ဘန့်အား ရာဇဝတ်မှုဖြင့် အမှုဖွင့်ရန် အစ္စလာမ္မာဘတ် တရားရုံးချုပ်က ရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့သည်။

၂၀၁၁ ခုနှစ်

၂၀၁၁ ခုနှစ် ဇန်နဝါရီတွင် CIA ကန်ထရိုက်တာ ရေမွန်အယ်လင်ဒေးဗီးသည် ပန်ဂျပ်ပြည်နယ် လာဟိုးမြို့ လမ်းမပေါ်တွင် လူငယ်နှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ သူက မိမိကိုယ်ကိုယ် ခုခံကာကွယ်ခြင်း ဖြစ်သည်ဟုဆိုသည်။ ပန်ဂျပ်ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး လူသတ်မှု နှစ်မှု၊ တရားမဝင်သေနတ်များ လက်ဝယ် ထားရှိမှုတို့ဖြင့် စွဲချက်တင်ခံရပြီးနောက် CIA ကန်ထရိုက်တာအဖြစ် ၎င်း၏ ရာထူးအဆင့်ကို တွေ့ရှိသွားခဲ့ကြသည်။ အလားတူ အခြေအနေ တစ်ရပ်တွင် အခြားအမေရိကန်အဖွဲ့တစ်ဖွဲ့မှ လူလေးဦး လိုက်ပါလာသည့် SUV ကားတစ်စီးက မော်တော်ဆိုင်ကယ်စီးသူတစ်ဦးအား တက်ကြိတ်မိကာ သေဆုံးစေခဲ့ပြီး အမေရိကန်ကောင်စစ်ဝန်ရုံးသို့ ပြန်မောင်းပြေးသွားခဲ့သည်။ လူလေးဦးစလုံးသည် ညနေပိုင်းတွင် အထူးလေယာဉ်ဖြင့် ပါကစ္စတန်မှ ထွက်ခွာသွားသည်ဟု စွပ်စွဲထားသည်။ ယင်း လူလေးဦးသည် ယခုတိုင် လွတ်မြောက်နေဆဲဖြစ်သည်။

ဗိုလ်ချုပ်ကြီး အာမက်ရှူဂျာ ပါရှာသည် ၎င်း၏ ရာထူးနောက်ဆုံးနှစ်တွင် စီအိုင်အေဒါရိုက်တာ လီယွန်ပန်နက်တာနှင့် ပူးပေါင်းဆောင်ရွက်မှုကို လျှော့ချကာ ပါကစ္စတန်ရှိ အမေရိကန်သံတမန်များကို နှောင့်ယှက်ရန် အမိန့်ပေးခြင်း၊ ပါကစ္စတန် မှ CIA သူလျှို ရှာကယ်အာဖရီဒီကို ဖမ်းဆီးချုပ်နှောင်ခြင်းတို့ဖြင့် ၀ါရှင်တန်ကို ပြင်းပြင်းထန်ထန် ရန်လိုသူအဖြစ် ပေါ်ထွက်လာခဲ့သည်။

၂၀၁၂ ခုနှစ်

အိုစမာဘင်လာဒင်ကို ရှာဖွေရန် CIA အတွက် သူလျှိုလုပ်ပေးခဲ့သည့် ပါကစ္စတန်ဆရာဝန် ရှာကယ် အာဖရီဒီကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ပါကစ္စတန်တရားရုံးက ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။

၂၀၁၉ ခုနှစ်

ပါကစ္စတန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ CIA အတွက် သူလျှိုလုပ်ပေးမှုစွဲချက်ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ဂျာဗက်အီဘယ် (ငြိမ်း) နှင့် ဗိုလ်မှူးချုပ် ၀ါဆင်း အက်ခရမ် (ငြိမ်း) တို့ကို ထောင်ဒဏ် ၁၄ နှစ်နှင့် သေဒဏ်အသီးသီးချမှတ်ခဲ့သည်။

အီမရန်ခန်းနှင့် အမေရိကန်

ဖြုတ်ချခံခဲ့ရသော ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းက အမေရိကန်က စီစဉ်သော ‘နိုင်ငံခြား ပူးပေါင်း ကြံစည်မှု’ ဖြင့် ထည့်သွင်းထားသော ‘သစ္စာဖောက်များ’ က အုပ်ချုပ်နေကြောင်း ၂၀၂၂ ခုနှစ် မေလ ၂၇ ရက် တွင် ပြောကြားခဲ့သည်။

ပါလီမန်၏ အယုံအကြည်မရှိ အဆို မဲခွဲမှုဖြင့် ဧပြီလ ၁၀ ရက်တွင် ရာထူးမှ ဖြုတ်ချခံရပြီးနောက် အီမရန်ခန်းက အာဏာပြန်ရရန် ကြိုးပမ်းမှုတွင် ပါကစ္စတန်နိုင်ငံတစ်ဝန်းမှ ဆန္ဒပြပွဲများကို ဦးဆောင်နေစဉ် သူ့အပေါ် ဆန့်ကျင်သည့် အမေရိကန် ဦးဆောင်သော ပူးပေါင်းကြံ စည်မှုရှိခဲ့ကြောင်း ပြောကြားချက်က အရေးပါလာခဲ့သည်။ သို့သော် ခန်းကို ဝေဖန်သူများက ပူးပေါင်းကြံစည်မှုဆိုသည့် အထောက်အထား မရှိသောကြောင့် သူ၏ ပြောဆိုချက်များနှင့်ပတ်သက်၍ ပြဿနာရှိကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နှင့် ပါကစ္စတန်စစ်တပ်နှစ်ခုစလုံးက ခန်း၏စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး ယခင်ဝန်ကြီးချုပ်ဟောင်းသည် ၎င်းတို့အား ခိုင်လုံသော တစ်စုံတစ်ရာပြရန် ငြင်းဆိုထားကြောင်း ပြောကြားခဲ့သည်။ “အီမရန်ခန်းဟာ လူထုထောက်ခံမှုရအောင် စည်းရုံးဖို့ အမေရိကန်ဆန့်ကျင်ရေးစိတ်ဓာတ်ကို နှိုးဆော်ဖို့ ကြိုးစားနေတာပါ” ဟု အမေရိကန်နှင့် ကုလသမဂ္ဂဆိုင်ရာ ပါကစ္စတန်သံအမတ်ဟောင်း မာလီဟာလိုဒီကလည်း ပြောကြားခဲ့သည်။

အမေရိကန်၏ တောင်နှင့် ဗဟိုအာရှရေးရာ ဗျူရိုလက်ထောက် အတွင်းဝန် ဒေါ်နယ်လုသည် မတ်လတွင် ၀ါရှင်တန်ရှိ ပါကစ္စတန်သံအမတ်နှင့် တွေ့ဆုံခဲ့ပြီး အယုံအ ကြည်မရှိမဲဖြင့် ခန်းအား အာဏာမှ ထုတ်ပယ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း ခန်းက အကြိမ်ကြိမ်အခိုင်အမာဆိုသည်။ သူ့အား အာဏာမှ မဖယ်ရှားပါက ပါကစ္စတန်အနေဖြင့် အကျိုးဆက်များ ခံစားရမည်ဟု လုက ခြိမ်းခြောက်ခဲ့ကြောင်း ခန်းက CNN သတင်းဌာနသို့ ပြောခဲ့သည်။

“ဒီစွပ်စွဲချက်တွေအတွက် အမှန်တရား မရှိပါဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက CNN သို့ ပြောကြားခဲ့သည်။ ၎င်း၏ ပြောဆိုချက်များအတွက် အထောက်အထားများပေးရန် တောင်းဆိုသောအခါတွင် ခန်းက ဆွေးနွေးပွဲတွင် အမေရိကန်နှင့် ပါကစ္စတန် နှစ်ဘက်စလုံးတွင် မှတ်စုရေးသူများရှိကြောင်း ပြောကြားခဲ့သည်။ ပါကစ္စတန်သံအမတ်ထံမှ ပေးပို့သည့် အစည်းအဝေး အသေးစိတ်အချက်အလက်များကို ဖော်ပြသည့် လျှို့ဝှက်သံတမန်ကြေးနန်းကို ပါကစ္စတန်အစိုးရထံ ပေးပို့ခဲ့ကြောင်း အထောက်အထားများဖြင့်လည်း ခန်းက ပြောကြားခဲ့သည်။ ထိုအစည်းအဝေးမှ မှတ်တမ်းများကို ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) သို့ တင်ပြခဲ့သည်ဟု ခန်းက အခိုင် အမာ ပြောကြားခဲ့သည်။ သို့သော် NSC က ခန်း၏ စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ပယ်ချခဲ့ပြီး ၎င်းတို့တွင် မည်သည့်ပူးပေါင်းကြံစည်မှု ဆိုင်ရာ အထောက်အထားမျှ မတွေ့ ရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီနှောင်းပိုင်းတွင် မော်စကိုသို့ ၎င်း၏ တရားဝင်သွားရောက်မှုသည် ယူကရိန်းကို ရုရှားက ကျူးကျော်သည့်ရက်နှင့် တိုက်ဆိုင်နေခြင်းက အမေရိကန်အာဏာပိုင်များကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပုံရသည်ဟုလည်း ခန်းက ပြောကြားခဲ့သည်။ လက်ရှိဝန်ကြီးချုပ် ရှာဘက်ရှရစ် ဦးဆောင်သော အတိုက်အခံများနှင့် ပါကစ္စတန်စစ်တပ်တို့သည် အမေရိကန်နှင့် ပူးပေါင်းကြံစည်နေသည်ဟုလည်း ခန်းက စွပ်စွဲဖူးပြီး ၎င်းတို့နှစ်ဘက်စလုံးက ငြင်းဆိုခဲ့သည်။

ယင်းနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် အသက် ၇၀ ရှိပြီဖြစ်သည့် အီမရန်ခန်းသည် ရွေးကောက်ပွဲ ဆောလျင်စွာ ကျင်းပပေးရန် ဖိအားပေးတောင်းဆိုချက်ဖြင့် မြို့တော်အစ္စလာမ္မာဘတ်သို့ စုရုံးချီတက်မှုတစ်ရပ်ကို ဦးဆောင်လာစဉ် သေနတ်သမားတစ်ဦးက ၎င်းလိုက်ပါလာသည့်ယာဉ်တန်းကို ပစ်ခတ် လုပ်ကြံခဲ့သည့်အတွက် ညို့သကျည်း၌ ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်အတွင်း အီမရန်ခန်းကို ထောက်ခံသူ တစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ပန်ဂျပ်ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ အီမရန်ခန်းက သူ့ကို လုပ်ကြံသတ်ဖြတ်ရန်ကြိုးပမ်းမှုတွင် ထိပ်ပိုင်းထောက်လှမ်းရေးအရာရှိတစ်ဦး ပါဝင်ပတ်သက်နေသည်ဟု ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုဖြစ်အပြီး အီမရန်ခန်းကို ထောက်ခံဆန္ဒပြမှုများက လူဦးရေသန်း ၂၃၀ ရှိရာ တောင်အာရှနိုင်ငံဖြစ်သည့် ပါကစ္စတန်အနှံ့ ပေါ်ပေါက်လာခဲ့ပြန်သည်။

အီမရန်ခန်း၏ နိုင်ငံရေးပါတီ ဖြစ်သည့် Pakistan Tehreek-e-Insaf (PTI) ပါတီက ထုတ်သည့် ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ဟောင်း ခန်းက ၎င်းကိုလုပ်ကြံမှုအား လက်ရှိ ဝန်ကြီးချုပ် ရှာဘက်ရှရစ်၊ ပြည်ထဲရေးဝန်ကြီး ရာနာဆာနော်လာနှင့် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ဖိုင်ဆယ်နာဆီယာတို့၏ ပူးပေါင်းကြံစည်မှုဟု စွပ်စွဲထားကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ပါတီအတွင်းရေးမှူး ချုပ် အာဆတ်အူမာက “လုပ်ကြံမယ့် အကြောင်း ကျွန်တော်တို့ သတင်းကြိုရထားပြီးသား။ သူတို့သုံးဦးစလုံးကို ရာထူးကနေ ထုတ်ပယ်ဖို့ ကျွန်တော်တို့ တောင်းဆိုနေတာပါ။ မဟုတ်လို့ကတော့ နိုင်ငံတစ်ဝန်း ဆန္ဒပြဖို့ ဆော်သြသွားမယ်” ဟု ဆိုကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။

ရှာဘက်ရှရစ်သည် ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှရစ် (အီမရန် ခန်း၏ မဟာရန်ဘက်) ၏ ညီဖြစ်သည်။ ၎င်းကမူ ၎င်းပါဝင်ပတ်သက် မှုမရှိကြောင်း ငြင်းဆိုထားပြီး တိုက်ခိုက်မှုကိုရှုတ်ချသည့် ထုတ်ပြန်ချက်လည်း ထုတ်ခဲ့သည်။

ခန်းသည် ဧပြီလက အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှုဖြင့် ဝန်ကြီးချုပ်နေရာကို လက်လွှတ်လိုက်ရသော်လည်း လူထုထောက်ခံမှုအများအပြား ဆက်လက်ရနေဆဲဖြစ်သည်။ ၎င်းသည် လက်ရှိအစိုးရက စွဲဆိုထားသည့် အမှုများစွာကိုလည်း ရင်ဆိုင်နေရသည်။

ပြည်ပအကူအညီ အသည်းအသန် လိုအပ်နေသည့် ပါကစ္စတန်

ရာသီဥတုဖောက်ပြန်မှု၏ အကျိုးဆက်ကို ခံရပြီး စီးပွားရေးကလည်း မဖြစ်ထွန်းသည့် ဒေဝါလီခံရ လုနီးပါး ပါကစ္စတန်သည် ပြည်ပအကူအညီမရ၍ မဖြစ်ပေ။ နောက်ပိုင်း ထိုအကူအညီများကို တရုတ်နိုင်ငံထံမှသာ ရလာခဲ့သည်။

ဝန်ကြီးချုပ် ရှာဘက်ရှရစ်က ပါကစ္စတန်၏ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ၏ ရာခိုင်နှုန်း ၃၀ ခန့်သည် တရုတ်မှ ဖြစ်သည်ကို ကောင်းစွာ သဘောပေါက်ကာ တရုတ်ခေါင်းဆောင်များကို လတ်တလော သွားရောက်တွေ့ဆုံထားသည်။

သို့သော် ပေကျင်းခရီးစဉ်အတွင်း ရှာရစ်သည် ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများ ဘေးကင်းလုံခြုံရေး နှင့်ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင်းပင်ထံမှ မထင်မှတ်ဖွယ် စကားအချို့ကို ကြားခဲ့ရသည်။ (ယခုနှစ် အစောပိုင်းက ကရာချိမြို့တွင် အ သေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုအတွင်း တရုတ်ကျောင်းဆရာ သုံးဦး သေဆုံးထားသည်။) ပါကစ္စတန်တွင် ရောက်နေသည့် တရုတ်အေဂျင်စီများ၊ နိုင်ငံသားများအတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကို တရုတ်က မျှော်လင့်သည်ဟု ရှီက သတိပေးလိုက်ခြင်းဖြစ်သည်။ 

Most Read

Most Recent