ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ

ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ
Published 3 January 2023

ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်းရှိ ရွှေကြက်မင်းဘုန်းကြီး ကျောင်းကို လက်နက်ကြီးကျည် ထိမှန်ခဲ့သည့်အတွက် ဘုန်ကြီးကျောင်းအတွင်း သီတင်းသုံးနေထိုင်သည့် ဥူးဇင်းတစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဥူးဇင်းနှစ်ပါး၊ ကိုရင်တစ်ပါးနှင့် ဘုန်းကြီးကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသည့် ကိုရင်တစ်ပါးနှင့် ဘုန်းကြီးကျောင်းသားတစ်ဦးမှာ ဘာအံဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်ကလည်း ကော့ကရိတ်မြို့ ရွှေကြက်မင်းဘုရားကုန်းပေါ်တွင် Drone အသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးပျံလွန်တော်မူခဲ့ပြီး ဦးပဥ္စဇင်းနှစ်ပါး၊ ကိုရင်တစ်ပါးနှင့် ဘုန်းကြီးကျောင်းသားတစ်ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၆ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ရွှေကြက်မင်းဘုရားကုန်းပေါ်သို့ KNLA အဖွဲ့ဝင်အချို့နှင့် PDF များက Drone နှစ်စင်းအသုံးပြု၍ Drop Bomb များဖြင့် ကြဲချဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်တွင် KNLA အဖွဲ့ဝင်အချို့နှင့် PDF များ ကြဲချတိုက်ခိုက်ခဲ့သည့် Drop Bomb နှစ်လုံးသည် ရွှေကြက်မင်းဘုန်းကြီးကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ဦးပဥ္စဇင်းနှစ်ပါး၊ ကိုရင်တစ်ပါးနှင့် အသက် ၁၁ နှစ်အရွယ် ဘုန်းကြီးကျောင်းသားတစ်ဦးတို့တွင် ဒဏ်ရာများရရှိကာ ဘုန်းတော်ကြီးကျောင်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်မှုအရ သိရသည်။

ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် သံဃာတော်များနှင့် ဘုန်းကြီးကျောင်းသားအား ကော့ကရိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိပြီး ဗုံးစထိမှန်မှုကြောင့် ပျံလွန်တော်မူခဲ့သည့် သံဃာတော်အား ကောင်းမွန်စွာ မီးသင်္ဂြိုဟ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent