ဒုတိယအကြိမ် ရှုံးပွဲမရှိ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း

ဒုတိယအကြိမ် ရှုံးပွဲမရှိ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း
 ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့သည့် ၂၀၂၂ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း(ဓါတ်ပုံ-ညီညီစိုးညွန့်)
ရှုံးပွဲမရှိ ဗိုလ်စွဲခဲ့သည့် ၂၀၂၂ MNL အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်း(ဓါတ်ပုံ-ညီညီစိုးညွန့်)
Published 2 January 2023

MNL ကလပ် ရှမ်းယူနိုက်တက်အသင်းသည် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး ရယူနိုင်ခဲ့ပြီး တစ်ရာသီလုံးရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်သည့် စံချိန်ကောင်းကိုပါ ထပ်မံရယူနိုင်ခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲသမိုင်းတစ်လျှောက် ထူးခြားသည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ထားသည့်အသင်းဖြစ်ပြီး တစ် သင်းတည်းသော ရှုံးပွဲမရှိချန်ပီယံအဖြစ် ရပ်တည်နေကာ ယင်းစံချိန်ကို နှစ်ကြိမ်တိုင် ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးချန်ပီယံဆုကို လေးကြိမ်ရရှိထားပြီး ယင်းလေးကြိမ်တွင် ရှုံးပွဲမရှိဘဲ ချန်ပီယံဖြစ်ခဲ့သည့် နှစ်ကြိမ်ပါဝင်နေသည်။ ရှမ်းယူနိုက်တက်အသင်းသည် MNL အမှတ်ပေးချန်ပီယံဆုကို ၂၀၁၇၊ ၂၀၁၉၊ ၂၀၂၀၊ ၂၀၂၂ ရာသီတွင် ရရှိခဲ့ပြီး ၂၀၁၉ နှင့် ၂၀၂၂ ရာသီ၌ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲကျင်းပသည့် နောက်ဆုံးသုံးရာသီဆက်တိုက် ဗိုလ်စွဲထားခြင်းဖြစ်ပြီး ရှုံးပွဲမရှိစံချိန်ဖြင့် နှစ်ကြိမ်ဗိုလ်စွဲနိုင်သည်မှာ ထူးခြားသည့် စွမ်းဆောင်မှုလည်း ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင် ပွဲတွင် ၁၈ ပွဲကစား ၁၅ ပွဲနိုင်၊ သုံးပွဲသရေ၊ ရှုံးပွဲမရှိ၊ ရမှတ် ၄၈ မှတ်ဖြင့် ချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။ MNL အမှတ်ပေးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်တွင် မကျင်းပဖြစ်ဘဲ ၂၀၂၂ ခုနှစ်မှ ပြန်လည်ကျင်းပသော်လည်း ရှမ်းယူနိုက်တက်အသင်းက တည်ငြိမ်သည့် ခြေစွမ်းပြသကာ ပြိုင်ပွဲတစ်လျှောက် ရလဒ်ကောင်းများရယူနိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ၂၀၂၂ ရာသီ ပြိုင်ပွဲဝင်အသင်း၏ နည်းပြချုပ်သစ်အဖြစ် ဦးဟန်ဝင်းအောင်ကို ပြောင်းလဲတာဝန်ပေးခဲ့ပြီး ၎င်းကိုင် တွယ်သည့် ပထမဆုံးရာသီမှာပင် မှတ်တမ်းကောင်း ရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

MNL ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆုကို သုံးသင်းသာရရှိဖူးပြီး ရန်ကုန်အသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်ကာ ရတနာပုံနှင့် ရှမ်းယူနိုက်တက်အသင်းတို့က လေးကြိမ်စီ ဗိုလ်စွဲထားသည်။ ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယအအောင်မြင်ဆုံးဖြစ်သည့် ရတနာပုံ အသင်း၏ ဆုဖလားအရေအတွက် လိုက်မီသွားခဲ့သလို နောက်ဆုံးငါးရာသီအတွင်း ချန်ပီယံဆုလေးကြိမ်အထိ ရယူနိုင်သည်အထိ အောင်မြင်မှုများ ဆက်တိုက်ရရှိထားသည်။

Most Read

Most Recent