လျှပ်စစ်မီးကို လေးနာရီတစ်လှည့်စီ မီးပေးနေပြီး ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဦးစားပေးဖြန့်ချိမည့် မြို့နယ်အချို့စာရင်းများ ထုတ်ပြန်ခြင်းနှင့် ရုရှား-မြန်မာနှစ်နိုင်ငံအကြား စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုးခြင်း

လျှပ်စစ်မီးကို လေးနာရီတစ်လှည့်စီ မီးပေးနေပြီး ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဦးစားပေးဖြန့်ချိမည့် မြို့နယ်အချို့စာရင်းများ ထုတ်ပြန်ခြင်းနှင့် ရုရှား-မြန်မာနှစ်နိုင်ငံအကြား စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုးခြင်း
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့လယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည်ကို တွေ့ရစဉ်
Published 12 December 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဒီဇင်ဘာ ၅ ရက်က လက်မှတ် ရေးထိုးခဲ့သည်။

တတိယအကြိမ်မြောက် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးများ၌  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရုရှား- မြန်မာ ဘဏ်လုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆက်စပ်အစည်းအဝေးများကို အစီအစဉ်သုံးခုဖြင့် ဆောင်ရွက်ခဲ့ရာ အစီအစဉ် (၁) အရ ကျင်းပသည့် “ဘဏ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာ” (On prospects for interbank cooperation နှင့် စပ်လျဉ်း၍ ရုရှားနိုင်ငံဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ Mr.Alexey Guznov  နှင့် ရုရှားနိုင်ငံ၏ အမျိုးသား ငွေပေးချေမှုကတ်ကုမ္ပဏီမှ ဥက္ကဋ္ဌ Mr.Vladimir Komlev တို့က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ ယင်းဆွေးနွေးချက်များအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်း အောင်က ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အစီအစဉ် (၂) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on bilateral cooperation between the Bank of Russia and the Central Bank of the Republic of the Union of Myanmar) ကို နှစ်နိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများက လက်မှတ်ရေး ထိုးသည်။

အစီအစဉ် (၃) အရ နှစ်နိုင်ငံ ဗဟိုဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ကျင်းပသည့် စကားဝိုင်းဆွေးနွေးပွဲ (Roundtable “Banks and Finance)တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါက်တာလင်းအောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းနှင့် ရုရှားနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ Mr.Alexey Guznov တို့က အမှာစကားများ ပြောကြားကြပြီး နှစ်နိုင်ငံဗဟိုဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများက ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ဘဏ်လုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုး

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရ အချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာ စေရန်ရည်ရွယ်၍ တတိယအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို  ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် ကျင်းပခဲ့သည်။

ကော်မရှင်အစည်းအဝေး တွင် ရုရှား - မြန်မာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူ အချင်းချင်း ဆက်ဆံရေး အားကောင်းခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် ကဏ္ဍများတွင် နှစ်ဖက် သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်ကော်မရှင် အစည်းအဝေးတွင် ဆွေးနွေးသည့် ဆွေးနွေးချက်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့ စတော့မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the development of Russia – Myanmar Economic Cooperation) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထို့နောက် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး စာချုပ်စာတမ်းခုနစ်ခုတို့ကို နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

လျှပ်စစ်မီးကို လေးနာရီတစ်လှည့်စီ မီးပေးနေပြီး ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဦးစားပေးဖြန့်ချိမည့် မြို့နယ်အချို့စာရင်းများ ထုတ်ပြန်

လျှပ်စစ်မီးအား လေးနာရီ  တစ်လှည့်စီ မီးပေးနေပြီး ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား ဦးစားပေးဖြန့်ချိမည့် မြို့နယ်အချို့ စာရင်းများကို ထုတ်ပြန်ထားသည်။

“အခုလက်ရှိကတော့ မြို့နယ်တွေကို လေးနာရီ တစ်ခါစီ မီးပေးနေပါတယ်။ အခု ဦးစားပေးထုတ်ထားတဲ့ မြို့နယ်တွေကိုတော့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေက ကြေညာမယ်နဲ့ တူတယ်။ ကျွန်မတို့ဆီကိုတော့   အကြောင်းကြားတာမရှိသေးပါဘူး။ လောလောဆယ်ကတော့ လေးနာရီတစ်ခါ မီးပေးနေပါတယ်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ Call Center က ပြန်လည်ဖြေကြားသည်။

အလုံမြို့နယ် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့်အချက်အလက်များအရ ဦးစားပေးအဆင့် (က) အဖြစ် မြို့ နယ် ၁၆ ခု ကြေညာထားသည်ကို တွေ့ရသည်။

အဆိုပါ ၁၆ မြို့နယ်မှာ ရန်ကင်း၊ တာမွေ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒဂုံ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း စသည့်မြို့နယ်များဖြစ်သည်။

ထို့ပြင် အများပြည်သူအုပ်စု A နှင့် B ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း အလှည့်ကျ ဝန်အားလျှော့ လျှပ်စစ်မီးပေးမည် ဖြစ်ကြောင်း၊ ညနေ ၄ နာရီမှ နောက်တစ်နေ့ နံနက် ၉ နာရီအထိ ဓာတ်အားအပြည့်ပေးထားမည်ဖြစ်ကြောင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ စက်မှု ဇုန်ကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိသာ လျှပ်စစ်မီးပေးမည်ဖြစ်ကြောင်း အလုံမြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်မီးကို ပြီးခဲ့သည့် သင်္ကြန်ကာလနောက်ပိုင်းမှ စတင်ကာ အလှည့်ကျစနစ်ဖြင့် စတင်ပေးဝေနေခြင်းဖြစ်ပြီး လက်ရှိတွင် မည် သည့်စနစ်ဖြင့် လျှပ်စစ်မီးပေးနေသည်ကို ကြိုတင်ကြေညာထားခြင်းမရှိဘဲ ယခုမှ ထုတ်ပြန်လာခြင်းဖြစ်သည်။

လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်မည်မဟုတ်ဘဲ အချိန်ပိုင်းပေးဝေမည့် အစီအစဉ်များ ချမှတ်ရမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

ခြောက်လအတွင်း အခွန်အရပ်ရပ်ကောက်ခံံရရှိငွေ ကျပ် ဘီလျံ ၃၀၀၀ ကျော်ရှိ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ခြောက်လအတွင်း အခွန်အရပ်ရပ် ကောက်ခံံရရှိငွေ ကျပ်ဘီလျံ ၃၀၀၀ ကျော်ရှိပြီး စုစုပေါင်း အခွန်ရရှိမှု၏ ၄၆ ရာခိုင်နှုန်းကို ဝင်ငွေခွန်မှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လအတွင်း ဝင်ငွေခွန်မှ ကျပ်ဘီလျံ ၁၄၂၄ ဒသမ ၆၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်ဘီလျံ၉၉၈ ဒသမ ၁၊ အထူးကုန်စည်ခွန်မှ ကျပ်ဘီလျံ ၅၇၄ ဒသမ ၉၊ တံဆိပ်ခေါင်းခွန်မှကျပ် ဘီလျံ ၅၃ ဒသမ ၁ စသည်ဖြင့် စုစုပေါင်း ကျပ်ဘီလျံ ၃၀၆၉ ကောက်ခံရရှိခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အခွန်အရပ်ရပ်ကောက်ခံရရှိမ စုစုပေါင်း ၄၇၄၅ ဒသမ ၇၃၂ ဘီလျံရရှိခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန (IRD) ၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

နှစ်အလိုက် ပြည်ထောင်စု၏ အခွန်အရပ်ရပ်ကောက်ခံရရှိမှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၉၁၄၂၉ ဒသမ ၇၆၆ သန်း၊ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃၂၉၆ ဒသမ ၇၆၁ သန်း၊ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၈၇၇၆ ဒသမ ၃၅၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင်၆၅၁၇၉၇၉ ဒသမ ၃၆၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၆၃၁၄၇၃၃ ဒသမ ၆၅၇ သန်း၊၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင်ရ၁၂၂၄၃၀ ဒသမ ၂၂၈ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၇၄၂၃၇၂၄ ဒသမ ၉၈၄ သန်း၊၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ ကြားကာလခြောက်လတွင် ကျပ် ၃၄၂၄၂၀၆ ဒသမ ၈၃၂ သန်း၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၈၃၆၀၃၀၃  ဒသမ ၅၆၈ သန်း ရရှိခဲ့သည်။

နှစ်စဉ် ဝင်ငွေခွန်ရငွေစာရင်းအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန် ကျပ် ၃၃၇၉ ဘီလျံကျော် ရရှိခဲ့ပြီး ယခင်နှစ်ထက် ကျပ် ၆၈၇ ဘီလျံ ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနကို ကိုးကားပြီး  ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

နှစ်စဉ်အထူးကုန်စည်ခွန်ရငွေ စာရင်းများအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှစက်တင်ဘာအထိ ကျပ် ၁၂၆၆၉၁၂  ဒသမ ၄၂ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက် တင်ဘာအထိ ကျပ် ၁၄၂၉၁၂၀ ဒသမ ၇၅ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီ မှ စက်တင်ဘာလအထိ ၆၀၄၉၂၄ ဒသမ ၂၄ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧပြီမှမတ်လအထိ ကျပ် ၁၂၄၀၂၁၄ ဒသမ ၁၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လတွင် ကျပ် ၉၉၄၂၃၅ ဒသမ ၇၃ သန်းရရှိခဲ့သည်။

နှစ်အလိုက် ကုန်သွယ်လုပ်ငန်း ခွန်ရ ငွေစာရင်းအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၈၇၇၈၅၁ ဒသမ ၇၇ သန်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိ ကျပ် ၁၉၇၄၆၉၉ ဒသမ ၁၃  သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအ ထိ ကျပ် ၉၂၀၆၁၈ ဒသမ ၁၄ သန်း၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် အောက် တိုဘာမှစက် တင်ဘာလအထိ ကျပ် ၂၂၅၆၇၇၀ ဒသမ ၂၀ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ကျပ် ၂၁၁၀၁၈၇ ဒသမ ၂၁ သန်းရရှိခဲ့သည်။

Most Read

Most Recent