ကမ္ဘာ့ဝင်ရိုးစွန်းဒေသများ ပူနွေးလာကာ ကျယ်ပြန့်လှသော အေးခဲမြေလွှာများ အရည်ပျော်လျက်ရှိနေခြင်းက နှစ်ပေါင်း သောင်းနှင့်ချီကြာအောင် အေးခဲကျန်ရစ်နေခဲ့သော ရှေးဟောင်းဗိုင်းရပ်စ်များနှင့် ဘက်တီးရီးယားများကို ပေါ်ထွက်လာစေ သည်။ “ဇွန်ဘီဗိုင်းရပ်စ်များ”နှင့်ပတ်သက်သည့် ပြူးတူးပြဲတဲ သတင်းခေါင်းစီးများ နောက်ကွယ်၌ အလွန် စိတ်ဝင်စားဖွယ် ကောင်းသော သိပ္ပံပညာနှင့် သတိပေးချက်အချို့ ရှိနေသည်။
လွန်ခဲ့သည့်လက သိပ္ပံပညာရှင်များသည် ဆိုက်ဘေးရီးယားမှ အေးခဲမြေလွှာနမူနာကိုယူကာ နှစ်ပေါင်း ၅၀,၀၀၀ ကြာ အေးခဲနေသော ဗိုင်းရပ်စ်ကို ထုတ်ယူလျက် ယင်း၏ ပုံမှန်ကူးစက်ခံဖြစ်သည့် အမီးဗား (Amoeba) ကို ကူးစက်နိုင်ဆဲဖြစ်ကြောင်း ပြသခဲ့သည်။ ယင်းသည် သိပ္ပံပညာရှင်များအတွက် အသစ်ဖြစ်နေသော ဗိုင်းရပ်စ်တစ်မျိုး သာမက စိတ်ဝင်စားစရာကောင်းသည့် (အရွယ်အစားကြီးမားလွန်းလှသော) ဧရာမဗိုင်းရပ်စ် အုပ်စုဝင်တစ်မျိုးလည်း ဖြစ်သည်။ ၎င်းတို့ သည် အခြားသက်ရှိပုံစံများနှင့် အချိတ်အဆက်ပျောက်ဆုံးနေမှုတစ်ရပ်ကို ကိုယ်စားပြုလျက် ဗိုင်းရပ်စ်များ ဆင့်ကဲပြောင်းလဲလာ ပုံနှင့်ပတ်သက်၍ သိပ္ပံပညာရှင်များ နားလည်ထားမှုကို ကိုင်လှုပ်လိုက်လေသည်။
ဤဗိုင်းရပ်စ်၏ ယင်းကဲ့သို့သော အရွယ်အစားနှင့် သက်တမ်းနှစ်ရပ်စလုံးမှာ သိပ္ပံနည်းကျ မှတ်သားဖွယ်ရာဖြစ်သကဲ့သို့ ကျောက်ခေတ်ကတည်းက အေးခဲနေခဲ့ပြီး နောက်မှပြန်လည်ကူးစက်စေနိုင်သည့်အ ချက်မှာအနည်းငယ် ဖြုံလောက်စရာပင်။ ဤဗိုင်းရပ်စ်တစ်မျိုးတည်းက လူကိုကူးစက် စေနိုင်လောက်အောင် လိုက်လျောညီထွေ ပြောင်းလဲလာနိုင်သည်ဆိုခြင်းထက် ယခုသဘောတရားအရ လူတို့အတွက် ပို၍အန္တရာယ်ရှိနိုင်သော အခြားဗိုင်းရပ်စ်များသည်လည်း ယင်းကဲ့သို့သောနေရာ၌ ခို အောင်းနေနိုင်သည်ဆိုခြင်းမှာ ကြောက်လန့်စရာ ဖြစ်နေပါ၏။
ဆိုက်ဘေးရီးယားတွင် တွေ့ရှိရသည့် ဗိုင်းရပ်စ်သည် ၎င်းတို့၏ အကြိုက်ဆုံးအစားအစာဖြစ်သော ဘက်တီးရီးယားများကို တုပခြင်းဖြင့် အမီးဗားများကို ကူးစက်လာနိုင်စေသည်ဟု သုတေသနခေါင်းဆောင် ယန်းမီရှယ်လီ ကလေဗာရီက ပြောကြားခဲ့သည်။ ၎င်းဗိုင်းရပ်စ်သည် နို့တိုက်သတ္တဝါများ၏ ဆဲလ်များကို မကူးစက်နိုင်ပါ။ ကပ်ရောဂါ အသစ်တစ်ရပ်ကို လှုံ့ဆော်ရန်မဖြစ်နိုင်သောကြောင့် အဆိုပါဗိုင်းရပ်စ်ကို သီးခြားခွဲထုတ်ထားရှိသည်ဟု ၎င်းက ဆိုသည်။
အရည်ပျော်လာနေသော အေးခဲမြေလွှာထဲသို့ ကီလိုမီတာချီလျက် အနက်ရှိသောတွင်းများကို လူများက သတ္တုတွင်း လုပ်ငန်းများအတွက် တူးဖော်လာကြခြင်းကြောင့် ပိုမိုအန္တရာယ်များသော တစ်စုံတစ်ရာ ထွက်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာကြီးပူနွေးလာပြီး အေးခဲမြေလွှာများ အရည်ပျော်လာသည်နှင့်အမျှ၊ ယင်းသည် ရေနံရှာဖွေခြင်းနှင့် သတ္တု တွင်းလုပ်ငန်းတို့အတွက် နယ်မြေသစ်များကို ဖွင့်လှစ်ပေးရုံသာမက ရောဂါပိုးမွှားများ၏ ပန်ဒိုရာသေတ္တာကိုလည်း ဖွင့်ပေးနိုင်သည်။
ယင်းအေးခဲမြေလွှာများ အရည်ပျော်လာခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်မြှင့်ပေးမည့် ရာသီဥတုဆိုင်ရာ တုံ့ပြန် မှုကွင်းဆက်တစ်ရပ်ကို ဖန်တီးလျက် မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်များကို ရှူထုတ်သော ဇီဝပိုးမွှားများကို လွတ်မြောက်စေမည်ကို သိရှိခြင်းကပင် စိုးရိမ်စရာအကြောင်း လုံလောက်နေလေပြီ။ ထို့ပြင်ထိုနေရာများ ကို တူးဖော်ခြင်းသည် မြေထဲတွင် မြှုပ်ထားသော လူသေအလောင်းများမှ ကျောက်ရောဂါဗိုင်းရပ်စ်ပိုးကို ထုတ်ပေးနိုင်ကြောင်း သိပ္ပံပညာရှင်များက လွန်ခဲ့သောနှစ်များက သတိပေးထားခဲ့သည်။
ယင်းပတ်ဝန်းကျင်ကို သေသေချာချာ စူးစမ်းလေ့လာခြင်းက ကောင်းကျိုးများလည်း ရှိပါသည်။ ယခုနောက်ဆုံးတွေ့ရှိချက် သည် သိပ္ပံပညာရှင်များ၏ ဗိုင်းရပ်စ်များကို နားလည်ပုံအားကိုင်လှုပ်လိုက်နိုင်ပါသည်။ သိပ္ပံပညာရှင်များအနေဖြင့် ဗိုင်းရပ်စ်များ မည်သည့်နေရာမှာလာသနည်းဟူသည်နှင့် ပတ်သက်၍ ပဟေဠိဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့သည် သက်ရှိလား သို့မဟုတ် မျိုးဗီဇအစုမှ ခွဲထွက်လာသော သက်မဲ့အပိုင်းအစသက်သက်လားဟူ၍ ငြင်းခုံနေကြဆဲဖြစ်သည်။ သက်ရှိသတ္တဝါဖြစ်ကြောင်း မည်သို့သတ်မှတ်ရမည်ကို နားလည်ခြင်းသည် စကြာဝဠာအတွင်းရှိ အခြားနေရာများတွင် သက်ရှိများကို ရှာဖွေရန်နှင့် ၎င်းသည် ကမ္ဘာမြေပေါ်တွင် မည်သို့မည်ပုံ ပေါ်ပေါက်လာသည်ကို နားလည်နိုင်ရန် သိပ္ပံပညာရှင်များ၏ စူးစမ်းမှုတွင် ပင်မနေရာ၌ ရှိသည်။
လွန်ခဲ့သောဆယ်စုနှစ်တစ်ခုကျော်က ကလေဗာရီနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် ဘက်တီးရီးယား သို့မဟုတ် အခြားပို ၍ရှုပ်ထွေးသော သက်ရှိများကို တုပထားသောကြောင့် Mimivirus ဟု အမည်ပေးလိုက်ကြသည့် အရွယ်အစားကြီးမားလွန်း လှသာပထမဆုံးဧရာမဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယင်းသည် အပြင်ပန်းအရ မထူးဆန်းလှသော်လည်း သက်ရှိ၏ စဉ်ဆက်ဇယား၌ လျစ်လျူရှုထားခံရသော အစိတ်အပိုင်းတစ်ရပ်ကို ကိုယ်စားပြုနိုင်သည်ဟု သူက ယုံကြည်ခဲ့သည်။ ယင်းနောက်ပိုင်း၌ သူသည် Megavirus နှင့် Pandoravirus တို့အပါအဝင် နောက်ထပ်တွေ့ရှိမှုများ ရှိလာခဲ့သည်။
“ဒါက ဗိုင်းရပ်စ်တွေအပေါ် ကျွန်တော်တို့ ရှုမြင်တဲ့ပုံစံကို ပြောင်းလဲစေပါတယ်”ဟု ၎င်းက ဆိုသည်။ ဧရာမဗိုင်းရပ်စ်များသည် ကျန်သက်ရှိလောကနှင့် ဆင့်ကဲဖြစ်စဉ်အရ ဆက်နွှယ်မှုရှိနေသောကြောင့် ဗိုင်းရပ်စ်များ အသက်ရှိကြောင်း အထောက်အထားများအား တစ်စိတ်တစ်ပိုင်းအဖြစ် ပေးစွမ်းနိုင်သည်ဟု သူက ယုံကြည်လေသည်။ ၎င်းတို့သည် အမှီအခိုကင်းစွာ အသက်ရှင်နိုင်ခြင်း မရှိသော်လည်းကပ်ပါးကောင်ဖြစ်ခြင်းသည် အခြားသက်ရှိများအား သက်ရှိဟု သတ်မှတ်ခံရရန် အရည်အချင်းမပြည့်မီဟု ဆိုနိုင်ခြင်းမရှိပါ။
သိပ္ပံပညာရှင်များသည် ကြီးမားလှသော ဗိုင်းရပ်စ်များ ဆင့်ကဲပြောင်းလဲလာပုံကို ပိုမိုသေးငယ်သော ဘိုးဘေးအဆက်အနွယ်ဗိုင်းရပ်စ်များမှနေ၍ ကြီးထွားလာခြင်းလော သို့မဟုတ် ပိုမိုရှုပ်ထွေးသော ဘိုးဘွားအဆက်အနွယ်သက်ရှိပုံစံများမှ ကျုံ့သွားခြင်းလောဟူ၍ ငြင်းခုံနေကြဆဲဖြစ်သည်။ အခြားသောပုံမှန်အရွယ်အစားရှိ ဗိုင်းရပ်စ်များသည် ပိုမိုရှုပ်ထွေးသော ပိုးကောင်များမှ ဆင်းသက်လာကာကပ်ပါးနေထိုင်မှုပုံစံကို ခံယူပြီးနောက် အရွယ်အစား ပိုမိုသေးငယ်လာခြင်းဖြစ်နိုင်သည်ဟု ကလေဗာရီက ယူဆသည်။
ယင်းတို့အား အေးခဲမြေလွှာများထဲ၌ အဘယ်ကြောင့် ရှာနေရပါသနည်း။ နှစ်ပေါင်း ၃၀,၀၀၀ အေးခဲနေခဲ့သော မျိုးစေ့မှနေ၍ အပင်တစ်ပင်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သည့် သိပ္ပံပညာရှင်တစ်စုက သူ့ကို စိတ်ကူးရစေခဲ့သည်ဟု ကလေဗာရီက ပြော ကြားခဲ့သည်။ ယင်းရှာဖွေမှုကို ပြုလုပ်ခဲ့သော သုတေသီများအား ၎င်းတို့၏ နမူနာအချို့ကို လေ့လာနိုင်ခွင့်ပြုရန် ကလေဗာရီက တောင်းခံခဲ့ပြီးနောက် သူသည် ၂၀၁၄ ခုနှစ်တွင် နမူနာထဲမှနေ၍ စံချိန်တင်အရွယ်အစားရှိ ဗိုင်းရပ်စ်ပိုးတစ်မျိုး ထွက်ပေါ်လာပြီး သူ၏ဓာတ်ခွဲခန်းအတွင်း အမီးဗားပိုးများကို ကူးစက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
သူကြေညာလိုက်သော ဗိုင်းရပ်စ်သည် သက်တမ်းနှစ်ပေါင်း ၅၀,၀၀၀ ကိုပင် ကျော်လွန်ပြီး ယင်းသက်တမ်းမှာ ကာဗွန်စစ်ဆေးမှုဖြင့် တိုင်းတာသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အေးခဲနေသောအခြေအနေတွင် ဗိုင်းရပ်စ်များ မည်မျှကြာအောင် တည်ရှိနေနိုင်သနည်း ဟူသည်နှင့်ပတ်သက်၍ သိပြီးသား ကန့်သတ်ချက် မရှိပါ။
သူသည် ဗိုင်းရပ်စ်များကို ပြန်လည်အသက်သွင်းရန်အတွက် အေးခဲမြေလွှာမှရယူထားသော အရာများကို သူက ‘ငါးစာ’ ဟု ခေါ်ဆိုသော သက်ရှိ အမီးဗားများနှင့် ထိတွေ့စေခဲ့သည်။ အမီးဗားများ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက ချွတ်ယွင်းချက်ရှိသော ဆဲလ်ကွဲခြင်းနှင့် ပုံမှန်မဟုတ်သော ပုံသဏ္ဌာန်များ ဖြစ်ပေါ်ခြင်းတို့ကဲ့သို့သော ရောဂါလက္ခဏာများ ပြသမည်ဖြစ်သည်။ “ကျွန် တော်တို့အဖွဲ့သားတွေက အဲဒါကို ရှာတွေ့တယ်… အိုး -အိုး၊ အဲဒီအမီးဗားတွေက သိပ်မကောင်းဘူးလေ။”ဟု ၎င်းက ဆိုသည်။ တစ်ချိန်တည်းမှာပင် အဆိုပါဗိုင်းရပ်စ်များသည် သိပ္ပံပညာရှင်များ လေ့လာနိုင်စေရန် ၎င်းတို့ကိုယ်ကိုယ် ကိုယ်ပွားပေါင်းများစွာ ပြုလုပ်ခဲ့ကြသည်။
သူဆက်သွယ်ခဲ့သော အခြားသုတေသီများက ဗိုင်းရပ်စ်များသည် ၎င်းတို့ကိုယ်နှိုက်က စိတ်ဝင်စားဖွယ်ကောင်းပြီး အရေးပါ သည်ဟု ဆိုသော်လည်း ၎င်းတို့သည် အေးခဲမြေလွှာမှ အမှန်တကယ်လာခြင်းဖြစ်ပြီး နောက်ပိုင်းကျမှ ခိုးဝင်လာခြင်းမဟုတ် ကြောင်း ပိုမိုကောင်းမွန်သည့် အထောက်အထားများကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့ကြသည်ဟု ကလေဗာရီက ပြောပြ သည်။ “အမီးဗားတွေ (နဲ့သူတို့ရဲ့ ဗိုင်းရပ်စ်တွေ)ဟာ ပတ်ဝန်းကျင်များစွာမှာ နေရာအနှံ့ တွေ့ရှိရပါတယ်”ဟု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတက္ကသိုလ်မှ အဏုဇီဝဗေဒပညာရှင် အဲရစ်ဒယ်ဝက်က အီးမေးလ်တစ်စောင်တွင် ရေးသားခဲ့သည်။
“ဧရာမဗိုင်းရပ်စ်တချို့ ဒါမှမဟုတ် ရောဂါကူးစက်ခံထားရတဲ့ အမီးဗားတွေက ဒီနမူနာတွေထဲကို လွင့်ပါ ဒါမှမဟုတ် မျောပါပြီး ရောက်မလာနိုင်ဘူးလား”ဟုလည်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
သုတေသီများသည် DNA မှုခင်းဆေးပညာနှင့် အလားတူသော နည်းပညာများကို အသုံးပြုကာ အေးခဲမြေလွှာမှ နမူနာများကို DNA နှင့်ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ ခွဲခြမ်းစိတ်ဖြာလျက် ရှိသည်။ “တခြားဗိုင်းရပ်စ်တွေအပါအဝင် ဒီပတ်ဝန်းကျင်မှာ ရှိဖူးသမျှ အရာအားလုံးနဲ့ပတ်သက်တဲ့ သဲလွန်စတွေကို ကျွန်တော်တို့ မှတ်မိနိုင်ပါတယ်”ဟု ကလေဗာရီက ပြောကြားခဲ့သည်။
အရည်ပျော်ကျလျက်ရှိသော ဆိုက်ဘေးရီးယားမှ ထွက်ပေါ်လာမည့် ရင်းမြစ်များကို တူးဖော်ခြင်းမှနေ၍ ရုရှားတို့ ရပ် တန့်စေရန်အတွက် နည်းလမ်းမရှိပါ။ ရုရှားတို့အနေဖြင့် သတိကြီးကြီးထားပြီး လုပ်ငန်းဆောင်ရွက်ဖို့ကိုသာ မျှော်လင့်ရမည် ဖြစ်သည်။ အလုပ်သမားများနှင့် သတ္တုတွင်းမြို့များတွင် နေထိုင်သူများ ရောဂါကူးစက်ခံရသည့် လက္ခဏာများ ရှိမရှိကို စောင့်ကြည့် စစ်ဆေးသင့်သည်။ ကမ္ဘာကြီးပူနွေးလာမှု အချို့ကို ယခုအချိန်တွင် ရှောင်လွှဲ၍မရနိုင် သော်လည်း ယင်းကို အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားရန် အားလုံးအနေဖြင့် ရင်းနှီးမြှုပ်နှံသင့်သည်။ နှစ်ပေါင်း ၅၀,၀၀၀ ကြာအောင် ရေခဲထဲတွင် ပိတ်လှောင်ခံထားရသည့် မည်သည့်အရာမဆို ထိုနေရာတွင် ရှိနေနိုင်သည်သာဖြစ်ပါ၏။
Ref: Bloomberg










