တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်း ခုနစ်ခု လက်မှတ်ရေးထိုး

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်း ခုနစ်ခု လက်မှတ်ရေးထိုး
Published 6 December 2022

တတိယအကြိမ် ရုရှား-မြန်မာအစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေး ကျင်းပခဲ့ပြီး စာချုပ်စာတမ်းခုနစ်ခု လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လာစေရန်ရည်ရွယ်၍ တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်းကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးကို  ဒီဇင်ဘာ ၅ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)တွင် ကျင်းပခဲ့သည်။

တတိယအကြိမ် ရုရှား-မြန်မာ အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကော်မရှင်အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားဘက်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး H.E.Mr.Maxim Reshetnikov တို့က အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ကော်မရှင်အစည်းအဝေးတွင် ရုရှား-မြန်မာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လက်ရှိအခြေအနေ၊ သဘောတူညီချက်များနှင့် ပြည်သူအချင်းချင်းဆက်ဆံရေး အားကောင်းခိုင်မာခြင်း၊ ကုန်သွယ်မှု၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်း၊ ဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းအစရှိသည့် ကဏ္ဍများတွင် နှစ်ဖက်သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တတိယအကြိမ်ကော်မရှင်အစည်းအဝေးတွင် ဆွေးနွေးသည့် ဆွေးနွေးချက်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သော ရုရှား-မြန်မာနှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ (Strategy for the Development of Russia-Myanmar Economic Cooperation) ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

ထို့နောက် စာချုပ်စာတမ်းများလက်မှတ်ရေးထိုးခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး စာချုပ်စာတမ်း ခုနစ်ခုတို့ကို နှစ်နိုင်ငံ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့က ဦးဆောင်၍ ရုရှား-မြန်မာစီပွား‌ရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးကို သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နှစ်နိုင်ငံစီးပွား‌ရေးလုပ်ငန်းရှင်များဖြင့် ကျင်းပခဲ့ကြသည်။

အစည်းအဝေး၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်သည် ရုရှား-မြန်မာနှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ကြောင်း၊ ယင်းအခမ်းအနားတွင်လည်း နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (MOU)များကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စီးပွားရေးမိတ်ဖက်ကောင်းများအဖြစ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မြှင့်တင်ခဲ့ကြောင်း၊ ယခုရုရှားကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှ ရရှိနိုင်မည့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို ကောင်းစွာနားလည် ရှုမြင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။

အဆိုပါစီးပွားရေးဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာကံဇော်၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးအောင်နိုင်ဦး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီး Mr.Maxim Reshetnikov နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ စီးပွားရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဆွေးနွေးပြောကြားသူ (panelist) များအဖြစ် တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

Most Read

Most Recent