တရုတ်နိုင်ငံအား ကမ္ဘာ့စူပါပါ၀ါအဖြစ် တက်လှမ်းနိုင်စေရန် လမ်းခင်းပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ကြီး ကျန်ဇီမင်း ကွယ်လွန်သွားကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။ ၎င်းကွယ်လွန်ချိန်တွင် အသက် ၉၆ နှစ်အရွယ်ရှိပြီဖြစ်သည်။
အာဏာရတရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဟောင်းနှင့် နိုင်ငံတော်သမ္မတဟောင်း ကျန်ဇီမင်းသည် သွေးကင်ဆာရောဂါနှင့် ကိုယ်တွင်းအင်္ဂါများ အလုပ်မလုပ်တော့သည့် ဆက်စပ်ရောဂါအခြေအနေတို့ကြောင့် ရှန်ဟိုင်းမြို့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီးသည်၊ သားနှစ်ဦးနှင့် မြေးနှစ်ဦးတို့ ကျန်ရစ်ခဲ့သည်။
အထူးသဖြင့် တရုတ်တွင် အကဲဆတ်သည့်အခြေအနေနှင့် ကြုံတွေ့နေရချိန်တွင် ကျန်ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ အတောမသတ်နိုင်သည့် ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် မကြာသေးမီရက်ပိုင်းက တရုတ်နိုင်ငံတစ်ဝန်း မကြုံစဖူး ဆန္ဒပြမှုများအရှိန်အဟုန်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး ရှန်ဟိုင်းတွင် ဆန္ဒပြသူအချို့က သမ္မတရှီကျင်းပင်ကို ရာထူးမှ ဆင်းပေးရန် တောင်းဆိုဆန္ဒပြခဲ့သည်။ တရုတ်တွင် ခေါင်းဆောင်ဟောင်းများ ကွယ်လွန်မှုအတွက် ဝမ်းနည်းပူဆွေးမှုကို ပြသရန် ပြည်သူများ လမ်းပေါ်ထွက်ခြင်းနှင့် လက်ရှိအစိုးရအပေါ် မကျေနပ်ချက်များကို ထုတ်ဖော်တတ်သည့် သမိုင်းကြောင်း ရှိနေသည်။
ကျန် ကွယ်လွန်ကြောင်း ကြေညာခဲ့ချိန်တွင် တရုတ်၏ အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားသော ဆိုရှယ်မီဒီယာပေါ်တွင် အတိတ်ကို အောက်မေ့တမ်းတမှုများ ကြီးထွားလာခဲ့ကာ ကွယ်လွန်သူခေါင်းဆောင်ဟောင်းအတွက် လွမ်းဆွတ်ကြေကွဲခြင်းနှင့် ပြင်ပကမ္ဘာနှင့် ပိုမိုလွတ်လပ်ပွင့်လင်းစွာ ပေါင်းကူးဆက်သွယ်နိုင်ခဲ့သည့် ကုန်လွန်ခဲ့သော ခေတ်တစ်ခေတ်ကို ပြန်တမ်းတခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ တရားဝင်ထုတ်ပြန်ချက်တွင် ကျန်အား ဂုဏ်သိက္ခာကြီးမားပြီး ထူးချွန်ထက်မြက်သည့် ခေါင်းဆောင်အဖြစ်သာမက စမ်းသပ်မှုများနှင့် စိန်ခေါ်မှုအမြောက်အမြားကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့သည့် ကွန်မြူနစ် ရဲဘော်တစ်ဦးအဖြစ် ဂုဏ်ပြုခဲ့သည်။
“၁၉၈၉ ခုနှစ် နွေဦးနဲ့ နွေရာသီကာလတွေက တရုတ်နိုင်ငံမှာ နိုင်ငံရေးမငြိမ်သက်မှုတွေ အပြင်းအထန်ဖြစ်ပွားခဲ့ချိန်က ရဲဘော် ကျန်ဇီမင်းဟာ ဆူပူအုံကြွမှုတွေကို ဆန့်ကျင်တွန်းလှန်ဖို့၊ ဆိုရှယ်လစ်နိုင်ငံတော်ရဲ့ အာဏာစက်နဲ့ ပြည်သူတွေရဲ့ အဓိကအကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ရှန်ဟိုင်းမြို့ရဲ့ တည်ငြိမ်မှုကို ထိထိရောက်ရောက် ထိန်းသိမ်းဖို့ဆိုတဲ့ ပါတီဗဟိုကော်မတီရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ထောက်ခံပြီး လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိသမ္မတ ရှီကျင်းပင်ကလည်း ကျန် ကွယ်လွန်သွားသည့်အတွက် တစ်နိုင်ငံလုံးက ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးရကြောင်းနှင့် ထိုကဲ့သို့ဝမ်းနည်းပူဆွေးမှုကို ခေတ်မီဆိုရှယ်လစ် တရုတ်နိုင်ငံတည်ဆောက်ရာတွင် ခွန်အားအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၈၉ ခုနှစ် ထျန်းအန်းမင်ရင်ပြင်အရေးအခင်း ဖြိုခွင်းမှုအပြီးတွင် အနောက်နိုင်ငံများ၏ ဖယ်ကြဉ်မှုကို ခံခဲ့ရပြီးနောက် တရုတ်အား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဝင်ဆံ့နိုင်အောင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သူအဖြစ် ကျန်းကို မကြာခဏ ချီးကျူးပြောဆိုလေ့ရှိသည်။
တရုတ်ထိပ်တန်းခေါင်းဆောင်အဖြစ် ၎င်းတာဝန်ယူခဲ့စဉ်ကာလအတွင်း ဟောင်ကောင်၏ အချုပ်အခြာအာဏာကို ပြန်လည်ပိုင်စိုးခွင့်ရခဲ့ခြင်း၊ ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့ခြင်းနှင့် အထင်ရှားဆုံး အောင်မြင်မှုအဖြစ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) သို့ ဝင်ရောက်နိုင်ခဲ့ခြင်းကဲ့သို့သော အောင်မြင်မှုများကို တရုတ်အနေဖြင့် ပိုင်ဆိုင်ခွင့်ရခဲ့သည်။
သို့ရာတွင် ကျန်၏အုပ်စိုးမှုအား အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာစေရန် အစပျိုးမှုအဖြစ် အကဲခတ်များက ရှုမြင်ကြသည်။
ကနဦးတွင် အသွင်ကူးပြောင်းရေးကို လိုလားသူအဖြစ် သတ်မှတ်ခံရသော အတော်အတန် လူသိနည်းသေးသည့် ကျန်သည် နိုင်ငံတစ်ဝန်း ဒီမိုကရေစီလှုပ်ရှားမှုများကို စစ်တပ်ဖြင့်နှိမ်နှင်းခဲ့သော သွေးမြေကျသည့် ဖြစ်ရပ်ဖြစ်ပွားပြီး ၁၉၈၉ ခုနှစ်တွင် ပါတီကိုဦးဆောင်ရန်အတွက် ထိုစဉ်က အဓိပတိခေါင်းဆောင်ကြီးဖြစ်သည့် တိန့်ရှောင်ဖိန်၏ ရွေးချယ်ခြင်းကို ခံခဲ့ရသည်။ ဆန္ဒပြသူများအပေါ် ကရုဏာသက်ခဲ့သည့် ပါတီအကြီးအကဲ ကျောက်ကျိယန်သည်လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ကျန်၏မူဝါဒများသည် စီးပွားရေးကဏ္ဍတွင် ဖြေလျှော့ပေးခြင်းနှင့် တစ်ကမ္ဘာလုံးနှင့် ပေါင်းကူးဆက်သွယ်မှုအပေါ် အဓိကထားသည့်အလျောက် လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းနှင့် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး တစ်ဖက်တွင်လည်း ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေးနှင့် သဘောတရားရေးရာတို့အပေါ် ကွန်မြူနစ်ပါတီက တင်းတင်းကျပ်ကျပ် ဆက်လက်ချုပ်ကိုင်ထားခဲ့သည်။
■ပါးနပ်လိမ္မာသော နိုင်ငံရေးခေါင်းဆောင်
တရုတ်၏အကြီးဆုံးမြို့ဖြစ်သော ရှန်ဟိုင်း၏ မြို့တော်ဝန်ဟောင်းနှင့် ပါတီအကြီးအကဲဟောင်းဖြစ်သည့် ကျန်သည် အများမျှော်လင့်ထားသည်ထက်ပင် လိမ္မာပါးနပ်သော နိုင်ငံရေးပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ၁၉၉၇ ခုနှစ်တွင် တိန့်ရှောင်ဖိန် ကွယ်လွန်ပြီးနောက်ပိုင်း နိုင်ငံရေးပြိုင်ဘက်အများအပြားကို အသာစီးယူကာ ပါတီနှင့် စစ်တပ်အပေါ်၌ အခိုင်အမာ သြဇာလွှမ်းမိုးနိုင်ခဲ့သည်။ ကျန်သည် ပါတီတွင်း၌လည်းကောင်း၊ အစိုးရအတွင်း၌လည်းကောင်း ၎င်း၏အမာခံ မဟာမိတ်များနှင့် လက်သပ်မွေးတပည့်များကို ရာထူးအပ်နှင်းခဲ့ပြီး ရှန်ဟိုင်းဂိုဏ်းဟု ပြောစမှတ်တွင်ခဲ့သည့် အင်အားစုကို ဦးဆောင်ခဲ့သည်။
ကျန်သည် ပွင့်လင်းပြီး ပြောင်းလွယ်ပြင်လွယ်ရှိသူဖြစ်သည့်အလျောက် အရင်းရှင်များအပါအဝင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များကို ကွန်မြူနစ်ပါတီထဲသို့ လက်ကမ်းကြိုဆိုခဲ့သည်။ ၎င်းပါတီခေါင်းဆောင်အဖြစ်မှ မထွက်ခွာမီ တစ်နှစ်အလို ၂၀၀၁ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်များကို ပါတီဝင်အဖြစ် တရားဝင်လက်ခံသွားမည်ဟု ကျန်က အတိအလင်းကြေညာခဲ့ကာ ယင်းသည် ပါတီကို ပြန်လည်အားသစ်လောင်းပြီး တရုတ်၏ အောင်မြင်ဖြစ်ထွန်းလာသည့် ပုဂ္ဂလိကကဏ္ဍကို မြှင့်တင်နိုင်ခဲ့သည့် အရေးပါသော ကြိုးပမ်းမှုတစ်ရပ်ဖြစ်ခဲ့သည်။
၂၀၀၂ ခုနှစ် နှောင်းပိုင်းတွင် ကျန်သည် ၎င်း၏အရိုက်အရာ ဆက်ခံသူဖြစ်သည့် ဟူကျင်တောင်ထံ ရာထူးနေရာ လွှဲပြောင်းမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး အဦးဆုံးအနေဖြင့် ပါတီခေါင်းဆောင်ရာထူးနှင့် ထို့နောက်တွင် သမ္မတရာထူးတို့ကို လွှဲပြောင်းပေးခဲ့သည်။ သို့ရာတွင် သူသည် ၂၀၀၅ ခုနှစ်အထိ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရာထူးကို ဆက်လက်ရယူထားခဲ့ကာ တရားဝင်အနားယူခဲ့ပြီးနောက်တွင်လည်း လက်ရှိသမ္မတ ရှီကျင်းပင်အား ခေါင်းဆောင်အဖြစ် ရွေးချယ်မှုအပါအဝင် သူ၏နိုင်ငံရေးသြဇာကို နောက်ကွယ်မှ ဆက်လက်ကျင့်သုံးခဲ့သည်။ ရှီသည် မကြာသေးမီကမှ မကြုံစဖူးအဖြစ် တတိယမြောက် ရာထူးသက်တမ်းကို ရယူခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီး မော်စီတုန်းနောက်ပိုင်း တရုတ်၏သြဇာအကြီးဆုံးခေါင်းဆောင် ဖြစ်လာခဲ့သည်။
■ရာထူးအဆင့်ဆင့်တက်လာခဲ့
၁၉၂၆ ခုနှစ်က တရုတ်နိုင်ငံအရှေ့ပိုင်း တွင် မွေးဖွားခဲ့ပြီး ရှန်ဟိုင်းတွင် ပညာသင်ကြားခဲ့ကာ လျှပ်စစ်အင်ဂျင်နီယာတစ်ဦး ဖြစ်သည့် ကျန်သည် ကောလိပ်တက်နေစဉ်၌ပင် ကွန်မြူနစ်ပါတီထဲသို့ ဝင်ရောက်ခဲ့သည်ဟု ယူဆရပြီး ၁၉၅၀ ပြည့်လွန်နှစ်များတွင် ဆိုဗီယက်ယူနီယံ၌ သွားရောက်ပညာသင်ကြားခဲ့သည်။ သူသည် ပါတီတွင်း၌ ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရပြီး ၁၉၈၃ တွင် လျှပ်စစ်ဝန်ကြီးဖြစ်လာခဲ့ကာ ထို့နောက်နှစ်နှစ်အကြာ၌ ရှန်ဟိုင်းမြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
မျက်မှန်ကိုင်းအနက် ထူထူကြီးကို တပ်ဆင်လေ့ရှိသည့် ကျန်သည် ဘာသာစကားနှင့် အနုပညာအရည်အသွေးများကို မြတ်နိုးတန် ဖိုးထားတတ်သူအဖြစ် ထင်ရှားခဲ့သည်။ သူသည် ပြည်ပမှ ဧည့်သည်တော်များ ရှေ့မှောက်တွင် အမေရိကန်သမ္မတ အေဘရာဟင်လင်ကွန်း၏ Gettyburg မိန့်ခွန်းကို အင်္ဂလိပ်လို ရွတ်ပြခဲ့ပြီး “O Sole Mio” သီချင်းကိုလည်း အီတာလျံဘာသာဖြင့် သီဆိုပြခဲ့သည်။
“လူတစ်ယောက်ဟာ ဘယ်အလုပ်အကိုင်နဲ့ပဲ အသက်မွေးသည်ဖြစ်စေ ကဗျာစာပေတွေ ဖတ်ရှုရတာကို ချစ်မြတ်နိုးတယ်၊ တေးဂီတတွေကို မွေ့လျော်တယ်ဆိုရင် အဲဒါက သူ့ရဲ့တိုးတက်မှုအတွက် အလွန်အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၁၉၉၇ ခုနှစ် မေလက CNN သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ကျန်က ပြောကြားခဲ့သည်။
ထို့အပြင် ၁၉၉၇ ခုနှစ်က တရုတ်သို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ ဘီလ်ကလင်တန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲကို နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသရန် ကျန်က ခွင့်ပြုခဲ့ပြီး အဆိုပါသတင်းစာ ရှင်းလင်းပွဲ၌ တရုတ်၏ လူ့အခွင့်အရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၎င်းသည် သမ္မတ ကလင်တန်နှင့် အချေအတင် စကားစစ်ထိုးခဲ့သည်။
“သူ သက်ရှိထင်ရှားရှိခဲ့တုန်းက သူ့ကို လျှော့တွက်ခဲ့ကြတယ်လို့ ယူဆမိတယ်။ ဟူနဲ့ ရှီတို့နဲ့စာရင် သူဟာ အလွန်ပွင့်လင်းဖော်ရွေပြီး အာပေါင်အာရင်းသန်သန် ပြောဆိုတတ်သူဖြစ်တယ်။ သူဟာ အာဏာရှင်ဆန်တဲ့ ကွန်မြူနစ်တစ်ဦးလိုမဟုတ်ဘဲ သာမန်ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလို ဖြစ်ချင်ခဲ့တဲ့ တရုတ်ခေါင်းဆောင် အနည်းငယ်ထဲက တစ်ယောက်ပါပဲ” ဟု တရုတ်အရေးလေ့လာသည့် အမေရိကန်ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ အောဗေးလ်စကဲလ်က သုံးသပ်ခဲ့သည်။
Ref:CNN










