တရုတ်၏ တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒနှင့် အရှိန်မြင့်လာသည့် ဆန္ဒပြမှုများ

တရုတ်၏ တင်းကျပ်သည့် ကိုဗစ်ကင်းစင်မူဝါဒနှင့် အရှိန်မြင့်လာသည့် ဆန္ဒပြမှုများ
Photo: AFP
Photo: AFP
Published 1 December 2022
Translated by - ရာဇ

လတ်တလောတွင် တရုတ်နိုင်ငံတစ်ဝန်း၌ အစိုးရ၏တင်းကျပ်သည့် ကိုဗစ်ကင်းစင် မူဝါဒကိုဆန့်ကျင်သည့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။

နေ့စဉ်နှင့်အမျှ ရောဂါစစ်ဆေးမှုခံယူရခြင်း၊ မကြာခဏ လော့ဒေါင်းချခံရခြင်း၊ ခရီးသွားလာခွင့် တားမြစ်ခံရခြင်းတို့သည် လူထု၏ဒေါသကို ပိုမိုမြင့်တက်စေခဲ့သည်။

လူထုအကြား အစိုးရ၏ ကပ်ရောဂါစီမံချက်များအပေါ် မကျေနပ်မှုများမြင့်တက်လာသည်နှင့်အမျှ တရုတ်၏ အထင်ကရ မြို့ကြီးများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး လော့ဒေါင်းများကို အဆုံးသတ်ရန်နှင့် နိုင်ငံရေးလွတ်လပ်ခွင့်များကို ပိုပေးရန် တောင်းဆိုမှုများ ဖြစ်ပွားလာခဲ့သည်။

တရုတ်တွင် အဆိုပါ ဆန္ဒပြမှုများသည် နေ့ချင်းညချင်း ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ဘဲ ယခုနှစ်အစောပိုင်းကတည်းက ကပ်ရောဂါနှင့် ဆက်နွှယ်သည့်ဆန္ဒပြမှုများ ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ယင်းဆန္ဒပြမှုများထဲမှ လူသိများသည့် ဆန္ဒပြမှုများကို လေ့လာဆန်း စစ်ကြည့်ရမည်ဆိုပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

 

ရှန်ဟိုင်း ဆန္ဒပြမှု

မတ်လကုန်ပိုင်းက ရှန်ဟိုင်းတွင် ကာလကြာရှည် လော့ဒေါင်းချမှတ်မှုသည် အစိုးရ၏ ကိုဗစ်စီမံချက်များကို ဆန့်ကျင်သည့် ဒေသခံများ၏ မကျေနပ်ချက်များကို သိသာစွာမြင် တွေ့နိုင်သည့် ပထမဆုံးဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။ ကပ်ရောဂါစီမံချက်များနှင့် အစားအစာ ပြတ်လပ်မှုများကြောင့် ရှန်ဟိုင်းဒေသခံများအကြား မကျေနပ်ချက်များမြင့်တက်ခဲ့ ကာ ဆန္ဒပြမှုများ ပြတ်တောင်းပြတ်တောင်း ဖြစ်ပွားခဲ့ပြီး ယင်းသည်တရုတ်၏ အချမ်းသာဆုံးမြို့ကြီးဖြစ်သည့် ရှန်ဟိုင်းတွင် မကြုံစဖူး ဆန္ဒပြမှုများဖြစ်ခဲ့သည်။

ဧပြီလအတွင်းက အစိုးရ၏ကပ်ရောဂါ စီမံချက်အပေးဒေသခံများ၏ မကျေနပ်ချက်များပါဝင်သည့် အသံဖိုင်များပါဝင်သည့် ခြောက်မိနစ်စာကြာမြင့်သည့် ဗီဒီယိုတစ်ခုသည် လူမှုကွန်ရက်တွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့သော်လည်း အာဏာပိုင်များက ယင်းဗီဒီယိုကို ဆင်ဆာဖြတ်ပစ်ခဲ့သည်။

 

ပီကင်းတက္ကသိုလ်ဝန်းအတွင်း ဆန္ဒပြမှု

မေလအတွင်းက ပေကျင်းမြို့တော်ရှိ နာမည်ကြီး ပီကင်းတက္ကသိုလ်၏ ပရဝုဏ်တစ်ခုအတွင်း ရာနှင့်ချီသည့် ကျောင်းသားများသည် အစိုးရ၏ ကပ်ရောဂါစီမံချက်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ယင်းတက္ကသိုလ်၏ ဝန်ထမ်းများကို ကျောင်းသားများထက် သွားလာလှုပ်ရှားခွင့်ပိုပေးထားသည့် အစိုးရ၏ စီမံချက်အပေါ် ဆန့်ကျင်သည့်အနေဖြင့် ကျောင်းသားများက စုရုံးဆန္ဒပြခဲ့ခြင်းဖြစ်သည်။ ထို့နောက် အာဏာပိုင်များသည် ကျောင်းသားများအပေါ် ချမှတ်ထားသည့် ကပ်ရောဂါဆိုင်ရာ တားမြစ်ကန့်သတ်ချက်အချို့ကို ဖြေလျှော့ပေးရန် သဘောတူခဲ့ပြီးနောက် ဆန္ဒပြမှုများ ငြိမ်သက်သွားခဲ့သည်။

 

ဟီနန်ဘဏ် ဆန္ဒပြမှု

ဟီနန်ပြည်နယ်ရှိ ကျေးလက်ဒေသမှ ဘဏ်များသည် အပ်နှံငွေများကို ထုတ်ယူခွင့် ပိတ်ပင်ခဲ့သဖြင့် မေလမှ ဇူလိုင်လအထိ ရာနှင့်ချီသည့် ဘဏ်ငွေအပ်နှံသူများသည် ဟီနန်ပြည်နယ်၏ မြို့တော်ကျန်ကျိုးတွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ 

ဆန္ဒပြသူအချို့၏ ပြောကြားချက်အရ ၎င်းင်းတို့၏ COVID-19 ကျန်းမာရေးဆိုင်ရာ သတ်မှတ်ဖော်ပြချက်များသည် ကျန်ကျိုးမြို့ တော်သို့ရောက်ရှိချိန်တွင် ခရီးသွားလာခွင့် ကိုပိတ်ပင်သည့် အနီရောင်အဆင့် သတ်မှတ်ချက်ကို ပြောင်းလဲသွားခဲ့ပြီး အရာရှိများသည် ကပ်ရောဂါဆိုင်ရာ စီမံချက်များကို အလွဲသုံး စားပြုလုပ်ပြီး ဆန္ဒပြမှုများကို ဟန့်တားရန် ကြိုးပမ်းခဲ့သည်ဟု သိရသည်။

 

တိဘက် ဆန္ဒပြမှု

အောက်တိုဘာလက လုံခြုံရေးတင်းကျပ်စွာချထားသည့် တိဘက်ဒေသ၏ မြို့ တော်လာဆာတွင် မကြုံစဖူး ဆန္ဒပြမှုတစ်ခု ဖြစ်ပွားခဲ့သည်။ လာဆာတွင် သုံးလကြာတင်းကျပ်သည့် လော့ဒေါင်းချမှတ်ထားမှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုမှတ်တမ်းများအရ ရာနှင့်ချီသည့် ဆန္ဒပြသူများ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများသည် လမ်းများပေါ်တွင် ချီတက် ဆန္ဒပြခဲ့ကာ ၎င်းတို့၏နေရပ်ကို ပြန်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့ပြင် ဆန္ဒပြမှုများသည် တိဘက်ဒေသ၏ ပြည်ပြေးအတိုက်အခံခေါင်းဆောင်ဖြစ်သည့် ဒလိုင်းလားမား၏ စံအိမ်ဖြစ်သည့် ပိုတာလာ နန်းတော်အနီးတွင်လည်း ဖြစ်ပွားခဲ့သည်။

 

ပေကျင်းတံတားပေါ်မှ ဆန္ဒပြမှု

တရုတ်ကွန်မြူနစ်ပါတီ၏ ညီလာခံမကျင်းပမီ ရက်ပိုင်းအလိုဖြစ်သည့် အောက်တိုဘာလထဲမှာပင်  ဆန္ဒပြသူတစ်ဦးသည် ပေ ကျင်းမြို့တော်၏ တံတားတစ်စင်းပေါ်တွင် ကွန်မြူနစ်ပါတီ၏ မူဝါဒများကို ဝေဖန်ရေးသားထားသည့်ဆောင်ပုဒ်များပါရှိသည့် စာတန်းနှစ်ခုကို ချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြသည်။

“ကိုဗစ် စစ်ဆေးမှုများ အလိုမရှိ၊ စားဝတ်နေရေးအတွက် ပိုက်ဆံရှာချင်သည်”၊ “ယဉ်ကျေးမှုတော်လှန်ရေးအလိုမရှိ၊ ပြုပြင် ပြောင်းလဲရေးကို အလိုရှိသည်”၊ “လော့ဒေါင်းတွေအလိုမရှိ၊ လွတ်လပ်မှုကိုသာ လိုချင်သည်”၊ “ခေါင်းဆောင်များအလိုမရှိ၊ မဲပေးချင်သည်”၊ “အလိမ်အညာများအလိုမရှိ၊ ဂုဏ်သိက္ခာကိုသာ အလိုရှိသည်”၊ “ကျွနု်ပ်သည် ကျွန်မဟုတ်၊ ကျွနု်ပ်သည် နိုင်ငံသားတစ်ယောက်ဖြစ်ချင်သည်”ဟူသည့် စာသားများကို စာတန်းတစ်ခုတွင် ရေးသားထားသည်။

အခြားစာတန်းတစ်ခုတွင်မူ တရုတ်ပြည်သူများအနေဖြင့် ဆန္ဒပြကြရန်နှင့် သမ္မတ ရှီကျင်းပင်ကို ရာထူးမှ ဖယ်ရှားရန် တောင်းဆို ထားသည့်စာသားများ ရေးသားထားသည်။

 

ကွမ်ကျိုး အဓိကရုဏ်း

နိုဝင်ဘာလတွင်မူ တရုတ်နိုင်ငံတောင်ပိုင်းရှိ အထင်ကရမြို့ကြီးဖြစ်ဖြစ်သည့် ကွမ်ကျိုးတွင် ရောဂါကူးစက်မှုများမြင့်တက်ခဲ့သဖြင့် လော့ဒေါင်းကို သက်တမ်းတိုးခဲ့ပြီးနောက် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား အဓိကရုဏ်းဖြစ်ပွားခဲ့သည်။

လူမှုကွန်ရက်များပေါ်တွင် ပျံ့နှံ့ခဲ့ပြီး အေအက်ဖ်ပီသတင်းဌာနက အတည်ပြုနိုင်ခဲ့သည့် ဗီဒီယိုဖိုင်များထဲတွင် ရာနှင့်ချီသည့် ဆန္ဒပြသူများသည် လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူအချို့သည် လော့ဒေါင်းချထားသည့်နေရာများတွင် တားမြစ်ပိတ်ပင်ထားသည့်အတားအဆီးများကို ချိုးဖျက်ခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံတွင် ဆန္ဒပြမှု

နိုဝင်ဘာလထဲမှာပင် ဟီနန်ပြည်နယ် ကျန်ကျိုးမြို့ရှိ ကမ္ဘာ့အကြီးဆုံး iPhone ထုတ်လုပ်သည့် စက်ရုံတွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။ ထိုင်ဝမ်နည်းပညာကုမ္ပဏီ Foxconn က ပိုင်ဆိုင်သည့် ယင်းစက်ရုံတွင် ရာနှင့်ချီသည့် စက်ရုံဝန်ထမ်းများသည် လုပ်ခလစာငွေနှင့် လုပ်ငန်းခွင်အခြေအနေတို့နှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြသူအချို့သည် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။ ရက်ပိုင်းအကြာတွင် Foxconn ကုမ္ပဏီက ဆန္ဒပြမှုများကို ငြိမ်သက်စေရန် အပိုဆုကြေးငွေများနှင့် ခွင့်ရက်များကို ကမ်းလှမ်းပြီး ဝန်ထမ်းများနှင့် ကျေအေးခဲ့သည်။ ယင်းစက်ရုံတွင် ဝန်ထမ်းပေါင်း ၂၀၀၀၀၀ ကျော်သည် အောက်တိုဘာလကတည်းက လော့ဒေါင်း ချခံခဲ့ရသည်။

 

ရှင်ကျန်း ဆန္ဒပြမှု

နိုဝင်ဘာလကုန်ပိုင်းကလည်း ရှင်ကျန်းဒေသ၏မြို့တော် အူရွမ်ကီတွင်လည်း ရာနှင့်ချီသည့် ဆန္ဒပြသူများသည် လမ်းများပေါ် ထွက်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သည့်သုံးလကတည်းက ဒေသအတွင်း လော့ဒေါင်းချထားသည့် အစိုးရ၏ စီမံချက်များကို အဆုံးသတ်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည့် ဗီဒီယိုဖိုင်မားသည်လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့ခဲ့သည်။

အထက်ဖော်ပြပါဖြစ်စဉ်များသည် လက်ရှိတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ လုံခြုံရေးတင်းကျပ်စွာ ချထားသည့် အထင်ကရမြို့ကြီး များတွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုများ၏အဓိ ကစေ့ဆော်မှုများဖြစ်သည်ဟု ယူဆနိုင်သည်။ တရုတ်အာဏာပိုင်များကမူ ဆန္ဒပြမှုများကို တင်းကျပ်စွာကိုင်တွယ်မည်ဟု အရိပ်အမြွက် ပြောကြားထားသည်။

ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် ၎င်း၏ အထိအခိုက်မခံသည့် ကိုဗစ်ကင်းစင်မူဝါဒကို ဖြေလျှော့မည်လော သို့မဟုတ် ဆန္ဒပြမှုများကို တင်းကျပ်စွာဖြိုခွင်းမည်လောဆို သည့်အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်သည်။

Ref: AFP

Most Read

Most Recent