ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သည့် အန်ဝါအီဘရာဟင်သည် ခဲရာခဲဆစ်စိန်ခေါ်မှုများကို ကျော်လွှားကာ မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ဖြစ်လာခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံရေးသဘောထားကွဲလွဲမှုများ နက်ရှိုှုင်းစွာဖြစ်ပေါ်နေကာ တစ်နိုင်ငံလုံးက စောင့်ကြည့်နေချိန်၌ ၎င်း၏ ပြိုင်ဘက်ဟောင်းများနှင့် ညီညွတ်ရေးအစိုးရ တစ်ရပ် ဖွဲ့စည်းရေးသည် ၎င်း၏နိုင်ငံရေးဇွဲသတ္တိကို စမ်းသပ်မှု ဖြစ်လာပေလိမ့်မည်။
နိုင်ငံ၏ ၁၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ၂၄ နာရီမပြည့်မီ၌ပင် ၎င်း၏အလုပ်တာဝန်များကို စတင်ထမ်းဆောင်နေပြီဖြစ်သည့် အသက် ၇၅ နှစ်အရွယ် အန်ဝါအတွက် ပျားရည်ဆမ်းကာလဟူ၍ မရှိပေ။
ရာထူးတာဝန်များကို စတင်ထမ်းဆောင်ရန်အတွက် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် မလေးရှားအစိုးရ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်သော ပူထရာဂျာယာသို့ အန်ဝါ ရောက်ရှိလာပုံကို နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။ ၎င်းအတွက် အဦးဆုံးစိန်ခေါ်မှုမှာ အစိုးရအဖွဲ့ဖွဲ့စည်းရေးနှင့် အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသည့် ၎င်း၏အစိုးရအဖွဲ့ဝင်များ စိတ်ကျေနပ်အောင် ရာထူးဌာနများ ခွဲဝေပေးရန်ပင်ဖြစ်သည်။
၎င်း၏အစိုးရအဖွဲ့သည် ပုံမှန်ထက် ဖောင်းပွလွန်းနေသည့် ယခင်အစိုးရနှင့် နှိုင်းယှဉ်လျှင် ပို၍ကျစ်ကျစ်လျစ်လျစ် ရှိလိမ့်မည်ဟု အန်ဝါက ကတိပြုထားပြီး တိုင်းပြည်စီးပွားရေး ကျဆင်းနေချိန်၌ ၎င်း၏ဝန်ကြီးချုပ်လစာကို ရယူမည်မဟုတ်ဟုလည်း ပြောကြားခဲ့ကာ အစိုးရဝန်ကြီးများကိုလည်း လစာလျှော့ယူရန် ပန်ကြားမည်ဟု ဆိုသည်။
“အခုအချိန်မှာ ကျွန်တော်ဦးစားပေး ကိုင်တွယ်သွားမယ့် ကိစ္စရပ်က လူနေမှုစရိတ်ပဲဖြစ်တယ်” ဟု အန်ဝါက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ကုန်စျေးနှုန်းမြင့်တက်မှု၊ ဆယ်စုနှစ်နှစ်ခုကျော်အတွင်း နိုင်ငံသုံးငွေကြေးတန်ဖိုး အနိမ့်ဆုံးသို့ ကျဆင်းနေမှုနှင့် လာမည့်နှစ်တွင် စီးပွားရေးတုံ့ဆိုင်းမှု ဖြစ်ပေါ်ဖွယ်ရှိသော အခြေအနေကြားတွင် လုပ်ခလစာတိုးတက်မှု မရှိသည့် ပြဿနာတို့ကြောင့် ရုန်းကန်နေရသည့် ပြည်သူများကို ကူညီကယ်တင်ရန် နည်းလမ်းများကို အလျင်အမြန်ရှာဖွေသွားမည်ဟု အန်ဝါက ကတိပြုထားသည်။
အန်ဝါ၏ ပါကာတန်ဟာရာပန် (မျှော်လင့်ချက်မဟာမိတ်) ပါတီသည် နိုဝင်ဘာ ၁၉ ရက် အထွေထွေရွေးကောက်ပွဲ၌ လွှတ်တော်အမတ်နေရာ ၂၂၂ နေရာအနက် ၈၂ နေရာကို အနိုင်ရရှိခဲ့သည်။ ထို့နောက်တွင် လွှတ်တော်တွင်း နေရာအများစုကို ထိန်းချုပ်နိုင်ရန်အတွက် ၎င်းသည် အဓိကပြိုင်ဘက်အစုအဖွဲ့ နှစ်ခုဖြစ်သော ကာလရှည် အာဏာရယူခဲ့သည့် အမျိုးသားတပ်ဦး၊ ဆာရာဝပ်မဟာမိတ်ပါတီများပါတီတို့နှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။ အမျိုးသားတပ်ဦးညွန့်ပေါင်းသည် လွှတ်တော်၌ အမတ်နေရာ ၃၀ ရရှိခဲ့ပြီး ဆာရာဝပ်မဟာမိတ်ပါတီများ ပါတီကအမတ်နေရာ ၂၃ နေရာရရှိခဲ့သည်။ အခြားပါတီငယ်များသည်လည်း ၎င်းနှင့်အတူ ပူးပေါင်းမည်ဟု ကြေညာထားသည်။
ဝန်ကြီးချုပ်ဟောင်း မူယစ်ဒင်ယက်ဆင်၏ မလေးဗဟိုပြု အမျိုးသားမဟာမိတ်ပါတီသည်လည်း အမတ်နေရာ ၇၃ နေရာကို မမျှော်လင့်ဘဲ ရရှိခဲ့ပြီး ၎င်း၏သဘောထား တင်းမာသော မဟာမိတ်ပါတီဖြစ်သည့် Pan-Malaysian Islamic ပါတီသည်လည်း အမတ်နေရာ ၄၉ နေရာရရှိခဲ့ကာ တစ်ပါတီတည်းက အမတ်နေရာအများဆုံး ရရှိခဲ့သည့်ပါတီဖြစ်လာခဲ့ပြီး ရှေးရိုးစွဲ အစ္စလာမ်အယူဝါဒ ထွန်းကားလာသည့် အခြေအနေကို ညွှန်ပြလျက်ရှိသည်။
နိုင်ငံရေးပြိုင်ဘက်များ၏ ထောက်ခံမှုကိုရရှိခဲ့သည့် အန်ဝါ၏အောင်ပွဲသည် မလေးရှားနိုင်ငံ၏ ဒီမိုကရေစီအတွက် ခေတ်သစ်တစ်ခု၏ ရှေ့ပြေးနိမိတ်ဖြစ်ကာ နောက်ထပ်အရေးပါသည့် အခိုက်အတန့်ဖြစ်သည်ဟု မလေးရှားနိုင်ငံရှိ University of Science မှ နိုင်ငံရေးလေ့လာသုံးသပ်သူ အာမက်ဖာဇီအဗ္ဗဒူဟာမစ်က ဆိုသည်။
တိုင်းပြည်အာဏာကို နှစ်ပေါင်း ၆၀ ကြာ ဆုပ်ကိုင်ခဲ့သည့် အမျိုးသားတပ်ဦး ညွန့်ပေါင်းအုပ်စု၏ အုပ်စိုးမှုကို အဆုံးသတ်ကာ ၁၉၅၇ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအစိုးရအပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့သည့် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အန်ဝါ၏မဟာမိတ်အုပ်စုက အံ့အားသင့်ဖွယ် အောင်ပွဲခံနိုင်ခဲ့သည်။ သို့သော်ငြားလည်း ညွန့်ပေါင်းအစိုးရအဖွဲ့တွင်း အာဏာလွန်ဆွဲအားပြိုင်မှုများကြောင့် အစိုးရသစ်ပြိုကွဲသွားခဲ့ပြီး ကသောင်းကနင်းအခြေအနေသို့ ဆိုက်ရောက်ခဲ့ကာ လေးနှစ်အတွင်း ဝန်ကြီးချုပ်သုံးဦးအထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။ ထိုစဉ်အတောအတွင်း အန်ဝါသည်လည်း ဓမ္မတာနှင့်ဆန့်ကျင်၍ ကာမဆက်ဆံမှုဖြင့် ထောင်ဒဏ်ကျခံနေခဲ့ရသည်။
မကြာသေးမီက ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ခံရပြီးနောက် အန်ဝါသည် အားလုံးနှင့် သင့်မြတ်စွာ နေထိုင်လိုသည့် သဘောထားကို အလေးအနက်ပြသခဲ့ပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ အကျင့်ပျက်ခြစားမှု ကင်းစင်ရေးနှင့် မလေးရှားသည် မလေးရှားပြည်သူအားလုံးကို လွှမ်းခြုံကိုယ်စားပြုသည်ဟူသော အခြေခံစည်းမျဉ်းများကို လိုက်နာမည်ဆိုပါက ၎င်း၏အစိုးရအဖွဲ့သည် နိုင်ငံရေးပါတီအားလုံးကို လက်ကမ်းကြိုဆိုသွားမည်ဟု ပြောဆိုထားသည်။
အန်ဝါအနေဖြင့် သန့်ရှင်းသောအစိုးရတစ်ရပ်ဖြစ်အောင် လုပ်ဆောင်ကာ နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်နေသည့် လူမျိုးရေးနှင့် ဘာသာရေးအရ ကွဲလွဲမှုများကို ကုစားပေးမည်ဟူသော မဲဆွယ်စည်းရုံးစဉ်က ကတိများကို ဖော်ဆောင်ရန် ပြင်ဆင်နေခိုက် သူ၏ အစိုးရဖွဲ့စည်းရေး လုပ်ဆောင်ချက်များသည် ရှေ့ဆက်သွားမည့် မူဝါဒများကို ပိုမိုပီပြင်ထင်ရှားစေမည်ဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။ ထောက်ခံမှု ရရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုစွဲချက်များနှင့် ရင်ဆိုင်နေရသည့် အမျိုးသားတပ်ဦးညွန့်ပေါင်းအုပ်စုမှ ခေါင်းဆောင်အချို့ကို သက်ညှာခွင့်ပေးလာနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိနေပြီး ယင်းသည် အန်ဝါ၏ ခြစားမှုတိုက်ဖျက်ရေးလမ်းစဉ်အတွက် စမ်းသပ်မှုဖြစ်လာပေလိမ့်မည်။
ဌာနေမွတ်စလင်တစ်ဦးဖြစ်သည့် အန်ဝါသည် ၎င်းအား လစ်ဘရယ်ဆန်လွန်းသည်ဟု ရှုမြင်ကာ အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် မူယစ်ဒင်ယက်ဆင်၏ လက်ယာဝါဒီညွန့်ပေါင်းအုပ်စုကို မဲပေးခဲ့သည့် ရှေးရိုးစွဲမလေးလူမျိုးများ၏ ယုံကြည်မှုကို ရရှိရန်လည်း လိုအပ်နေသည်။ မလေးရှားနိုင်ငံ၏လူဦးရေ ၃၃ သန်းအနက် သုံးပုံနှစ်ပုံမှာ မလေးလူမျိုးများဖြစ်ပြီး ဌာနေတရုတ်လူမျိုးများနှင့် အိန္ဒိယလူမျိုးအနည်းစုလည်း နေထိုင်လျက်ရှိသည်။
ထိုအခြေအနေတွင် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေးနှင့် အိမ်ရာများတွင် မလေးလူမျိုးများကို အထူးအခွင့်အရေးပေးထားသည့် ဆယ်စုနှစ်များနှင့်ချီကာ ကျင့်သုံးခဲ့သည့် မူဝါဒကို ပြင်ဆင်အစားထိုးခြင်းကဲ့သို့သော အန်ဝါ၏ရည်မှန်းချက်များသည် အလွန်ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာနိုင်သည်။
မလေးလူမျိုးများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များတွင် ပါဝင်သော ရပိုင်ခွင့်များကို ရရှိခံစားနိုင်မည်ဖြစ်သကဲ့သို့ အစ္စလာမ်ဘာသာကိုလည်း နိုင်ငံတော်ဘာသာအဖြစ် ကာကွယ်စောင့်ရှောက်သွားမည်ဟု အန်ဝါက ကတိပြုထားသည်။ သို့သော် တိုင်းပြည်စည်းလုံးညီညွတ်ရေးအတွက် အခြားလူမျိုးများကိုလည်း ပစ်ပယ်ထားမည်မဟုတ်ကြောင်း ၎င်းက အလေးအနက်ပြောကြားခဲ့သည်။
“လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ လူမျိုးရေးအရ ကွဲလွဲမှုတွေရှိနေခဲ့ပါတယ်။ အန်ဝါအနေနဲ့ အဲဒီပြဿနာကို ကိုင်တွယ်ဖို့ သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းတစ်ခုကို စဉ်းစားရပါလိမ့်မယ်။ ဒါပေမဲ့လည်း သူ့အနေနဲ့ အဲဒီပြဿနာချုပ်ငြိမ်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယူဆနေရင်တော့ မဖြစ်နိုင်တဲ့အရာကို မျှော်လင့်သလို ဖြစ်နေပါလိမ့်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ အာမက်ဖာဇီက ပြောကြားသည်။
ညွန့်ပေါင်းအုပ်စုငယ်များ၏ ထောက်ခံမှုကို ရရှိခဲ့ပြီးနောက်တွင် ညီညွတ်ရေးအစိုးရ ဖွဲ့စည်းခွင့်ရရှိခဲ့သည့် အန်ဝါအနေဖြင့် အထွေထွေရွေးကောက်ပွဲအပြီးတွင် ပိုမိုနက်ရှိုင်းလာသည့် လူမျိုးရေးအရ ကွဲလွဲမှုများကို ရင်ကြားစေ့ရန်နှင့် ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်မှု၊ နိုင်ငံသုံးငွေကြေးတန်ဖိုး အနိမ့်ဆုံးသို့ ကျဆင်းလာသည့် အခြေအနေတို့ကြောင့် ရုန်းကန်နေရသည့် တိုင်းပြည်စီးပွားရေးကို နာလန်ပြန်ထူလာအောင် လုပ်ဆောင်ရန်ကဲ့သို့သော ကြီးလေးသည့် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ရမည်ဖြစ်သည်။
အန်ဝါသည် ယခင်က အာဏာရပါတီ ဖြစ်သည့် မလေးအမျိုးသားညီညွတ်ရေးအဖွဲ့ (UMNO) ပါတီဝင်မဖြစ်မီက တက်ကြွသည့် လူငယ်ခေါင်းဆောင်အဖြစ် အစ္စလာမ္မစ် လူငယ်လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့သည်။ သူသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် တစ်ဟုန်ထိုး အောင်မြင်ထင်ရှားလာခဲ့ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ရာထူးတို့ကို ပူးတွဲတာဝန်ယူခဲ့သည်။ ထို့ပြင်ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သည့် မဟာသီယာမိုဟာမက်၏ လက်သပ်မွေးခြင်းကိုလည်း ခံခဲ့ရသည်။ သို့သော် အာရှစီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မဟာသီယာနှင့် အန်ဝါတို့ ခါးခါးသီးသီး သဘောထားကွဲလွဲခဲ့ပြီးနောက် ၁၉၉၈ ခုနှစ် စက်တင်ဘာလတွင် အန်ဝါရာထူးမှ ဖယ်ရှားခံခဲ့ရပြီး အကျင့်ပျက်ခြစားမှု၊ ဓမ္မတာနှင့် ဆန့်ကျင်၍ ကာမဆက်ဆံမှုတို့ဖြင့် ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။ အဆိုပါလုပ်ရပ်အပေါ် ကျေနပ်မှုမရှိသည့် သောင်းနှင့်ချီသော ပြည်သူများက လမ်းပေါ်ထွက်ဆန္ဒပြခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အန်ဝါအနေဖြင့် အတက်အကျများခဲ့သည့် ၎င်း၏နိုင်ငံရေးခရီးရှည်ကို အဆုံးသတ်နိုင်ခဲ့ပြီး မလေးရှားနိုင်ငံ၏ ၁၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီဖြစ်ကာ အဓိကနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာခဲ့သော ၎င်း၏ပြုပြင်ပြောင်းလဲရေး အင်အားစုသည်လည်း ဒုတိယမြောက်အောင်ပွဲကို ရယူပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။
Ref:AP










