ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး၊ နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်စျေးဖြင့် တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရန် ဗဟိုဘဏ်ထုတ်ပြန်

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက်လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး၊ နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်စျေးဖြင့် တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရန် ဗဟိုဘဏ်ထုတ်ပြန်
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်နေရာကို တွေ့ရစဉ်
Published 27 November 2022

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီး သုံးမြို့အကြား နှစ်ဖက် လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရေး နှစ်နိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်များ သဘောတူညီချက် လက်မှတ်ရေးထိုး

ရန်ကုန်မြို့နှင့် ရုရှားနိုင်ငံရှိ မြို့ကြီးသုံးမြို့အကြား နှစ်ဖက် လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားနိုင်ငံမြို့ပြလေကြောင်း အာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Vitaly Saveliev ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာဖိုရမ်နှင့် Transport Week 2022 ပြပွဲသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်အတွင်း အထက်ပါသဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 

ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ ရောက်ရှိစဉ်အတွင်း နိုဝင်ဘာ ၁၆ ရက်တွင် မီးရထားစက်ခေါင်း၊ တွဲများနှင့်ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုအရည်အသွေး စစ်ဆေးခြင်းဆိုင်ရာ ဆွေးနွေးပွဲ၊ မောင်းသူမဲ့ လေယာဉ်များကို မြို့တွင်းသယ်ယူပို့ဆောင်ရေးတွင် အသုံးပြုခြင်းဆိုင်ရာ ဆွေးနွေးပွဲများကို တက်ရောက်ခဲ့ပြီး ရန်ကုန်-ဗလာဒီဗော့စတော့၊ ရန်ကုန်- နိုဗိုစီဗစ်၊ ရန်ကုန်- ကရာနိုရက်စ်နှစ်ဖက်လေကြောင်း ခရီးစဉ်များ ပျံသန်းနိုင်ရေး မြန်မာနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြို့ပြလေကြောင်း အာဏာပိုင်များအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Igor Petro vich Chalik နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၁၇ ရက် တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုစုံညီဆွေးနွေးပွဲ (International Transport Cooperation in 2022)သို့ တက်ရောက်ခဲ့ပြီး Transport Week ကာလအတွင်း ခင်းကျင်းပြသထားသော ပြခန်းများကိုလှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့အတူ နှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနများအကြား တွေ့ဆုံမှုအစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံဘက်က ရထားပို့ဆောင်ရေးဆိုင်ရာ တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ကဏ္ဍများတွင် အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ပညာရှင်များနှင့်  ပုဂ္ဂလိကလုပ်ငန်းကုမ္ပဏီများစွာရှိသဖြင့် မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အကူအညီများ ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်က ရန်ကုန်မြို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ မြို့ကြီး သုံးမြို့တို့အကြား လေယာဉ်ခရီးစဉ် များပြေးဆွဲရေးကို အထောက်အကူ ပြုနိုင်ရန်အတွက် နှစ်နိုင်ငံမြို့ပြလေကြောင်း အာဏာပိုင်များအကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Myanmar Airway International (MAI) ကလည်း နှစ်နိုင်ငံအကြား ခရီးစဉ်များကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲရန် အဆိုပြုလွှာတင်ပြထားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရထားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းရေးကိစ္စ ရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စုံညီဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ဒေသတွင်းအချက်အချာကျသည့်နေရာတွင် တည်ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ခွင့်ပြုပေးနိုင်သည့် လုပ်ငန်း၊ နယ်ပယ် အများအပြားရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာ ရထားလမ်း ကွန်ရက်အောက်တွင် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် မီးရထား လမ်းပိုင်းများ ချိတ်ဆက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကားလမ်းကွန်ရက်ဆက်သွယ်မှုအတွက် အာရှလမ်းမကြီး၊ အာဆီယံလမ်းမကြီး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ လမ်းမကြီးတို့ကို ဖော်ဆောင်လျက်ရှိကြောင်း၊ တစ်ဆက်တည်းတွင် အာဆီယံ၊ ဘင်းမ်စတက်နှင့် ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်စည် နှင့်ခရီးသည်များ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်များအား နှစ်နိုင်ငံအကြား လွယ်ကူချောမွေ့စေရေးနှင့် တစ်ပြေးညီဖြစ်စေရေး၊ ဘက်စုံပို့ဆောင်မှု မြှင့်တင်အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံနှင့် ရုရှား ဆက်သွယ်နိုင်ရေးအတွက် မြောက်-တောင် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးစင်္ကြံ (North-South Transport Cooridor) ဖော်ဆောင်ရန် လိုအပ်ကြောင်း၊ စွမ်းရည်ရှိသော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်က ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရင်းနှီးကျွမ်းဝင်သော ဆက်ဆံမှုကို ပေးစွမ်းနိုင်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။              

နိုဝင်ဘာ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့် Transport Week သို့ နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ကိုယ်စားလှယ် ၁၆၀ ခန့်နှင့် ရုရှားနိုင်ငံမှ တာဝန်ရှိသူများ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်း/အဖွဲ့အစည်းများနှင့် လေ့လာသူများ စုစုပေါင်း ၁၄၀၀ ခန့်တက်ရောက်ခဲ့ပြီး ရုရှား-မြန်မာ နှစ်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှု အပါအဝင် ကုန်းလမ်း၊ ရေကြောင်း၊ လေကြောင်းကဏ္ဍများပူးပေါင်း ဆောင်ရွက်ရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရပြီး ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်စျေးဖြင့် တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ် ထုတ်ပြန်

နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ရငွေကို ဒေါ်လာအပြင် ယွမ်/ဘတ် တို့ဖြင့် ပေးချေခွင့်ပြုပြီး အဆိုပါပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်စျေးဖြင့် တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

နိုင်ငံခြားသုံးငွေကြီး (FESC) အစည်းအဝေးမှတ်စဉ်(၆၆/၂၀၂၂) ဆုံးဖြတ်ချက် အပိုဒ် ၁(ဋ္ဌ)တွင် “ပြည်ပသို့ နယ်စပ်မှတင်ပို့သည့် အောက်ပါ ပစ္စည်းများ၏ ပို့ကုန်ရငွေနှင့်စပ်လျဉ်း ၍ အဆိုပါရငွေသည် ဒေါ်လာနှင့်ပေးချေရန် ခက်ခဲနေသည့် ကုန်ပစ္စည်းများအတွက် ဖြစ်ပါက ယွမ်နှင့်ဖြစ်စေ၊ ဘတ်နှင့်ဖြစ်စေ၊ ပေးချေရန်နှင့် အဆိုပါပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဒေါ်လာဖြင့် တွက်ချက်၍ ညီမျှသော ပမာဏကို  ဗဟိုဘဏ်၏ သတ်မှတ် စျေးနှုန်းဖြင့် အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့်လဲလှယ် ဝယ်ယူရန်နှင့် ကျန် ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် ရက် ၃၀ အတွင်း မိမိကိုယ်တိုင်အတွက် လွတ်လပ်စွာ သုံးစွဲခြင်း၊ အခြားသူသို့ လွှဲပြောင်းခြင်း ၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းကို ဆောင်ရွက်ရန်ဖြစ်သည်။

ယင်းကုန်စည်များမှာ ပဲမျိုးစုံ (မတ်ပဲ၊ ပဲ တီစိမ်း၊ ပဲစင်းငုံ၊ကုလားပဲ)၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း)၊ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငါးမျိုးစုံ (ပုစွန်၊ ကဏန်း၊ ငါးရှဉ့်)၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်း(ကျွဲအရှင်၊ နွား အရှင်၊ ဆိတ်အရှင်၊ ကျွဲသားရေ၊ နွား သားရေ၊ ဆိတ်သားရေ၊ အေးခဲသား နှင့် အသားခြောက်) တို့ဖြစ်သည်။

ထို့ပြင် ပြည်ပသို့ နယ်စပ်မှ တင်ပို့သည့် ပစ္စည်းများအတွက် တရုတ်ယွမ်၊ ထိုင်းဘတ်နှင့်ရရှိသည့် ပို့ကုန်ရငွေများအနက် ၃၅ ရာခိုင်နှုန်း မှာ လွတ်လပ်စွာရောင်းချနိုင်ပြီး ၆၅ ရာခိုင်နှုန်းကို USD Convert ပြုလုပ် ပြီး FESC သို့ တင်ပြရန်၊ ၆၅ ရာခိုင်နှုန်းအတွက် တရုတ်ယွမ်နှင့် ထိုင်းဘတ်ကို ကျပ်ငွေပြောင်းလဲရာတွင် ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် တင်ပို့သူအား ပေးချေရန် ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ရာ FESC ၏အစည်း အဝေးဆုံးဖြတ်ချက်အရ နိုင်ငံခြား သုံးငွေရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ အနေဖြင့် နယ်စပ်တွင် အထက်ပါ ကုန်စည်များအား တင်ပို့ခြင်းမှရရှိ သည့် ပို့ကုန်ရငွေများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထားသည်။

ပို့ကုန်လုပ်ငန်းရှင်များ၏ ပို့ကုန်တင်ပို့ ခြင်းမှ တရုတ်ယွမ်၊ ထိုင်းဘတ်နှင့်ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အလုပ်လုပ်ရက် တစ်ရက်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် website တွင် နေ့စဉ် ထုတ်ပြန်သည့် နိုင်ငံခြားငွေ အမျိုးအစားအလိုက် ငွေလဲလှယ်နှုန်းဖြင့် ဝယ်ယူရန်၊ ဝယ်ယူထားသည့် တရုတ်ယွမ်၊ ထိုင်းဘတ်တို့အား ဒေါ်လာနှင့် တန်ဖိုးသင့်၍ ဘဏ်မှ ရောင်းချနိုင်သည့်ပမာဏအဖြစ်  နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြရန်၊ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းအား ပို့ကုန်တင်ပို့သူ ကိုယ်တိုင်အတွက် သုံးစွဲခြား၊ AD လိုင်စင်ရဘဏ် မဟုတ်သော အခြားသူများထံသို့ ရောင်းချခြင်း၊ AD လိုင်စင်ရ ဘဏ် သို့ ရောင်းချခြင်း စသည့် trsnsaction များကို ဆောင်ရွက်ပေးရန်၊ ပို့ကုန် တင်ပို့သူများထံမှ ပို့ကုန်ရငွေဝယ်ယူထားသည့် ကုမ္ပဏီ၊အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် ၎င်းတို့ ဝယ်ယူထားသည့် ပို့ကုန်ရငွေကို မိမိ ကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD  လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းတို့အား ဆောင်ရွက်ပေးရန်ဖြစ်သည်။

ထို့ပြင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးနှင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအစီအစဉ်အောက်မှ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားငွေဆိုင်ရာ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနသို့ မပျက်မကွက် သတင်းပို့ရန် ဖြစ်သည်။

အဆိုပါညွှန်ကြားချက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ လိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။

အထက်ဖော်ပြပါအတိုင်း ဆောင်ရွက်ခြင်းကို ပို့ကုန်ရငွေ ဝင်ရောက်ပြီး ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ ပြည့်ပြီး သုံးစွဲမှုမှ ရရှိသော ကျန်ငွေကို AD လိုင်စင်ရ ဘဏ်များက ဝယ်ယူရန်ဖြစ်ကြောင်းနှင့် ယင်းညွှန်ကြားချက်များကို ယွမ်၊ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ်များ၊ ဘတ် ၊ ကျပ်တိုက်ရိုက် အသုံးပြုပေး ချေမှုကို ဆောင်ရွက်ခွင့်ရသည့် ဘဏ်များသို့ ဖြန့်ဝေထားကြောင်းလည်း သိရသည်။

အဆိုပါညွှန်ကြားချက်အား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်၍ လိုက်နာဆောင်ရွက်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားသည်။

Most Read

Most Recent