ကမ္ဘာ့ဘဏ္ဍာရေးစနစ် (The Global Financial System)

ကမ္ဘာ့ဘဏ္ဍာရေးစနစ် (The Global Financial System)
Published 27 November 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

စာရေးသူသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် Korea Myanmar Research Association (KOMYRA)) က ကြီးမှူးကျင်းပ သည့် (Business Academy and Government (BAG) Seminar) အခမ်းအနားတွင် (Impact on Myanmar Kyat’s Exchange Rate under US-China Trade War) ခေါင်းစဉ်နှင့် စာတမ်းကို ပါဝင်ဖတ်ကြားဆွေးနွေးခွင့်ရရှိခဲ့ပါသည်။

အခမ်းအနားမတိုင်မီ စာတမ်းကို ပြင်ဆင်ရာတွင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်(The Global Financial System) နှင့် ပတ်သက်သည့်အကြောင်းအရာများကို ကိုရီးယားသမ္မတနိုင်ငံရှိ ပါမောက္ခကြီးများနှင့် ဆွေးနွေးတိုင်ပင်ကာ လေ့လာသင်ယူခွင့် ရရှိခဲ့ပါသည်။

ထိုစဉ်အချိန်အခါက စာရေးသူသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ (US-China Trade War) ကြောင့် အဆုံးစွန်ဖြစ်ပေါ်လာစေနိုင်မည့် အခြေအနေကို တွက်ချက်မှန်းဆကာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ Facebook စာမျက်နှာတွင် “နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစနစ်ကို ငွေကြေး ကြိုးကိုင်ခြယ်လှယ်သူ (Currency Manipulator) အဖြစ် သတ်မှတ်ဆုံးဖြတ်ပြီး နိုင်ငံတကာ ငွေကြေးစျေးကွက်တွင် ရပ်စဲ သို့မဟုတ် ပိတ်ပင်ခံရလျှင် မည်ကဲ့သို့ အကျိုးသက်ရောက်နိုင်သည်ကို လေ့လာ၊ သိရှိ၊ သတိပြုနိုင်စေရန် တင်ပြအပ်ပါသည်” ဆိုပြီး သတိပေး တင်ပြခဲ့ဖူးပါသည်။

သို့သော်လည်း အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် လက်နက်ကိုင်စစ်ပွဲအဖြစ်သို့ အသွင်ကူးပြောင်းရောက်ရှိသွားခြင်း မရှိခဲ့ပါ။ ထိုနည်းတူစွာ တိုင်းပြည်နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစနစ် တစ်ရပ်ကို စျေးကွက်အရ သတ်မှတ်ပြဋ္ဌာန်းခြင်းမဟုတ်ဘဲ ငွေကြေးကြိုးကိုင်ခြယ်လှယ်သူ (Currency Manipulator) အဖြစ် သတ်မှတ်ဆုံးဖြတ်ပြီး နိုင်ငံတကာငွေကြေးစျေးကွက်အတွင်းမှ တရားဝင်ရပ်စဲ သို့မဟုတ် ပိတ်ပင်ခြင်းများလည်း ဖြစ်ထွန်းပေါ်ပေါက်ခြင်းမရှိခဲ့ပါ။

၂၀၁၉ နှစ်ကုန်ပိုင်း အတိအကျအားဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ခန့်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး စတင်ခဲ့ပြီး အဆိုပါကပ်ရောဂါကြီးသည် ကမ္ဘာ့နိုင်ငံအားလုံးနီးပါး ကမ္ဘာအနှံ့သို့ ပျံ့နှံ့ရောက်ရှိစေခဲ့ပြီး လူပေါင်းမြောက်မြားစွာ၏ အသက်များကို သေကျေပျက်စီးစေခဲ့ပါသည်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများကို အဆောတလျင် ထုတ်လုပ်စေခဲ့ကြ ပြီး လူများအား ထိုးနှံစေခြင်းအားဖြင့် လူများ၏ အသက်များကို ကယ်တင်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများသည် ဖော်ပြပါ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး ကိစ္စရပ်များသည်လည်း လေးလံ၊ ထိုင်း မှိုင်း၊ တုံ့နှေးလာသည့်အတွက် ပြန်လည်သန်စွမ်းကျန်းမာလာစေရေး အလို့ငှာ ကဏ္ဍပေါင်းများစွာရှိ အခြေအနေများကို တွက်ချက်ပြီးလျှင် ရောဂါအတွက် ကာကွယ်ဆေးထိုးသကဲ့သို့ပင် စီးပွားရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေးလိုအပ်ချက် များပြားသည့် နေရာများတွင် ငွေကြေး ထည့်သွင်းခြင်း သို့မဟုတ် ငွေကြေးထိုးထည့်ခြင်း (Money Injection) များ ပြုလုပ်ပြီး စီးပွားရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းများ ရှင်သန်လည်ပတ်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ အထက်ပါကဲ့သို့ ငွေကြေးထိုးထည့်ခြင်းများကြောင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ထွန်း ပေါ်ပေါက်လာစေမည်ကိုလည်း ကြိုတင်သိမြင်နားလည်ပြီးဖြစ်ကြ ပါသည်။

ယနေ့အချိန်အခါတွင်မူ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့်သာမက ရုရှား-ယူကရိန်းစစ်ပွဲကြောင့်လည်း ကမ္ဘာပေါ်ရှိ တိုင်း ပြည် နိုင်ငံများအပေါ်တွင် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ကိစ္စရပ်များမှာ ဆိုးရွားပြင်းထန်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ထွန်းပေါ်ပေါက ်လျက်ရှိနေပါသည်။ ဖော်ပြပါ အခြေအနေဆိုးများမှ ကျော်လွှားလွန်မြောက်စေရန်အလို့ငှာ တိုင်းပြည်နိုင်ငံအသီးသီးရှိ ခေါင်းဆောင်ကြီးများ၊ ပညာရှင်ကြီးများသည် အမျိုးမျိုးသော စဉ်းစား တွေးခေါ်ချက်များ၊ ချဉ်းကပ်ပုံများကို တီထွင်ကြံဆ လေ့လာဆန်းစစ်ပြီး အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက် ရှိနေကြပါသည်။

ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ရုရှားနိုင်ငံအား စီးပွားရေး ပိတ်ဆို့ အရေးယူခြင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရုရှားနိုင်ငံရှိ ဘဏ်များနှင့် ဘယ်လာရု (စ်) နိုင်ငံရှိဘဏ်များအား နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့ အစည်းတစ်ရပ် ဖြစ်သည့် (Society for Worldwide International Financial Telecommunication (SWIFT) network or SWIFT system)) မှ ထုတ်ပယ်စေခဲ့ပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံရှိ ဘဏ်များ နှင့် ဘယ်လာရု(စ်) နိုင်ငံရှိ ဘဏ်များ သည်(SWIFT Payment System or International Payment System) ကို သုံးစွဲခွင့် မရှိတော့ပါ။ ထို့ပြင် ရုရှားနိုင်ငံရှိ ဘဏ်အားလုံးတို့အား ကမ္ဘာ့ဘဏ္ဍာရေးစနစ်(The Global Financial System)

မှ ထုတ်ပယ်ပြီး ဖြစ်စေခဲ့ပါသည်။

ဤတွင်မေးခွန်းမှာ တိုင်းပြည် နိုင်ငံ တစ်နိုင်ငံ၏ ဘဏ်များ၊ ဘဏ္ဍာ ရေးစနစ်နှင့် ငွေကြေးစနစ်များအား နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်း တစ်ရပ် ဖြစ်သည့် ((SWIFT) network or SWIFT system) က ထုတ်ပယ်ခဲ့ပါက မည်ကဲ့သို့အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသလဲဆိုသော မေးခွန်းနှင့် တိုင်းပြည် နိုင်ငံ တစ်နိုင်ငံ၏ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးစနစ်အားလုံးတို့အား ကမ္ဘာ့ဘဏ္ဍာရေးစနစ်(The Global Financial System) မှ ထုတ်ပယ်ခဲ့ပါက မည်ကဲ့သို့အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသလဲ ဆိုသည့် မေးခွန်းများ ဖြစ်ပေါ်လာစေပါသည်။ ဖော်ပြပါမေးခွန်းများကို ယခုဆောင်းပါးအဆင့်ဖြင့် ရှင်းလင်းတင်ပြရန် မဖြစ်နိုင်ပါ။ သို့သော်လည်း ကမ္ဘာ့ဘဏ္ဍာရေးစနစ်(The Global Financial System)

အကြောင်းကို အကျဉ်းအားဖြင့် ရှင်းလင်းတင်ပြနိုင်ပါလျှင် မေးခွန်းအတွက် အဖြေများ ရရှိနိုင်ရန် စာဖတ်သူများအနေဖြင့် ဆက်လက်လေ့လာနိုင်မည်ဟု ထင်မြင်ပါသည်။

ကမ္ဘာဘဏ္ဍာရေးစနစ်အကြောင်းကို ရှင်းလင်းတင်ပြခြင်း မပြုမီ ငွေကြေးကို အသုံးပြုခြင်းကို တင်ပြရပါလျှင် ငွေကြေးဆိုသည်မှာ (က) အပေးအယူပြုလုပ်ရာ၌ အသုံးပြုသော ကိရိယာ(Means of Pay-ment)

 ဖြစ်သလို အရောင်းအဝယ်ကိစ္စများအတွက် ကြားခံဖလှယ်ရေးကိရိယာ (Medium of Exchange)

လည်းဖြစ်ပါသည်။ (ခ) ငွေကြေးအား စာရင်းကိုင်ယူနစ်တစ်ခု (Unit of Account) သို့မဟုတ် တန်ဖိုးစံ (Standard of Value) အဖြစ်လည်း အသုံးပြုကြပါသည်။

ထို့ပြင် (ဂ) ငွေကြေးကို တန်ဖိုး သိုလှောင်ပေးသောအရာ (A Store of Value) အဖြစ် အသုံးပြုကြသည့် အပြင် (ဃ) အနာဂတ်ပေးချေမှုများ၏ စံ (Standard for Deferred Payments) အဖြစ်လည်း အသုံးပြု ကြပါသည်။ (Reference: 1, pp – 89).

ထို့ကြောင့် ငွေကြေးသည် ဖလှယ်ရေးကိရိယာအဖြစ် လုပ်ဆောင်နေခဲ့လျှင် တန်ဖိုးသိုလှောင်သောအရာအဖြစ်  မဆောင်ရွက်နိုင်ပါ။ ထိုနည်းတူ ငွေကြေးကို တန်ဖိုး သိုလှောင်သောအရာအဖြစ် ဆောင်ရွက်စေခဲ့လျှင် ထိုငွေသည် ဖလှယ်ရေးကိရိယာမဖြစ်တော့ပါ။ (Refer -ence: 1, pp – 90-91).

စာရေးသူသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ငွေရေးကြေးရေး ကိစ္စရပ်များကို ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ထုတ်ဝေသည့် Weekly ELEVEN News, No. 14, Vol. 17 တွင် “လွတ်လပ်သည့် စျေးကွက်နှင့် ငွေရေးကြေးရေးကိစ္စရပ်များ (Free Markets and Money Matters)” ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးသားတင်ပြခဲ့ပါသည်။ ယခုဆောင်းပါးကို အထက်ဖော်ပြပါ ဆောင်းပါးနှင့် တွဲဖက်လေ့လာရန် အကြံပြုတင်ပြအပ်ပါသည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစနစ်တစ်ရပ်ကို ကမ္ဘာဘဏ္ဍာရေးစနစ်အတွင်းရှိ နိုင်ငံတကာငွေကြေးစနစ်  (International Mone-tary System) တွင် ခေါင်းဆောင် နေရာရရှိစေရန် အမှန်တရားတစ်ရပ်အဖြစ် လက်ခံထားရှိခြင်းကို ဖော်ပြထားသည့်အချက်ကို စာဖတ်သူများအား တင်ပြပါသည်။ “Empires fall and rise.  Currencies fall and rise. Wars have winners and losers.” ဖော်ပြထားချက်အရ “စစ်ပွဲကြီးများတွင် အောင်နိုင်သူများနှင့် ကျရှုံးသူများ ဖြစ်ပေါ်သည့်နည်းတူ အင်ပါယာကြီးများ ကျဆုံးပြိုကွဲခြင်း နှင့် တိုးတက်ဖြစ်ထွန်းခြင်းရှိသကဲ့သို့ ငွေကြေးစနစ်များသည်လည်း ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း ခေါင်းဆောင်နေရာအား လက်လွှတ်ဆုံးရှုံးရခြင်းနှင့် ခေါင်းဆောင်နေရာ ရရှိခြင်းတို့ ဖြစ်ပေါ်စေပါသည်။” (Reference: 2).

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ် (The Global Financial System) ၏ သဘောသဘာဝ အကျဉ်းကို သိမြင်နားလည်ပြီး မိမိတို့တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှု ဆောင်ရွက်နိုင်ကြစေရန်နှင့် တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးစနစ်များကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း လည် ပတ်သုံးစွဲလျက်ရှိနေခြင်းမှ တရားဝင် အသိအမှတ် ပြုခြင်းကို ရပ်စဲပြီး၊ ထုတ်ပယ်လိုက်ပါက မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ထွန်း ပေါ်ပေါက်တတ်သည်ကို သိမြင်နားလည်ပြီးလျှင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို အမြင့်မားဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြစေရန် ရည်ရွယ်ပါသည်။

ပထမဦးစွာ ကမ္ဘာ့ဘဏ္ဍာရေး စနစ် (The Global Financial System) ၏ ဖွဲ့စည်းတည်ဆောက်ပုံ သဘောသဘာဝအကျဉ်းကို ရှင်းလင်းတင်ပြပါမည်။ ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် ပါဝင်သည့် အချို့သော အင်စတီကျူးရှင်းများ၊ အဖွဲ့အ စည်းများ၊ ဘဏ်များ၊ အေဂျင်စီများ၊ စျေးကွက်များကို ပုံတွင် ဖော်ပြထား ပါသည်။

ပုံတွင် ဖော်ပြထားချက်များသည် ကမ္ဘာ့ဘဏ္ဍာရေးစနစ် တစ်ရပ်လုံးကို လွှမ်းခြုံခြင်းမပြုနိုင်ပါသော်လည်း စတင်လေ့လာသူများအနေနှင့်မူ အခြေခံအဖြစ်အသုံးပြုနိုင်ပါသည်။

ဥပမာအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ်တွင် အင်စတီကျူးရှင်းများ ပါဝင်ဖွဲ့စည်းတည်ဆောက်ထားရှိခြင်းကို နိုင်ငံတကာအဆင့်၊ တိုင်းပြည် နိုင်ငံတော်အဆင့်၊ ပုဂ္ဂလိကအဆင့်၊ ဒေသဆိုင်ရာအဆင့်တို့ဖြင့် ခွဲခြမ်းစိတ်ဖြာကြည့်ပါက တွေ့ရှိရမည့် အခြေအနေကို တင်ပြပါမည်။ ဘာသာပြန်ဆိုခြင်းမပြုတော့ဘဲ မူရင်းအတိုင်း တိုက်ရိုက်တင်ပြပါမည်။

International Institutions: IMF (International Monetary Fund), the World Bank, WTO (World Trade Organization), (BIS) Bank of International Settlements, IIF (Institute of International Finance). Nation State or Government Institutions: Financial Ministries, Tax Authorities, Central Banks, Securities and Exchange Com-missions, Sovereign Wealth Funds, etc. Private Participants: Commercial Banks, Pension Funds, Hedge Funds, etc. Regio-nal Institutions: Eurozone, NSFTA, CIS, Mercosur, etc. (Reference: 3, pp – 15).

ဒုတိယအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ် လည်ပတ်ဆောင်ရွက်ပုံ အကျဉ်းကို ရှင်းလင်းတင်ပြပါမည်။ ကမ္ဘာ့ဘဏ္ဍာရေးစနစ် ရှင်သန်လည်ပတ်နေစေရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို နိုင်ငံတကာ တွင် အသုံးပြုလျက်ရှိသော ငွေကြေး အား တန်ဖိုးသိုလှောင်သောအရာအဖြစ် ဆောင်ရွက်ခြင်းနှင့် ဖလှယ် ရေးကိရိယာအဖြစ် ဆောင်ရွက်ခြင်း များကို အခြေခံကာရှင်းလင်းတင်ပြပါမည်။

နိုင်ငံတကာငွေကြေးစနစ် (International Monetary System)တွင် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများက လက်ခံအသုံးပြုလျက်ရှိသည့် နိုင်ငံတကာ ငွေကြေးများအား တန်ဖိုးသိုလှောင်သောအရာအဖြစ် ဆောင်ရွက်ကြသည်မှာ ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများသည် အပြည် ပြည်ဆိုင်ရာ ကြွေးမြီများကို ပေးဆပ် ရန်အတွက် တိုင်းပြည်နိုင်ငံအစိုးရများက အခြားနိုင်ငံသုံး ငွေမာကို သီးသန့် ရန်ပုံငွေ (Reserve Currency) အဖြစ် စုဆောင်းထိန်းသိမ်း ထားရှိကြခြင်းပင် ဖြစ်ပါသည်။

တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစနစ်တစ်ရပ်ကို ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံများက တစ်ပြိုင် နက်တည်း တူညီစွာ လက်ခံအသုံးပြု နိုင်မည့် နိုင်ငံတကာသုံး သီးသန့်ရန် ပုံငွေ (International Reserve Currency) အဖြစ် စုဆောင်းထိန်း သိမ်းထားရှိစေသည့် အခြေအနေသို့ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်မှာ လွယ်ကူသည့် ကိစ္စရပ်မဟုတ်သည် ကို အောက်ဖော်ပြပါ ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြလျက်ရှိနေပါသည်။

တွေ့ရှိချက်များအနေနှင့် တင် ပြရပါလျှင် တိုင်းပြည်နိုင်ငံ တစ် နိုင်ငံ၏ ငွေကြေးစနစ်တစ်ရပ်သည် အမြဲတမ်း ကမ္ဘာပေါ်ရှိ တိုင်းပြည် နိုင်ငံများ၏ နိုင်ငံတကာသုံး သီးသန့် ရန်ပုံငွေ (International Reserve Currency) အဖြစ် မရပ်တည်နိုင်ပါ။ တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစနစ်တစ်ရပ်သည် တိုင်းပြည် နိုင်ငံများ၏ နိုင်ငံတကာသုံး သီးသန့် ရန်ပုံငွေ (International Reserve Currency) အဖြစ် ရပ်တည်နိုင်ပါက အဆိုပါနိုင်ငံသည် နိုင်ငံရေးအာဏာ (Political Power) နှင့် အခွင့်အာဏာ လုပ်ပိုင်ခွင့် (Authority) ကြီးမားသည့် တိုင်းပြည် နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်နိုင်သည့် တိုင်းပြည်နိုင်ငံ ဖြစ်ပါသည်။ (Reference: 3, pp – 9).

သမိုင်းကြောင်းကို ပြန်လည် လေ့လာပါက နိုင်ငံတကာ ငွေကြေးစနစ် (International Monetary System)တွင် ဗြိတိသျှ အင်္ဂလိပ်နှင့် ပြင်သစ်နိုင်ငံတို့သည် နှစ်ပေါင်း တစ်ရာကျော် (အတိအကျအားဖြင့် နှစ်ပေါင်း ၁၃၀ ခန့်) ဦးဆောင်သည့် အခန်းကဏ္ဍတွင် တည်ရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုသည် ၁၉၁၄ ခုနှစ်မှ စတင်ကာ ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်လာစေခဲ့ပြီး ယနေ့ထက်တိုင် တည်ရှိနေပါသည်။ (Reference: 3, pp – 7).

ယနေ့အချိန်အခါတွင် အမေရိကန်ပြည်ထောင်စု၏ငွေကြေးနှင့် ဥရောပငွေကြေးတို့သည် ဦးဆောင် သည့်အခန်းကဏ္ဍတွင် တည်ရှိနေသည့် အခြေအနေကို တင်ပြရပါလျှင် - “The dollar’s share in foreign exchange reserves has fallen 71 per cent in 2000 to 59 per cent in the third quarter of 2021.  But this is still roughly triple that of the second-placed euro. (Reference: 2).

ဖော်ပြထားချက်အရ - “နိုင်ငံခြားသုံး သီးသန့်ရန်ပုံငွေ အခန်းကဏ္ဍတွင် ဒေါ်လာငွေကြေး၏ပါဝင်မှု အချိုးသည် ၂၀၀၀ ပြည့်နှစ်တွင် ၇၁ ရာခိုင်နှုန်းရှိနေရာမှ ၂၀၂၁ ခုနှစ် တတိယ သုံးလပတ်တွင် ၅၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါသည်။ သို့သော်လည်း ဒုတိယနေရာတွင် တည်ရှိနေသည့် ဥရောပငွေကြေးထက် သုံးဆခန့် တည်ရှိနေပါသည်။”

နိုင်ငံတကာ ငွေကြေးစနစ် (International Monetary System) တွင် ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများက လက်ခံ အသုံးပြုလျက်ရှိသည့် နိုင်ငံတကာ ငွေကြေးများအား ဖလှယ်ရေးကိရိယာအဖြစ် ဆောင်ရွက်ခြင်း အကျဉ်းကိုတင်ပြပါမည်။ ယခုအကြောင်းအရာကို ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံများက အသုံးပြုလျက်ရှိသည့် (Society for Worldwide International Financial Telecommunication (SWIFT)) ကို အခြေခံကာ ရှင်းလင်းတင်ပြပါမည်။ လုပ်ငန်းဆောင်ရွက်ခြင်းများကို ယခုဆောင်းပါး အဆင့်ဖြင့် တင်ပြရန် မဖြစ်နိုင်ပါသဖြင့် ဖွဲ့စည်းတည်ဆောက်ပုံ သမိုင်းအကျဉ်းနှင့် အရေးပါမှု အခြေအနေကိုသာတင်ပြပါမည်။

စာရေးသူအနေဖြင့် (SWIFT) အကြောင်းအရာ တင်ပြချက်များသည် ( Reference: 4) ကို အခြေခံကာ ဘာသာပြန်တင်ပြခြင်းဖြစ်ပါသည်။ SWIFTသည် ကမ္ဘာပေါ်တွင် လုံခြုံစိတ်ချရသည့် ဘဏ္ဍာရေးသတင်းအချက်အလက် ဝန်ဆောင်မှုပေးရာတွင် ဦးဆောင်သည့်အခန်းကဏ္ဍအနေနှင့် တည်ရှိနေသည့်အပြင် အဖွဲ့ဝင်အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ်အချိန်ကာလများက SWIFT ကို တည်ထောင်ခဲ့ပြီး ယနေ့အချိန်အခါတွင်မူ ကမ္ဘာအရပ်ရပ်တွင်ရှိ နိုင်ငံပေါင်း ၂၀၀ ကျော်နှင့် စုစုပေါင်း အင်စတီကျူးရှင်း တစ်သောင်း တစ်ထောင်ကျော် (၁၁,၀၀၀) တို့အား ဝန်ဆောင်မှုပေးလျက်ရှိပါသည်။  ၂၀၀၉ ခုနှစ်တစ်နှစ် တည်းမှာပင် SWIFT သည် သတင်းအမှာစာများ (Messages) စုစုပေါင်း ၃ ဒသမ ၇၆ ဘီလျံအထိ ဆောင်ရွက်ပေးခဲ့ပါသည်။

တတိယအနေနှင့် တိုင်းပြည် နိုင်ငံတစ်နိုင်ငံ၏ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးစနစ်များကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း လည်ပတ်သုံးစွဲလျက်ရှိနေခြင်းမှ တရားဝင်အသိအမှတ်ပြုခြင်းကို ရပ်စဲပြီး ထုတ်ပယ်လိုက်ပါက မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ထွန်း ပေါ်ပေါက်တတ်သည်ကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။

စာဖတ်သူများအတွက် ရှင်းလင်းစွာသိမြင်နိုင်စေရန် အလို့ငှာ မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ပြန်လည်တင်ပြပါသည်။ နိုင်ငံတော်ကောင်စီသည် ဥပဒေကဲ့သို့ အာဏာတည်သော အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ဘဏ်က ထုတ်ဝေထားသော ၂၅ ကျပ် (နှစ်ဆယ့်ငါးကျပ်)၊ ၃၅ ကျပ် (သုံးဆယ့်ငါးကျပ်) နှင့် ၇၅ ကျပ် (ခုနစ်ဆယ့်ငါးကျပ်) တန် ငွေစက္ကူ များကို ဤအမိန့်ထုတ်ပြန်သည့် ၁၃၄၉ ခု၊ တော်သလင်းလဆန်း ၁၃ ရက်၊ ၁၉၈၇ ခု၊ စက်တင်ဘာ ၅ ရက်၊ စနေနေ့ နံနက် ၁၁ နာရီအချိန်မှစ၍ တရားဝင်ငွေအဖြစ်မှ ရပ်စဲလိုက်သည်။

အထက်ပါကဲ့သို ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လည်ပတ်သုံးစွဲလျက်ရှိသည့် ဖော်ပြပါငွေစက္ကူများသည် ငွေကြေးအဖြစ်ရပ်တည်နိုင်ခြင်း မရှိတော့ဘဲ စက္ကူများအဖြစ်သို့ ရောက်ရှိသွားပြီး ငွေကြေးတန်ဖိုး ပျောက်ကွယ်သွားစေခဲ့ပါသည်။ ငွေကြေးတန်ဖိုး လုံးဝ မရှိနိုင်တော့ပါ။

ထိုနည်းတူစွာ တိုင်းပြည်နိုင်ငံ တစ်နိုင်ငံ၏ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးစနစ်များကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း လည်ပတ်သုံးစွဲလျက်ရှိနေခြင်းမှ တရားဝင်အသိအမှတ်ပြုခြင်းကို ရပ်စဲပြီး ထုတ်ပယ်လိုက်ပါက မြန်မာနိုင်ငံတွင် အထက်ပါ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်လိုက်သည့်အတွက် ဖြစ်ပေါ်စေခဲ့သည့် အခြေအနေများနှင့် နှိုင်းယှဉ် လေ့လာပါက အကျိုးသက်ရောက်စေမှုကို အလွယ်တကူ သိမြင်နား လည်စေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် တရားဝင်ငွေအဖြစ်မှ ရပ်စဲသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်လိုက်သည့်အတွက် အကျိုးသက်ရောက်စေမှုမှာ မြန်မာနိုင်ငံ တစ်နိုင်ငံအတွင်း၌သာဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း တရားဝင် အသိအမှတ်ပြုခြင်းကို ရပ်စဲပြီးထုတ်ပယ်လိုက်ခြင်းခံရသည့် တိုင်းပြည် နိုင်ငံအနေနှင့်မူ ဖော်ပြပါ တိုင်းပြည် နိုင်ငံရှိ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးစနစ်များသည် ၎င်းတိုင်းပြည်နိုင်ငံအတွင်း၌သာလျှင် လည်ပတ်အသုံးပြုနိုင်တော့မည်ဖြစ်ပြီး ကျန်ကမ္ဘာ့တိုင်းပြည်နိုင်ငံ အားလုံးတို့တွင်ရှိ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်၊ ငွေကြေးစနစ်များနှင့် ဆက်သွယ်ခြင်းမပြုနိုင်တော့သဖြင့် အဆက်ပြတ် အထီးကျန်နေစေသည်အထိ အကျိုးသက်ရောက်စေပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မြန်မာနိုင်ငံရှိ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ဘဏ္ဍာရေးစနစ် (The Global Financial System) ၏ သဘောသဘာဝ အကျဉ်းကို သိမြင်နားလည်ပြီး မိမိတို့ တိုင်းပြည် နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သားများ၏အကျိုးကို ရှေးရှုဆောင်ရွက်နိုင်ကြစေရန်နှင့် တိုင်းပြည်နိုင်ငံ

တစ်နိုင်ငံ၏ ဘဏ်များ၊ ဘဏ္ဍာရေးစနစ်နှင့် ငွေကြေးစနစ်များကို ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း လည်ပတ် သုံးစွဲလျက်ရှိနေခြင်းမှ တရားဝင် အသိအမှတ်ပြုခြင်းကို ရပ်စဲပြီး ထုတ်ပယ်လိုက်ပါက မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ထွန်း ပေါ်ပေါက်တတ်သည်ကို သိမြင်နားလည်ပြီးလျှင် မိမိတို့ တိုင်းပြည်နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကိုအမြင့်မားဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

References:

1. Myat Thein, (2009), “Money Matters (Essays on Money and Banking)”, ဟရွှေနွယ် မြန်မာမှုပြု သည်], ၂၀၀၉ ခုနှစ်၊ မေလ၊ အလင်းသစ်စာစဉ် (၃၄)။

2. “King Dollar is in no danger of losing its financial crown” by Megan Greene, https://www.ft.com/content/dec25b43-3548-4be6-9a7c-57286b266dcc

3. Oleg Deev (2015), “Global Financial System; Transfor-mation of the Financial System”, Department of Finance, Masaryk University.

4. https://www.swift.com/

Most Read

Most Recent