ဆင်ခြင်သိနှင့် ဉာဏ်ပညာကို ဆန့်ကျင်သောလှုပ်ရှားမှုများ

ဆင်ခြင်သိနှင့် ဉာဏ်ပညာကို ဆန့်ကျင်သောလှုပ်ရှားမှုများ
Published 27 November 2022
ရဲကျော်စွာ

 ခေတ်တိုင်းခေတ်တိုင်းနှင့် လူ့ဘောင်အားလုံးတိုင်းတွင် ဆင်ခြင်သိနှင့် ဉာဏ်ပညာကို ဆန့်ကျင်သော လှုပ်ရှားမှုများ (Activities against Conception and Wisdom) ဖြစ်ပေါ်ခဲ့သည်။ ဒဿနဗေဒ (Philosophy)၊ သဘောတရားပညာ (Science of Ideology) နှင့် တွေးခေါ်မှုသိပ္ပံပညာ (Thinking Science) များသည်လည်း ထိုကဲ့သို့ တိုက်ခိုက်ခံနေခဲ့ရသော ပညာရပ်များအတွင်း ပါဝင်နေခဲ့သည်။

  ကလေးငယ်များနှင့် လူငယ်များ အပါအဝင် အသက်အရွယ်အုပ်စုအသီးသီးမှ လူတစ်ဦးချင်း၏ သိမှုများ၊ သုတများ၊ နားလည်သိမြင်မှုများ၊ ကျွမ်းကျင်မှုများ၊ ပိုင်းခြားစိတ်ဖြာ သရုပ်ခွဲနိုင်စွမ်းများ၊ အာရုံသိများ၊ ဆင်ခြင်သိများ၊ ထိုးထွင်းသိများ၊ တွေးခေါ်နိုင်စွမ်းများ၊ လက်တွေ့အသုံးချကျွမ်းကျင်မှုများနှင့် လက်တွေ့စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ကို မနာလိုသော စိတ်များ၊ မရှုစိမ့်သောစိတ်များ၊ အမုန်းစိတ်များနှင့် လိုက်လံနှောင့်ယှက်သော၊ အားမပေးဆန့်ကျင်သော၊ ဟန့်တားပိတ်ပင်သော အပြုအမူများ၊ အပြောအဆိုများ၊ လုပ်ဆောင်ချက်များကို နေရာအနှံ့တွင် မကြာခဏတွေ့မြင်ရတတ်မည်ဖြစ်သည်။

"အကြောက်တရားများ"

မြောက်မြားစွာသောလူများတွင် အမျိုးမျိုးသော အကြောက်တရားများနှင့် မနာလိုမှုများကိုယ်စီရှိတတ်ကြသည်။

 အချို့သော အကြောက်တရားများနှင့် မနာလိုမှုများမှာ အခြားသူများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုများကို မလိုလားသော အကြောက်တရားများနှင့် မနာလိုမှုများ ဖြစ်သည်။

လူတစ်ဦးချင်းအလိုက်၊ လူအုပ်စုများအလိုက်၊ လူမှုယူနစ်များအလိုက်၊ လူမျိုးအချင်းချင်းနှင့် နိုင်ငံအချင်းချင်းများအပေါ်တွင်ပင် ထိုကဲ့သို့သော၊ အခြားသူများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုကို မလိုလားသောအကြောက်တရားများနှင့် မနာလိုမှုများရှိတတ်ကြသည်။

      ထို့ပြင် အခြားသူများက သူတို့ဘယ်လိုမှ လက်လှမ်းမမီနိုင်သည်အထိ ခေတ်မီ၊ တိုးတက်၊ ခေတ်ရှေ့ပြေးလာမည်ကို ကြောက်သောအကြောက်တရားများ၊ အခြားသူများက သူတို့ဘယ်လိုမှ လက်လှမ်းမမီအောင် သတင်းအချက်အလက်များ၊ သုတအသိသညာများ အလွန်ကြွယ်ဝသွားမည်ကို ကြောက်ရွံ့သော အကြောက်တရားများသာမကဘဲ ပုံမှန်အားဖြင့် ဆင်ခြင်သိဉာဏ်ပညာများ မြင့်မားလာမည်ကိုကြောက်သော အကြောက်တရားများ၊ လက်တွေ့အသုံးချကျွမ်းကျင်မှုများ၊ လက်တွေ့စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်လာမည်ကိုကြောက်သော အကြောက်တရားများလည်း လူ့အဖွဲ့အစည်းများအတွင်း ကင်ဆာဆဲလ်များသဖွယ် ပြန့်ပွားနေတတ်ကြသည်။

     ထို့ပြင် အထက်မြက်ဆုံးနှင့် အထူးချွန်ဆုံးလူများက သူတို့အချင်းချင်း စုဖွဲ့ပေါင်းသင်းကာ သီးခြားအစုအဝန်းတစ်ခု၊ သီးသန့်အသိုင်းအဝန်းတစ်ခု ဖြစ်သွားမည်ကို ကြောက်ရွံ့စိုးရိမ်မှုနှင့်အတူ  “အရည်အချင်း အခြေပြု အုပ်စိုးမှုစနစ်“ (Anti-Meritocracy) ပေါ်ပေါက်လာမည်ကိုစိုးရိမ်သော အကြောက်တရားများလည်း ရှိတတ်ကြသည်။ 

    ညဏ်ပညာနှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်ရာတွင် မတူညီသောရည်ရွယ်ချက်များဖြင့် အမျိုးမျိုးကွဲပြားနေသော မတူညီသော အကြောက်တရားများ လူတချို့ သို့မဟုတ် လူများစွာထံတွင် တည်ရှိနေနိုင်သည်။

"မတူညီသော တုံ့ပြန်မှုများ"

ယင်းအကြောက်တရားများကို တုံ့ပြန်ရာတွင် လူတစ်ယောက်နှင့်တစ်ယောက် မတူညီကြပါ။

လူတချို့က မိမိကိုယ်တိုင် သတင်းအချက်အလက်များ၊ သုတအသိသညာများ၊ ဆင်ခြင်သိဉာဏ်ပညာများ၊ လက်တွေ့အသုံးချကျွမ်းကျင်မှုများနှင့် လက်တွေ့ စွမ်းဆောင်ရည်များ မြင့်မားတိုးတက်လာရန် ရောက်ရာနေရာမှ လိုက်လံကြိုးစားကြသည်။

     လူအချို့ကမူ အခြားသူများ ယင်းကဲ့သို့တိုးတက်လာမည်ကို အမုန်းစိတ်ဖြင့်နှောင့်ယှက်ခြင်း၊ ကဖျက်ယဖျက်လုပ်ခြင်း၊ အားမပေးခြင်း၊ ဆန့်ကျင်ခြင်း၊ ဟန့်တား ပိတ်ပင်ခြင်း၊ လမ်းလွဲကိုတွန်းပို့ခြင်းနှင့် တိုးတက်ချင်စိတ် ပျက်ပြားစေအောင် စနစ်တကျပြုလုပ်ခြင်းတို့ကို သိစိတ် ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ၊ တမင်လုပ်ဆောင် 

တတ်ကြသည်။

"မတူညီသော ဆန့်ကျင်မှုပစ်မှတ်များ"

       ယင်းကဲ့သို့ အကြောက်တရားများနှင့် တုံ့ပြန်မှုများတွင် လူတစ်ဦးနှင့် တစ်ဦး လူမှုယူနစ်အုပ်စုတစ်ခုနှင့်တစ်ခု အထူးပြုပစ်မှတ်ထား၍ ဆန့်ကျင်၊ နှောင့်ယှက်၊ ဟန့်တားပိတ်ပင်မှုပြုလုပ်ကြရာတွင် ဆန့်ကျင်ခံရသော အထူးပြုပစ်မှတ်များမှာ တစ်ခုနှင့်တစ်ခု မတူညီကြပါ။

        အချို့က “ဒဿနဗေဒ“ (Philosophy) လေ့လာလိုက်စားမှုကို အထူးပြုဆန့်ကျင်ကြသည်။ အချို့က “သဘောတရားရေးရာပညာ“ (Science of Ideology) လေ့လာလိုက်စားမှုကို အထူးပြုဆန့်ကျင်ကြသည်။

     အချို့က “စီးပွားရေးကြီးထွားမှု“ (Economic Growth) နှင့် “ဖွံ့ဖြိုးမှု“ (Development) ကို အထူးပြုဆန့်ကျင်ကြသည်။ အချို့က “သာယာကြွယ်ဝမှု“ (Prosperity) နှင့် “တိုးတက်မှု“ (Progress) ကို အထူးပြုဆန့်ကျင်ကြသည်။

    အချို့က စက်မှုလုပ်ငန်း သိပ္ပံနှင့် နည်းပညာများကို အထူးပြုဆန့်ကျင်ကြသည်။ အချို့က ကျန်းမာရေး၊ ပညာရေးနှင့် “လူ့အရင်းအမြစ်ဖွံ့ဖြိုးရေး“ (Human Resource Development) ကိုသာ အဓိကထားဆန့်ကျင်ကြသည်။

"ဒဿနဗေဒအတွင်း ပိုမိုတိုက်ခိုက်ခံရသော ပစ်မှတ်များ" 

          အချို့က “ဒဿနဗေဒ“ (Philosophy) အတွင်းမှာပင် “ရှိမှုဗေဒ“ (Ontology) နှင့် “သိမှုဗေဒ“ (Epistemology) ကဲ့သို့သော ဘာသာရပ်ခွဲ နှစ်ခုကိုသာ ပိုမိုအထူးပြုဆန့်ကျင်ကြသည်။ အချို့ကမူ “သရုပ်ခွဲ ဒဿနဗေဒ“ (Analytical Philosophy) တစ်ခုတည်းကိုသာ အထူးပြုဆန့်ကျင်ကြသည်။ အချို့က “သမိုင်းရေးရာ ဒဿနဗေဒ“  (Philosophy of History) တစ်ခုတည်းကိုသာ အထူးပြုဆန့်ကျင်ကြသည်။

        အလားတူပင် လူအချို့က သို့မဟုတ် လူတစ်စုကသာ အခြားသူများထက် သိသာစွာပိုမိုအထူးပြုဆန့်ကျင်လေ့ရှိကြသော အခြားဘာသာရပ်များ ရှိတတ်ကြသည်။

          ဥပမာအားဖြင့် “သဘာဝ ဒဿနဗေဒ“ (Philosophy of Nature)၊ “လူမှု ဒဿနဗေဒ“ (Philosophy of Society)၊ “သိပ္ပံ ဒဿနဗေဒ“ (Philosophy of Science)၊ “တွေးခေါ်မှု သိပ္ပံ“ (Science of Thinking)၊ “နိုင်ငံတကာ ကိုးကွယ်ယုံကြည်မှုများရေးရာ ဒဿနဗေဒ “ (Philosophy of International Religions)၊ “ဇီဝရူပဗေဒ“ (Biophysics)၊ “မျိုးဗီဇသိပ္ပံ“ (Genetics)၊ “ဇီဝ ဆင့်ကဲဖြစ်စဉ်“ (Evolution) ၊ “သဘာဝသမိုင်း“ (Natural History)၊ “ကုန်ထုတ်လုပ်ငန်း သမိုင်း“ (History of Production)၊ ”မက်ခရို ဘောဂဗေဒ“ (Macro-Economics)၊ “လယ်ယာ ဘောဂဗေဒ“ (Agro-economy)၊ “လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးသိပ္ပံ“ (Science of Human Resource Development) နှင့် “မြို့ပြလူမှုအစုအဝန်း ဖွံ့ဖြိုးရေးသိပ္ပံ“ (Science of Urban Community Development) ကဲ့သို့သော ဘာသာရပ် နယ်ပယ်များကို အများပြည်သူများအတွင်း ပြန့်ပွားဖွံ့ဖြိုးလာမည်ကို မလိုလားသောလူအချို့၏ မနာလိုစိတ်၊ အမုန်းစိတ်၊ မရှုဆိတ်မှုများဖြင့် အခြားသူများက လေ့လာလိုက်စားမည်ကို နှောင့်ယှက်၊ ဆန့်ကျင်၊ တိုက်ခိုက်ခံရမှု အများဆုံးဘာသာရပ်များဖြစ်နေတတ်ကြသည်။ 

      စိတ်ဝင်စားသူများအနေဖြင့် အချို့သောပညာရပ်များကို အခြားသောပညာရပ်များထက် အဘယ့်ကြောင့် ပိုမိုနှောင့်ယှက်၊ တိုက်ခိုက်၊ ဆန့်ကျင်ခံခဲ့ရသည်ဆိုခြင်းကို ဆက်လက်၍စနစ်တကျသုတေသနပြုသင့်သည်။

"နှောင့်ယှက်မှု၏ ဘေးထွက်အကျိုးဆက်များ"

       တစ်ခါတစ်ရံတွင် လူ့အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ လူတစ်ဦးချင်းအလိုက်ဖြစ်စေ၊ သူတို့၏ လူမှုသိပ္ပံပညာနှင့် သဘာဝသိပ္ပံပညာများ လေ့လာလိုက်စားမှုကို မနာလိုသူများနှင့် နှောင့်ယှက်မှုများ များပြားလွန်းသော ပတ်ဝန်းကျင်မျိုးကို ရင်ဆိုင်ရသောအချိန်မျိုး၊ အခြေအနေမျိုးများတွင် လေ့လာလိုက်စားသူများသည် သူတို့ လေ့လာလိုက်စားမှုများ၊ တွေ့ရှိချက်များနှင့် အသစ်အသစ်များကို - ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ခြင်း၊ အခြားသူများကို ပြန်လည်မျှဝေပေးခြင်းများ သိပ်မလုပ်ကြတော့ဘဲ အသိပညာမျှဝေမှုကို သိသာစွာလျှော့ချလိုက်တတ်ကြသည်။ 

         လူမှု စီမံခုတ်မောင်းမှုပညာ (ဝါ) လူမှုအင်ဂျင်နီယာရင်းပညာများ (Social Engineerings) ၏ ရှုထောင့်အရ ဆန့်ကျင့်နှောင့်ယှက်သူများကိုယ်တိုင်က မိမိတို့ ဦးစားပေးဆန့်ကျင်တိုက်ခိုက်၊ နှောင့်ယှက်မိခဲ့‌သော ပညာရပ်နယ်ပယ်များနှင့် ဘာသာရပ်များအတွက် သူတို့ကိုယ်တိုင် အနုတ်လက္ခဏာအကျိုးဆက်များကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထင်သာသိလွယ်စွာ သို့မဟုတ် ထင်သာမြင်သာမရှိစွာဖြင့်ပြန်လည်ခံစားရတတ်သည်ဟုဆိုရိုးရှိသည်။ 

"နောက်ဆုံးပေါ် ဝါဒအသစ်တစ်ခု" 

     လတ်တလောအားဖြင့် အနောက်တိုင်းပညာရပ်လောကအတွင်း ဆန့်ကျင်ဝေဖန်မှုများနှင့် တိုက်ခိုက်ထိုးနှက်မှုများ အများဆုံးခံနေရသော ဝါဒအသစ်တစ်ခု ပေါ်ပေါက်နေသည်။ ထိုဝါဒအသစ်မှာ ဒဿနဗေဒ (Philosophy) ၏ အခြေခံဘာသာရပ်ခွဲတစ်ခုဖြစ်‌သော “ရှိမှုဗေဒ“ ( ဝါ )  “အရှိတရားဗေဒ“ ( ဝါ ) “အမှန်ဗေဒ“ (Ontology) နယ်ပယ်အတွင်း အနောက်တိုင်းမှ နောက်ဆုံးပေါ်သီအိုရီအသစ်တစ်ခုဖြစ်သော “ဇီဝ ဗဟိုပြုဝါဒ“ (Biocentrism) ဖြစ်သည်။

      Biocentrism ဇီဝဗဟိုပြုဝါဒသီအိုရီများအရ သဗ္ဗလောကဓာတ် (Cosmos) အတွင်း “ရုပ်ဒြပ်လွန် စွမ်းအင်များ“ (Post-Material Energies)  နဲ့ “ဇီဝစွမ်းအင် စက်ကွင်းများ“ (Bionic Energy Field) တည်ရှိနေသည်ဟု အဆိုတင်ပြထားသည်။  လောလောဆယ်တွင် ထိုဝါဒအသစ်မှာ လူမုန်းများခြင်းကို ရင်ဆိုင်နေရသည်။ 

"အကန့်အသတ်များ"

       ကမ္ဘာတစ်ဝန်းမှာရှိနေဆဲဖြစ်သော ခေတ်ဟောင်းနှင့် ခေတ်ပြိုင်ထွန်းကားကျန်ရှိနေဆဲ “ရိုးရာယုံကြည်မှုစနစ်များ“ (Traditional Belief Systems)၊ “ရိုးရာ အယူသည်း တွေးခေါ်မှုစနစ်များ“ (Traditional Thinking Systems)၊ “နီယိုလစ်ဘရယ်တရားသေအခြေခံမူများ“ (Neo-Liberal Dogmatic Doctrines) ဖြင့် ၂၁ ရာစု ခေတ်သစ်လူ့အဖွဲ့အစည်း၏ အကြောင်းအရာများကို မှန်ကန်ပြည့်စုံစွာ နားလည်၊ ဖြေရှင်း၊ ကိုင်တွယ်နိုင်ရန် လုံးဝမလုံလောက်ပါ။ 

     သို့သော်လည်း ပညာတတ်လူတန်းစား (Intelligentsia) အစစ်များအနေဖြင့် ဒဿနဗေဒနှင့် တွေးခေါ်မှုသိပ္ပံပညာကို လက်တွေ့လုပ်ငန်းသုံးကိရိယာများအဖြစ် ဆက်လက်အသုံးပြုသွားရန် လိုအပ်နေဆဲဖြစ်သည်။ 

"ဒဿနဗေဒ၏ အခြေခံဘာသာရပ်များ"

     မြန်မာတို့၏ အစဉ်အလာအားနည်းရာ နယ်ပယ်များအနက် အရေးကြီးသောနယ်ပယ်တစ်ခုဖြစ်သော ဒဿနဗေဒ (Philosophy) ၏ အခြေခံဘာသာရပ်ခွဲများမှာ ယုတ္တိဗေဒ (Logics)၊ ရှိမှုဗေဒ (Ontology)၊ သိမှုဗေဒ (Epistemology)၊ စကြဝဠာဗေဒ (Cosmology)၊ သဘာဝတရားရေးရာ ဒဿနဗေဒ (Philosophy of Nature)၊ သိပ္ပံပညာရေးရာ ဒဿနဗေဒ (Philosophy of Science)၊ ကိုးကွယ်ယုံကြည်မှုရေးရာ ဒဿနဗေဒ (Philosophy of Religion)၊ လူ့အဖွဲ့အစည်းရေးရာ ဒဿနဗေဒ (Philosophy of Society)၊ သမိုင်းရေးရာ ဒဿနဗေဒ (Philosophy of History)၊ နိုင်ငံရေး ဒဿနဗေဒ (Political Philosophy) ၊ ဥပဒေရေးရာ ဒဿနဗေဒ (Legal Philosophy)၊ ကျင့်ဝတ်ဗေဒ (Ethics) နှင့် ရသဗေဒ (Aesthetics) ခေါ် “အနုပညာရေးရာ ဒဿနဗေဒ“ (Philosophy of Arts) များ ဖြစ်သည်။ 

"အစုအဝေးအလိုက် ထင်ယောင်မှားမှုပြဿနာ"

       အမျိုးမျိုးထွေပြားကွဲပြားခြားနားနေကြသော အရှေ့တိုင်းနှင့် အနောက်တိုင်း ရှေးဟောင်းခေတ်နှင့် အလယ်ခေတ် “ဒဿနဗေဒ ကျောင်းတော်များ (ဝါ) ဒဿနဂိုဏ်းများ“ (Philosophical Schools) နှင့် “ကိုးကွယ်မှု ကျောင်းတော်များ (ဝါ) ဘာသာရေးဂိုဏ်းများ“ (Religious Schools) အားလုံးနီးပါးတွင် လူမျိုးနွယ်၏ လူ့သဘာဝများအနက် တစ်ခုဖြစ်သော “အမှား“ ကို “အမှန်“ ထင်ခြင်း အပါအဝင် “အစုလိုက်အပြုံလိုက် ထင်ယောင်မှားမှု“ (Mass illusion) ဆိုင်ရာ လူမှုသဘာဝအပေါ် မတူကွဲပြားသောဂိုဏ်းများအကြား နီးကပ်ဆက်စပ်နေသော သုံးသပ်ချက်များ ထူးခြားစွာနှင့် နီးစပ်စွာပေါ်ထွက်လာခဲ့ကြသည်။

     “လောကလုံးဆိုင်ရာ ထင်ယောင်မှားမှု“ (Universal Illusion) အခြေခံစည်းမျဉ်းသဘောတရားကို ခေတ်ဟောင်းအိန္ဒိယ၏ ဒဿနဗေဒနှင့် ကိုးကွယ်မှုကျောင်းတော် အားလုံးနီးပါးတွင် “မာယာဝါဒ“ (Maya Theory) သီအိုရီအဖြစ် ထင်ရှားခဲ့သည်။

       မဟာယာနဝါဒ သင်ကြားချက်များတွင် ခဏိကသစ္စာ - အချိန်တိုငယ် ယာယီတင်္ဒဂအမှန်တရား၊ မဇ္ဈိမ သစ္စာ - အလယ်အလတ် အစွန်းမထွက်အမှန်တရား၊ သုညသစ္စာ - ပြီးပြည့်စုံသော အလုံးစုံ အနှစ်သာရမဲ့မှုအမှန်တရားဆိုသော သစ္စာသုံးပါးဝါဒနှင့်အတူ “သုညတာဝါဒ သီအိုရီ“ အဖြစ် ထင်ရှားခဲ့သည်။

      ထေရဝါဒ သိမှုဗေဒ (Teravedic Epistemology) အရ တွေးခေါ်မှု (Thinking) သုံးမျိုးရှိသည်။ သမ္မာ သင်္က္ကပ္ပ - ကောင်းမွန်မှန်ကန်သော တွေးခေါ်မှု၊ မိစ္ဆာ သင်္က္ကပ္ပ - ဆိုးရွားမှားယွင်းသော တွေးခေါ်မှု၊ အဗျာကတာ သင်္က္ကပ္ပ - အကောင်းလည်းမဟုတ်၊ အဆိုးလည်း မဟုတ်သော၊ အမှန်လည်း မဟုတ်သော၊ အမှားလည်း မဟုတ်သောတွေးခေါ်မှုဆိုသော တွေးခေါ်မှု သုံးမျိုးရှိသည်ဟုဆိုသည်။

       မကြာသေးသော အေဒီ ၁၉ ရာစုခေတ် အနောက်တိုင်းဥရောပကို ပြန်ကြည့်လိုက်လျှင် ဂျာမန်ဒဿနတွေးခေါ်ရှင် ဟေးဂဲလ်၏ “အနုပဋိလောမ အတ္တမံဝါဒ (ခေါ်) ဒိုင်ယာလက်တစ် အတ္တမံဝါဒ (Dialectic Idealism) အတွင်း “သဗ္ဗလောကဓာတ်“ (Cosmos) တစ်ခုလုံးသည်ပင်လျှင် “အလုံးစုံထာဝရ လိပ်ပြာတော်“ (Absolute Idea) ၏ “ကိုယ်ထင်ပြချက် (ဝါ) အသွင်သဏ္ဍာန်ဖော်ပြချက် (Phenomena)“ တစ်ခုမျှသာဖြစ်သည်ဆိုသော သဘောတရားတစ်ခုကို တွေ့ရမည် ဖြစ်သည်။

        “ အမှား“ ကို “အမှန်“ ထင်ခြင်းဆိုသည်မှာ ရှေးဟောင်းခေတ်နှင့် အလယ်ခေတ် အိန္ဒိယရိုးရာ ဒဿနဗေဒနှင့် ကိုးကွယ်မှုကျောင်းတော်များ၏ ဘုံအယူအဆအရ “လူဦးရေ အများစုအတွက် အခြေခံလူ့သဘာဝတစ်ခု“ (A Nature of the Majority of Human Population) မျှသာ ဖြစ်နေသည်။

     ဆင်ခြင်သိတရား၊ ဉာဏ်ပညာနှင့် တွေးခေါ်မှုသိပ္ပံပညာကို မနာလိုသူများနှင့် အမုန်းတရားပြင်းထန်သူများ၏ နှောင့်ယှက်မှုများထံမှ ကင်းလွတ်နိုင်ကြပါစေ။

Most Read

Most Recent