တရုတ်နိုင်ငံပိုင်မီဒီယာက လက်ရှိ ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားနှင့်သက်ဆိုင်သည့်သတင်းများကို ဖော်ပြနေသော်လည်း အခြားသူများအော်ချိန်၊ ပျော်ချိန် မအော်နိုင် မပျော်နိုင်ဖြစ်နေသည့် တရုတ်ပြည်သူများကမူ ကမ္ဘာ့ဖလားကာလကို စိတ်ပျက်ခြင်းများစွာဖြင့် ဖြတ်သန်းနေကြသည်။
ယခုနှစ် ကာတာဖီဖာကမ္ဘာ့ဖလားပွဲတွင် တရုတ်အသင်း မပါဝင်သည့်အပြင် ကာတာတွင် ကမ္ဘာ့ဖလားပရိသတ်များ နှာခေါင်းစည်းလွတ် သွားလာပျော်ပါးနေ သည့် ၊ စုဝေးစည်ကားနေသည့် မြင်ကွင်းများက ကမ္ဘာ့ဖလားပြိုင်ပွဲများကို လူစု မကြည့်ရန် ဟန့်တားခံထားရသည့် တရုတ်ပြည်သူများ အား ဒေါသထွက်စေသည်။
တရုတ်နိုင်ငံသည် ကိုဗစ်ဖြစ်သူတစ်ဦး တစ်လေတွေ့ရုံမျှဖြင့် ရပ်ကွက်၊ ဒေသတစ်ခုလုံးကို လော့ဒေါင်းချတတ်သည့် ဇီးရိုး-ကိုဗစ်ပေါ်လစီကို ကျင့်သုံးနေဆဲဖြစ်သည့်အတွက် နိုင်ငံ၏လက်ရှိမူများကို မကျေနပ်သည့် ပြည်သူအများစုက ကမ္ဘာ့ဖလားကို အကြောင်းပြုလာကြသည်။
တရုတ်နိုင်ငံသည် ခြောက်လအတွင်း အဆိုးဆုံးရောဂါကူးစက်ပျံ့နှံ့မှုဖြင့် ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်နှစ်ပတ်အတွင်း လော့ဒေါင်းကွက်ချမှုများ တိုးလာခဲ့သည်။
ဘောလုံးအားကစားသည် တရုတ်တွင် အလွန်ရေပန်းစားပြီး သမ္မတရှီကျင်းပင် ကိုယ်တိုင်လည်း အားကစားကို ချစ်မြတ်နိုးသူအဖြစ် လူသိများသည်။ ရှီက ကမ္ဘာ့ဖလား အနိုင်ရရန်အိပ်မက်ရှိကြောင်းကို ယခင်က ပြောဖူးသည်။
ကမ္ဘာ့ဖလားပွဲများကို နိုင်ငံပိုင်ရုပ်သံ CCTV မှ ထုတ်လွှင့်ပြသသည်နှင့်အပြိုင် ဂလိုဘယ်တိုင်းမ်စ်သတင်းစာကလည်း ဘတ်စ်ကားများ ၊ လေအေးပေးစနစ်များ၊ လူဆေးအားကစားရုံ အစရှိသည့် ကမ္ဘာ့ဖလား တွင် အသုံးပြုနေသည့်အရာများက တရုတ်နှင့် ပတ်သက်မှုမကင်း၊ တရုတ်ထုတ်ကုန်များ ဖြစ်သည်ကို ဖော်ပြခဲ့သည်။
လူဆေးအားကစားရုံသည် ကာတာနိုင်ငံတွင် အကြီးဆုံးအားကစားရုံဖြစ်ပြီး ကာတာဆောက်လုပ်ရေးကုမ္ပဏီ HBK Contractting နှင့် တရုတ်မီးရထားဆောက်လုပ်ရေးကော်ပိုရေးရှင်း (CRCC) တို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။
ထို့ပြင် တရုတ်ထိပ်တန်းမီဒီယာများက ဖွင့်ပွဲအခမ်းအနားမှ တရုတ်အလံကိုင်ဆောင်သူများကို ပြသကြေညာခဲ့ပြီး ကမ္ဘာ့ဖလား လာရောက်အားပေးသူများကို နှုတ်ဆက်ရန် ကာတာတွင် ပန်ဒါနှစ်ကောင် ရောက်နေသည့်အကြောင်းလည်း ကြေညာခဲ့သည်။
ထိုပန်ဒါနှစ်ကောင်ကို တရုတ်က ကမ္ဘာ့ဖလားမတိုင်မီ ကာတာကို လက်ဆောင် ပေးပို့ထားခြင်းဖြစ်ပြီး ယခင် တရုတ်နာမည်အစား အာရပ်နာမည်များလည်း မှည့်ပေးထားသည်။ တရုတ်သည် (နိုင်ငံကိုယ်စားပြု လာဘ်ကောင်ဟု ဆိုရမည့်) ပန်ဒါဝက်ဝံများကို သံတမန်လက်နက်သဖွယ် အသုံးချကာ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ ကို ပန်ဒါ လက်ဆောင်များ ပေးထားသည်။ အရှေ့အလယ်ပိုင်းတွင်မူ ကာတာက ပထမဆုံးပန်ဒါ လက်ဆောင်ရသည့် နိုင်ငံဖြစ်သည်။
■ ပွဲဖျက်ကိုဗစ်နှင့် ပြည်သူတို့၏ စိတ်ပျက်သံများ
ကိုဗစ်၏ ပွဲဖျက်မှုကြောင့် တရုတ်မြို့ကြီး များတွင် သိပ်အရေးမကြီးလှသည့်လုပ်ငန်းများ တစ်ဖန်ပြန်ပိတ်လိုက်ရပြီး မြို့ခံများအနေဖြင့် ၎င်းတို့၏လှုပ်ရှားသွားလာမှုကို လျှော့ရန် ညွှန်ကြားချက် ထွက်ထားသည်။
သွားစရာဘားဆိုင်များလည်း မရှိ။ ဂလိုဘယ်တိုင်းမ်စ် သတင်းစာဖော်ပြချက်အရ အချို့ဘောလုံးပရိသတ်များက နေအိမ်မှာပင် မိသားစုနှင့် ကမ္ဘာ့ဖလားကို အားပေးကြသည်။ လူကိုယ်တိုင်သွားရောက်အားပေးချင်သော်လည်း ကာတာနှင့်တရုတ်အကြား လေကြောင်းခရီးစဉ်များကို အတော်ပင်ကန့်သတ်ထားပြန်သည်။
တရုတ်နိုင်ငံ၏ မပြီးဆုံးနိုင်သည့် ဇီးရိုး-ကိုဗစ်( ကိုဗစ်ကင်းစင်ရေး) မူကို မေးခွန်းထုတ်ထားပြီး တရုတ်သည် ကာတာနှင့် တစ်ကမ္ဘာတည်းဟုတ်ရဲ့လားဟု မေးထားသည့် အိတ်ဖွင့်ပေးစာတစ်စောင် ပြီးခဲ့သည့်ရက်ပိုင်းက WeChat ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာသည်။
တရုတ်တွစ်တာဖြစ်သည့် ဝေပိုလူမှုကွန်ရက်ပေါ်တွင်လည်း ဘောလုံးပရိသတ် များ၏ ရင်ဖွင့်သံများ ဆူညံနေခဲ့ပြီး ယခုနှစ် ကမ္ဘာ့ဖလားကို ကြည့်ရသည်မှာ ၎င်းတို့ကို ကမ္ဘာခြားနေစေသည့်နှယ် ခံစားရစေသည်ဟု ပြောဆိုနေကြသည်။
“တချို့တွေက ကမ္ဘာ့ဖလားကို နှာခေါင်းစည်းတောင် မတပ်ဘဲ လူကိုယ်တိုင် ကြည့်နေကြတယ်။ တချို့များတော့ အိမ်မှာ အချုပ်တစ်လ မိနေတယ်” ဟု ကွမ်တုံးအခြေစိုက် ဝေပို အသုံးပြုသူတစ်ဦးက ရေးတင်ထားသည်။ ရှန်စီးပြည်နယ်မှ နောက်တစ်ဦးကလည်း ကမ္ဘာ့ဖလားသည် ပြည်ပမှ အခြေအနေအစစ်အမှန်ကို တရုတ်ပြည်သူများအား မြင်စေခဲ့သည်ဟု ဝေပိုတွင် ရေးခဲ့သည်။
စည်ကားနေသည့် ကမ္ဘာ့ဖလားမြင်ကွင်းများကိုကြည့်ပြီး အံ့သြကြသူများလည်း ရှိသည်။ နှာခေါင်းစည်းများလည်း မတပ်၊ လတ်တလောကိုဗစ်စစ်ဆေးထားသည့် အထောက်အထားပြရန်လည်းမလိုဘဲ လူသိန်း ချီစုဝေးနေကြသည်ကို မြင်ရသည်မှာ ထူးဆန်းသည်ဟု မြင်နေကြသည်။
“ကမ္ဘာတစ်ဖက်မှာ ကမ္ဘာ့ဖလားနဲ့ ပွဲတော်ကို ဖြစ်လို့၊ ဒါပေမဲ့ ကမ္ဘာနောက်တစ်ဖက်မှာတော့ လူများတဲ့နေရာတွေကို ငါးရက် မသွားရဆိုတဲ့ စည်းမျဉ်းတွေနဲ့” ဟုဆိုသည့် ခံပြင်းသူမျိုးလည်း ရှိသည်။
အချို့များလည်း ကမ္ဘာ့ဖလားပုံရိပ်များက မိမိတို့နိုင်ငံတွင် ကြုံတွေ့နေရသည်များနှင့် ဘာ့ကြောင့်ကွဲပြားလွန်းနေသည်ကို ၎င်းတို့၏ သားသမီးကလေးများအား ရှင်းပြရခက်သည်ဟု ဆိုကြသည်။
တစ်လနီးပါး ကြာမြင့်မည့် ဖီဖာကမ္ဘာ့ဖလားကြောင့် ကာတာသို့ ဧည့်သည် ၁.၂ သန်း ရောက်နေမည်ဟု ခန့်မှန်းရပြီး ပင်လယ်ကွေ့နိုင်ငံ ကာတာက ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲတစ်ခုကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရသည့် ပထမဆုံးအာရပ်နိုင်ငံဖြစ်လာသည်။
■ ထိန်းချုပ်မှုများကို ငြီးငွေ့လာ
တစ်ကျော့ပြန်ကိုဗစ်ကြောင့် အဓိက မြို့ကြီးများရှိ အစိုးရများက လူအစုလိုက် ဆေးစစ်မှုနှင့် အသွားအလာကန့်သတ်မှုများကို ပြန်လည်လုပ်ဆောင်လာပြီး ပြည်သူများ stay at home ကြိုးစားကြည့်ရန် ညွှန်ကြားထားသည်။ ကပ်ရောဂါထိန်းချုပ်တားဆီး ရေးအစီအမံများကို မပေါ့လျော့ကြရန်လည်း အမျိုးသားကျန်းမာရေးကော်မရှင်က သတိပေးထုတ်ပြန်ထားသည်။
ထိုသတိပေးချက်၊ စီမံညွှန်ကြားချက်များနှင့် သုံးနှစ်ဖြတ်သန်းလာပြီးသည့်နောက် ပြည်သူများ၏ငြီးငွေ့မှုက ပေါက်ကွဲထွက်လာပြီး ကွမ်ကျိုးနှင့်ကျန့်ကျိုး မြို့ကြီးနှစ်မြို့တွင် ပြီးခဲ့သည့်လက ဆန္ဒပြမှုများ ပေါ်ပေါက်လာတော့သည်။
■ စီးပွားရေးအပေါ်သက်ရောက်မှု
မကြာသေးမီလများအတွင်းက တရုတ် မြို့ကြီးအချို့တွင် လော့ဒေါင်းချမှုတစ်ပြိုင်တည်း ဖြစ်ခဲ့သည်။ ထိုအထဲတွင် လူဦးရေ ၁၇ သန်းခွဲ ရှိပြီး တရုတ်နည်းပညာကဏ္ဍ၏ ဗဟိုချက်ဖြစ်သည့် ရှင်းကျန့်မြို့နှင့် လူဦးရေ ၂၆ သန်းရှိပြီး ထုတ်လုပ်ရေး ၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးအခရာမြို့ဖြစ်သည့် ရှန်ဟိုင်းတို့လည်း ပါသည်။
လော့ဒေါင်းများကြောင့် စက်ရုံများ ၊ ဆိပ်ကမ်းများ ကာလရှည်ပိတ်ရသည့်အတွက် ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်မှုများ ထိခိုက်ခဲ့ရသည်။ ထို့ပြင် တရုတ်ထုတ်ကုန်များကို မှီခိုနေရသည့် ကျန်ကမ္ဘာ့နေရာများမှ လုပ်ငန်းများ ၊ သုံးစွဲသူများအတွက်လည်း ထိခိုက်မှုဖြစ်စေသည်။
လတ်တလောဥပမာပြရလျှင် ကျန့်ကျိုးမြို့ရှိ Foxconn စက်ရုံလော့ဒေါင်းချလိုက်မှုကြောင့် iPhone ထုတ်လုပ်မှုထိခိုက်ခဲ့ရပြီး ကမ္ဘာတစ်ဝန်း ၎င်းပစ္စည်းပြတ်သွားမည်ကို စိုးရိမ်နေကြသည်။
တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များကို ခြောက်လှန့်နေသည့် အဓိကအချက်များထဲမှ တစ်ခုဖြစ်ပြီး တရုတ်ရှိ ဥရောပကုန်သည်ကြီးများအသင်းက လော့ဒေါင်းများ ၊ မသေချာမရေရာမှုများကြောင့် ပြည်ပကုမ္ပဏီများအနေဖြင့် စိတ်ပျက်မှုပိုတိုးလာပြီး နိုင်ငံခြားသားအများစု ဥရောပကို ပြန်ရန် စဉ်းစားနေကြပြီဟု သတိပေးကြေညာထားသည်။










