ရေး မြို့မရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ရေး မြို့မရဲစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 23 November 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးလှဌေး အပါအဝင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် သုံး ဦးမှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၈ နာရီ ခန့်က ရေးမြို့၊ ရေး - ထားဝယ်ကားလမ်း စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ - ၁၉) အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

“မနက် ၈ နာရီလောက်မှာ စကခ - ၁၉ အနီးကနေ သေနတ်သံတွေကြားလိုက်ရတယ်။ သေနတ်သံတွေကြားရတော့ ကိုယ်တွေလည်း ပြေးကြရတာပေါ့။ နောက်မှ ရေးမြို့မရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ဦးစီးလာတဲ့ ကားကို လက်နက်ကိုင်တွေက သေနတ်နဲ့ဝိုင်းပစ်ကြတာလို့ သိရတယ်။ ရဲတပ်ဖွဲ့ဝင် သုံးဦးလုံး သေဆုံးသွားတယ်လို့ ကြားရပါတယ်။ ကားကိုလည်း မီးရှို့သွားတယ်လို့ကြားရတယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားအပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း နှင့် ရေးမြို့အဝင်အထွက်နေရာများတွင်လည်း လုံခြုံရေး တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ရေးမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ရေးမြို့မရဲစခန်းမှူးအပါအဝင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် (၃) ဦးကို အာရှလမ်းပေါ်တွင် ရှင်းပစ်ခဲ့ကြောင်း နှင့် ၎င်းတို့ထံမှ M-16 သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့မှ ၎င်းတို့ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ဖေါပြထားချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ရှိ ခေါဇာနယ်မြေရဲစခန်းမှ စခန်းမှူး နှင့် တပ်သားနှစ်ဦးတို့ စီးနင်းလာသည့် မော်တော်ယာဉ် အား ရေး - ခေါဇာလမ်းရှိ ကဗျာကြီးကျေးရွာတွင် ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခံရသည့်အတွက် ခေါဇာနယ်မြေရဲစခန်းမှူးအပါအဝင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် (၃) ဦးလုံး သေဆုံးခဲ့ကြောင်း နှင့် ၎င်းတို့ကိုင်ဆောင်ထားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့မှ အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ဖေါ်ပြထားချက်အရ သိရသည်။

ထို့အပြင် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ (၂၁) ရက် မွန်းလွဲပိုင်းကလည်း လမိုင်းနယ်မြေရဲစခန်းမှ နယ်ထိန်းဖြစ်သူ ဒုရဲအုပ်အောင်ကျော်မင်း ကိုလည်း လမိုင်း - ကော့ဒွတ်လမ်းတွင် ရေးဘီလူးအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်အောင်ကျော်မင်း မှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်အတွင်း ပေါက်ကွဲမှုများ၊ ပစ်ခတ်မှုများမကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ ထို့အပြင် ရဲစခန်းများ၊ လုံခြုံရေးဂိတ်များနှင့် ဌာနဆိုင်ရာရုံးများမှာလည်း မကြာခဏတိုက်ခိုက်ခံရလေ့ရှိကြောင်း၊ ထို့အတွက်ကြောင့် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် နယ်နိမတ်အတွင်း ည (၈) နာရီမှ နောက်တစ်နေ့နံနက် (၄) နာရီအထိမည်သည့်ယာဉ်၊ လူများမဆို ဖြတ်သန်းသွားလာခြင်းမပြုသည့် ညမထွက်ရအမိန့် နှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်ပြီး ဒေသန္တရ အမိန့်အား ဩဂုတ်လ (၅) ရက်က သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရေးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများတည်ရှိရာ လမ်းများကိုလည်း ခွင့်ပြုထားသည့် ယာဉ်နှင့် လူမှအပ အခြားမည်သည့်ယာဉ်နှင့် လူများ ဖြတ်သန်းသွားလာခြင်း လုံးဝ (လုံးဝ) မပြုရန် အဆိုပါ ဒေသန္တရအမိန့်ထုတ်ပြန်ကာ တားမြစ်ထားကြောင်း သိရသည်။