နှစ်စဉ်ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံ၏ နောက်ဆုံးနာရီများသည် တရွေ့ရွေ့ကုန်ဆုံးလာခိုက် ရှမ်အယ်လ်ရှိတ်ညီလာခံကျင်းပရာနေရာက မြင်ကွင်းများသည်ကား ဟန်ပြသဘောဖြစ်လာပုံရသည်။
ကမ္ဘာ၏ ဆုံးဖြတ်ချက်ချမှတ်သူများသည် တံခါးပိတ်ထားသည့် မျက်နှာစုံညီအစည်းအဝေးခန်းများထဲတွင် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးကိစ္စကို အလေးထားဆွေးနွေးနေခြင်းနှင့်အတူ ၎င်းတို့ပတ်ပတ်လည်ရှိ အရာများသည်ကား လျင်မြန်သောနှုန်းဖြင့် ဖြိုဖျက်ခံနေရပါသည်။
စားနပ်ရိက္ခာထောက်ပ့ံမှုများနှင့် အီဂျစ်ကန္တာရထဲတွင် ကျင်းပသော ရာသီဥတုထိပ်သီးညီလာခံသို့ တက်ရောက်ကြသော သောင်းနှင့်ချီသည့် လူများကဲ့သို့ပင် ယာယီနားခိုစရာတို့သည်လည်း စတင်ပျောက်ကွယ်လာသည်။
နောက်ဆုံးတွင် နိုဝင်ဘာ ၂၀ ရက် နံနက်ခင်း နေမထွက်မီကလေးမှာပင် သမိုင်းဝင်သဘောတူညီချက်တစ်ခုကို ရရှိလိုက်သည်။ COP 27 ထိပ်သီးတွင်အဓိကဆွေးနွေးခဲ့သောအကြောင်းအရာဖြစ်သည့် ထိခိုက်ဆုံးရှုံးမှုနှင့်ပတ်သက်၍ သဘောတူညီချက်ရလိုက်ခြင်းဖြစ်ပါသည်။ ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုက ဖွံ့ဖြိုးဆဲနိုင်ငံများကို ထိခိုက်စေသည့်အတွက် ယင်းနိုင်ငံများအနေအတွက် ရန်ပုံငွေတစ်ရပ်ထူထောင်ရန် သဘောတူခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည်ကား ရာသီဥတုပြောင်းလဲသွားအောင် လုပ်ဆောင်သောနိ်ုင်ငံများ မဟုတ်ချေ။ ထို့အပြင် ထိုနိုင်ငံများသည် ရာသီဥတုပြောင်းလဲမှုကိုနေသားတကျဖြစ်အောင်လုပ်ဆောင်နိုင်သည့်နိုင်ငံများလည်း မဟုတ်ကြပေ။ ထို့ကြောင့် ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရန်ပုံငွေတစ်ရပ်ထူထောင်လိုက်ခြင်းကို ချီးကျူးဂုဏ်ပြုလျက်ရှိသည်။
သို့ရာတွင် လူသားတို့၏အနာဂတ်အတွက် အရေးပါသည့် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးရာ၌ ထင်သာမြင်သာရှိသည့် တိုးတက်မှုအနည်းငယ်သာ ရပါသေးသည်။
■အဖြေမရှိသော မေးခွန်းများ
အခက်ခဲဆုံးနှင့် အခြေခံအကျဆုံးမေးခွန်းများကိုကား COP 27 ထိပ်သီးတွင် လုံးဝအဖြေရှာမတွေ့ခဲ့ပါ။ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီယက်ဆိုသည့် ရာသီဥတုရည်မှန်းချက်သည် အသက်ဝင်နေဆဲလော။ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို စက်မှုခေတ်ဦးအဆင့်တွင်ရှိခဲ့သော အပူချိန်၏အထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီယက်အတွင်း ထိန်းထားရေးရည်မှန်းချက်ကို အားနည်းသောနိုင်ငံအများစု၏ အလားအလာရှိသော အနာဂတ်အတွက် အနီရောင်မျဉ်းအဖြစ် ရှုမြင်ထားကြသည်။
COP 27 တွင် နိုင်ငံအများအပြားအလေးထားထားသည့်ကိစ္စမှာ ဂလက်စဂိုတွင် ရရှိခဲ့သောသဘော တူညီချက်များမှ နောက်ပြန်ဆုတ်သွားခြင်း မရှိအောင် လုပ်ဆောင်ရေးဆိုသည့်ကိစ္စဖြစ်သည်။ သို့ရာတွင် လျော့ပါးသက်သာရေးနှင့်စပ်လျဉ်း၍အီဂျစ်ထိပ်သီး၌ ပြန်လည်မွမ်းမံထားသော ကတိကဝတ်များမှာ ရှားရှားပါးပါးဖြစ်နေပြီး ကျောက်မီးသွေးအသုံးပြုမှု ထပ်မံလျှော့ချရေးကိုလိုက်နာရန်နှင့် ပြန်လည်ပြည့်ဖြိုးစွမ်းအင်များ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာစေရန်အတွက် ကတိကဝတ်များမှာ နောက်ဆုံးထုတ်ပြန်သော ထုတ်ပြန်ချက်စာသားတွင် အာနိသင်လျော့နည်းနေသည်။
ဥရောပသမဂ္ဂ (အီးယူ)က အမြင့်ဆုံး ကာဗွန်ထုတ်လွှတ်မှုများအတွက် ၂၀၂၅ ခုနှစ် ရည်မှန်းများကိုထည့်သွင်းရန် တွန်းတွန်းတိုက်တိုက်လုပ်ဆောင်ခဲ့သည်ဆိုသော်လည်း ထိုရည်မှန်းချက်မှာ ဆက်လက်ဆွေးနွေးရမည့် ကိစ္စအဖြစ်ရှိနေသည်။ အီးယူက ဤကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲမှ ထွက်ခွာမည်ဟု ခြိမ်းခြောက်ခဲ့သည်။ COP 27 ရာသီဥတုဆွေးနွေးပွဲမှ အီးယူထွက်ခွာမှုကို ရှောင်ရှားခဲ့သည်ဆိုသော်လည်း အရေးပါသည့်ကိစ္စများကို လုပ်ဆောင်ရမည့် ဤဆယ်စုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှုများ ယခင်ကထက် ပိုနှေးကွေးသွားသော်ငြားလည်း ကာဗွန်ထုတ်လွှတ်မှုများသည် ဆက်လက်မြင့်တက်နေဆဲပင်ဖြစ်ပါသည်။
ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနှင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ် အောင်ဆောင်ရွက်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာဘီလျံ ၁၀၀ ပေးရန် ၂၀၀၉ ခုနှစ်တုန်းက သဘောတူခဲ့သည်။ သဘောတူထားသောငွေများကို ပေးခြင်းမရှိပေ။ ထိုကိစ္စကို ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး ပြန်လည်ဆွေးနွေးရန် လိုအပ်ပါလိမ့်မည်။
ထိခိုက်ဆုံံးရှုံးမှုနှင့်ပတ်သက်၍ ရန်ပုံငွေပေးအပ်ရန်ထူးထူးခြားခြားသဘောတူညီချက်ရရှိထားသည်ဆိုသော်လည်း ထိုငွေများကို မည်သူကပေးမည်၊ မည်သည့်အချိန်တွင် ပေးမည်၊ မည်သူ့ကို ပေးမည်ဆိုသည့်ကိစ္စများကို တိကျစွာ သတ်မှတ်ထားခြင်း မရှိပေ။
■မပြည့်သော ကတိများ
ယင်းသဘောတူညီချက်သည် ကမ္ဘာ့တောင်နှင့်မြောက်တို့၏ ဆက်ဆံရေးကို ပြန်လည်ပုံဖော်ရန် အလားအလာရှိသည့် သဘောတူညီချက်ဖြစ်သည်ဆိုသော်လည်း လတ်တလောဖြစ်ပေါ်နေသည့်အရာမှာ ရေမပါသောပုံးနှင့်ဆင်တူနေခြင်းပင်ဖြစ်သည်။ ထည့်စရာပုံးကြီးဖြစ်လာအောင် ခက်ခက်ခဲခဲကြိုးပမ်းထားရသည်ဆိုသော်လည်း လက်ရှိအချိန်ထိ ထိုပုံးထဲကို ရေဖြည့်မည့်သူမရှိ။
လာမည့်လများတွင် ထိုကိစ္စကို ဖြေရှင်းကြရမည်ဟုယူဆရသော်လည်း ယခင်ကပေးထားသော ကတိများ မပြည့်သေးခြင်းကြောင့် ချမ်းသာသောနိုင်ငံများနှင့် ဆင်းရဲသောနိုင်ငံများ၏ ထင်သာမြင်သာ သဘောထားကွဲမှု များသည်ကား ပိုမိုနက်ရှိုင်းလာသည်။
ရန်ပုံငွေထည့်ဝင်မည်ဟု တရုတ်က ပွင့်ပွင့်လင်းလင်းအရိပ်အယောင်ပြခဲ့ရာ ထိခိုက်ဆုံးရှုံးမှုရန်ပုံငွေဟူသော အယူအဆအတွက် အရှိန်အဟုန်ဖြစ်လာစေနိုင်သည်။ COP 27 ကျင်းပနေချိန် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေးအဆင်ပြေလာခြင်းက အလွန်အမင်းလိုအပ်နေသော ပူးပေါင်းဆောင်ရွက်မှုအတွက် အားတက်စရာအနေအထားဖြစ်သည်။
လူးဝစ်အင်နာစီယိုဒါဆေးလ်ဗား သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက် ရာသီဥတုတိုက်ဖျက်ရေးတွင် တက်တက်ကြွကြွလုပ်ဆောင်နေသောမိတ်ဖက်အဖြစ် ဘရာဇီးနိုင်ငံပြန်လည်ပေါ်ထွက်လာခြင်းက ၂၀၂၃ ခုနှစ်အတွင်းတွင် ပိုမိုတိုးတက်မှုအတွက် မျှော်လင့်ချက်ဖြစ်လာသည်။
အာရှခေါင်းဆောင်များသည် ရာသီဥတုညီလာခံတွင် လုံးလုံးပျောက်နေခဲ့သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အကြီးအကဲများလည်း တက်ရောက်ခြင်းမရှိပေ။ ဂျပန်၊ တရုတ်၊ အိန္ဒိယသို့မဟုတ် တောင်ကိုရီးယားတို့၏ နိုင်ငံတော်အကြီးအကဲများလည်း တက်ရောက်ခြင်းမရှိပေ။ အရှေ့တောင်အာရှအသိုက်အဝန်း၏လိုအပ်ချက်များ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ရန်ပုံငွေလိုအပ်ချက်များသည်ကား သိသာပေါ်လွင်နေဆဲဖြစ်သည်။
အင်ဒိုနီးရှားသည် ၎င်း၏မြေယာအသုံးပြုမှုကိစ္စနှင့်စပ်လျဉ်း၍ ခိုင်မာသောတိုးတက်မှုရအောင်လုပ်ဆောင်ခဲ့ပြီး ကျောက်မီးသွေးလျှော့ချရေးကိုလည်း ခိုင်မာသောအဆင့်များ ချမှတ်ခဲ့သည်။ အင်ဒိုနီးရှားစီးပွားရေးကို ပြန်လည်ပြည့်ဖြိုးစွမ်းအင်လောင်စာသို့ ကူးပြောင်းရေးအတွက် အမေရိကန်၊ ဂျပန်၊ ပုဂ္ဂလိကဘဏ္ဍာရေးမိတ်ဖက်လုပ်ငန်းတို့နှင့် အမေရိကန်ဒေါ်လာဘီလျံ ၂၀ ရှိသော သဘောတူညီချက်အသစ်ကိုရရှိခဲ့ပြီးနောက် အင်ဒိုနီးရှားက အထက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
COP 27 နှင့်စပ်လျဉ်း၍ ခက်ခဲသောအခြေအနေများနှင့် စေ့စပ်ဆွေးနွေးမှုများကို သက်ရောက်မှုရှိသော ကမ္ဘာ့အကျပ်အတည်းမျိုးစုံရှိနေသည်ဟု အသိအမှတ်ပြုထားသော စင်ကာပူနိုင်ငံကလည်း မိတ်ဖက်များအား ကောင်းစေရန်နှင့် အရေးပါသော ပုဂ္ဂလိကကဏ္ဍ ရာသီဥတုရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်သည့်နိုင်ငံဖြစ်လာစေရန် ယင်းထိပ်သီးဆွေးနွေးပွဲကို အသုံးပြုခဲ့သည်။
“ကျွန်တော်တို့က ပေးလာတဲ့အခြေအနေတွေကို ရအောင်လုပ်နိုင်သလောက် ရလဒ်ကောင်းကို လည်းရခဲ့ပါတယ်” ဟု COP 27 ပိတ်ပွဲတွင် စင်ကာပူသဘာဝပတ်ဝန်းကျင်ဝန်းသိမ်းရေးဝန်ကြီး ဂရေ့ဖူက ပြောကြားခဲ့သည်။
■ COP 28 အတွက် ဖိအား
COP 28 အတွက် ဖိအားတိုးလာနေသည်။ အကျပ်ရိုက်သော ဆုံးဖြတ်ချက်များကို ချမှတ်ရန် ပျက်ကွက်မှုက ယခုအခါ ပြဿနာတစ်ရပ်ဖြစ်လာစေမည်ဖြစ်ပါသည်။ ထိခိုက်ဆုံးရှုံးမှုရည်မှန်းချက်များ၊ တောပြုန်းမှုရည်မှန်းချက်များအပါအဝင် ၂၀၂၃ ခုနှစ် ဒူဘိုင်းတွင်ပြုလုပ်မည့် COP 28 ထိပ်သီးဆွေးနွေးပွဲတွင် ချမှတ်ရမည့်ကိစ္စများ၌ တိုးတက်မှုအမျိုးမျိုးရှိလာပါလိမ့်မည်။
ထို့ကြောင့် COP 28 ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူအေအီးမှာ အီဂျစ်တွင် ကျင်းပခဲ့သော COP 27 ထိပ်သီးမှာကဲ့သို့ပင် ရေနံတင်ပို့နိုင်ငံအဖြစ် စေ့စပ်ဆွေးနွေးရသောနိုင်ငံဖြစ်လာမည်ဖြစ်သည်။
COP 27 ၏ အဖွင့်ပွဲမိန့်ခွန်းတွင် ယူအေအီးသမ္မတမိုဟာမက်ဘင်ဇာယက်အယ်လ်နာယန်က ကာဗွန်ထုတ်လွှတ်မှုနည်းသော ရေနံ၏ကောင်းကျိုးများကို ပြောခဲ့ခြင်းက COP 28 တွင် အလားတူရေနံလုပ်ငန်းကို ကာကွယ်ပြောဆိုမည့်နိမိတ်ကို ပြနေသလိုရှိသည်။ COP 27 တွင် အီဂျစ်သည် ရေနံလုပ်ငန်းကို အကာအကွယ်ပေးသည့်သဘောထားကို ပြသခဲ့သည်ဟု စွပ်စွဲခံရသည်။
ကာဗွန်ထုတ်လွှတ်မှုလျော့နည်းရေးဆို သောစာသားသည် နောက်ဆုံးစာပိုဒ်ထဲ ခိုးကြောင်ခိုးဝှက်ပါလာရာ စွမ်းအင်အရင်းအမြစ်အဖြစ် သဘာဝဓာတ်ငွေ့ကို မှီခိုခြင်းနှင့် သဘာဝဓာတ်ငွေ့ကို ထပ်မံဖွံ့ဖြိုးအောင်လုပ်ဆောင်ခြင်းတို့ကို နေရာပေးလိုက်ခြင်းပင်ဖြစ်သည်။ အီးယူအနေဖြင့်လည်း ထိခိုက်ဆုံးရှုံးမှုအတွက်ရန်ပုံငွေပေးမည်ဆိုသော်လည်း အပြန်အလှန်အားဖြင့် ရေနံစသောရုပ်ကြွင်း လောင်စာများအသုံးပြုခြင်းကို တိုက်ဖျက်ရန်ကိစ္စအား ဆက်လက်ဆောင်ရွက်သွားလိမ့်မည်ဖြစ်သည်။
အများစုက အီဂျစ်တွင် မျှော်လင့်ထားသည့်အတိုင်း ရည်မှန်းချက်တဖြည်းဖြည်းတိုးမြှင့်သည့်ကိစ္စသည် အကောင်အထည်ပေါ်မလာခဲ့ပေ။ မြင်းအရောင်းအဝယ်လုပ်ခြင်းလို အလျှော့အတင်းလုပ်၍ စေ့စပ်ဆွေးနွေးမှုသည်အီဂျစ်ထိပ်သီးအစည်းအဝေးမှသည်က ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် ဒူဘိုင်း၌ ပြုလုပ်မည့်ထိပ်သီးအစည်းအဝေးအထိ ရပ်တန့်လိမ့်မည်မဟုတ်ပါ။
အကယ်၍ ၂၀၂၃ ခုနှစ်သည် ၂၀၂၂ ခုနှစ်ကဲ့သို့ ရာသီဥတုကြောင့်ဖြစ်ပေါ်သော ဘေးအန္တရာယ်များ ဖြစ်လာမည်ဆိုပါက နောင်အခါ ကမ္ဘာက ရလဒ်စစ်စစ်များကို ကျယ်ကျယ်လောင်လောင်တောင်းဆိုလာပါလိမ့်မည်။
Ref:CAN










